DVB Logo
Home
မြန်မာသတင်း
မိုခါမုန်တိုင်းဘေးကူညီရန် မြန်မာကို အမေရိကန်က ဒေါ်လာ ၂ သိန်း ပေးအပ်မည်
DVB
·
May 17, 2023
မိုခါမုန်တိုင်းဘေးကူညီရန် မြန်မာကို အမေရိကန်က ဒေါ်လာ ၂ သိန်း ပေးအပ်မည်
1 / 7
Donate to DVB

မိုခါ ဆိုင်ကလုန်းမုန်တိုင်းဘေး ကူညီကယ်ဆယ်ရေးလှုပ်ရှားမှုတွေကို ကူညီပံ့ပိုးဖို့ ကနဦးအနေနဲ့ အမေရိကန်ဒေါ်လာ ၂၀၀,၀၀၀ ကို အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတဆင့် အမေရိကန်ပြည်ထောင်စုက ပေးအပ်သွားမယ်လို့ ရန်ကုန်ရှိ အမေရိကန်သံရုံးက  မေလ ၁၇ ရက် ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ 

မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုအမြောက်အမြားရှိတာကို  ကြားသိရပြီး ပျက်စီးဆုံးရှုံးမှုတွေနဲ့ ကြုံနေရတဲ့  မြန်မာပြည်သူတွေနဲ့အတူ မိမိတို့ ပူဆွေးသောကရောက်ရပြီး လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေးအားထုတ်မှုတွေကို ပံ့ပိုးကူညီနိုင်ဖို့ အလျင်အမြန်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အခုပေးအပ်လှူဒါန်းတဲ့ ဒေါ်လာ ၂ သိန်းဟာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ အပူတပြင်းလိုအပ်နေတဲ့ နားခိုစရာ၊ ရေရရှိရေး၊ ပတ်ဝန်းကျင်နဲ့ တကိုယ်ရေသန့်ရှင်းရေးအထောက်အကူပစ္စည်းတွေအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

ဆိုက်ကလုန်းမိုခါ ကုန်းတွင်းပိုင်းသို့ မဝင်ရောက်မီ​ ရက်ပိုင်းအတွင်းကပင် အမေရိကန်အစိုးရရဲ့ မိတ်ဖက်တွေက အရေးပေါ်စားနပ်ရိက္ခာ၊ အမိုးအကာပစ္စည်း၊ ကယ်ဆယ်ရေးပစ္စည်းနဲ့ ဆေးဝါးတွေကို ကြိုတင်နေရာရွှေ့ပြောင်းခြင်းအပါအဝင် လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန် ဆောင်ရွက်မှုလုပ်ငန်းစဉ်တွေကို အသင့်ပြင်ဆင်ထားခဲ့တယ်လို့ အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။

မုန်တိုင်းဘေး ထိခိုက်မှုနဲ့ ဦးစားပေးလိုအပ်ချက်တွေကို သုံးသပ်နိုင်ဖို့ အမေရိကန်အစိုးဟာ မြေပြင်မှ မိတ်ဖက်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ထောက်ပံ့မှုအများဆုံးလိုအပ်နေတဲ့ လူ့အသိုက်အဝန်းတွေကို လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းတွေ အလွယ်တကူရောက်ရှိနိုင်ရန်နဲ့ အကူအညီပေးနိုင်ရေး အရေးပါပြီး မကြာခင်ကာလမှာ မုန်တိုင်းဘေးသင့်သူများကို ဆက်လက်ကူညီသွားဖို့ အမေရိကန်က သန္နိဋ္ဌာန်ချထားတယ်လို့ သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပါအဝင် လူ အယောက် ၂၀ နဲ့ ဧရာဝတီတိုင်းမှာ တယောက်၊ စုစုပေါင်း  ဒေသခံပြည်သူ ၂၁ ယောက် သေဆုံးတယ်လို့  စစ်ကောင်စီက သတင်းထုတ်ပါတယ်။ 

ဒါ့အပြင်မုန်တိုင်းကြောင့် မြန်မာနိုင်ငံ ပြည်နယ်နဲ့တိုင်းတွေမှာရှိတဲ့ ရပ်ကွက်နဲ့ ကျေးရွာပေါင်း ၇၆၉ ခုမှာ လူနေအိမ်ပေါင်း ၁၁၅၃၂ လုံး ၊ သာသနိက အဆောက်အဦ ၇၃ လုံး၊ ဘုန်းကြီးကျောင်း ၄၇ ကျောင်း၊ စာသင်ကျောင်း ၁၆၃ ကျောင်း၊ ဆေးရုံ ဆေးခန်း ၂၉ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁၁ ခု၊ ဈေး၊ လေဆိပ်နဲ့ ဌာနဆိုင်ရာ အဆောက်အဦ ၁၁၂ လုံးပျက်စီးသွားတယ်လို့ဆိုပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူပေါင်းညှိနှိုင်းရေးမှူးရုံး (UNOCHA) ကတော့ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဖြတ်သန်းရာ လမ်းကြောင်းတလျှောက် မုန်တိုင်းဒဏ်သင့် ပြည်သူ ၅ ဒသမ ၄ သန်းနီးပါး ရှိနိုင်တယ်လို့  ခန့်မှန်းထားပါတယ်။

NUG အစိုးရကတော့ မုန်တိုင်းအရေးပေါ်တုံ့ပြန်ရေး ရန်ပုံငွေ ကန်ဒေါ်လာ ၁ သန်း ပံ့ပိုးသွားမှာ ဖြစ်တယ်လို့ ကနဦးထုတ်ပြန်ထားကာ လက်ရှိအချိန်ထိ ဘယ်နိုင်ငံတကာ အဖွဲ့အစည်းကမှ ကူညီထောက်ပံ့မှုတွေ မရှိသေးတာကြောင့် မုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ အများဆုံး ဖြစ်ပေါ်ခဲ့တဲ့ ဒေသတွေဖြစ်တဲ့ ရခိုင်၊ စစ်ကိုင်း၊ မကွေးနဲ့ ချင်းစတဲ့ တိုင်းနဲ့ ပြည်နယ်တွေကို ထောက်ပံ့ကူညီမှုတွေ အရေးပေါ်လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ပြောထားပါတယ်။

ဒါ့အပြင် အင်အားပြင်း မိုခါ ဆိုင်ကလုန်းမုန်တိုင်းနဲ့ ဆက်စပ်တဲ့ နောက်ဆက်တွဲ ဖြစ်စဉ်တွေကြောင့် တိုင်းနဲ့ပြည်နယ် ၇ ခုမှာ သေဆုံးသူ စုစုပေါင်း ၄၃၅ ယောက်ထိ ရှိလာပြီး ပျောက်ဆုံးနေသူတွေလည်း ရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။

မေ ၁၆ ရက်အထိ နောက်ဆုံးရရှိထားခဲ့တဲ့ စာရင်းတွေအရ NUG အစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ “မိုခါဆိုင်ကလုန်း အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေ အစီရင်ခံစာ” ထဲမှာ ခုလိုဖော်ပြလိုက်တာဖြစ်ပါတယ်။

NUG အစိုးရအနေနဲ့ မုန်တိုင်းကြောင့် ဆက်သွယ်ရေး ပြတ်တောက်နေတဲ့ ဒေသတွေက အပျက်အစီး စာရင်းကောက်ယူမှုတွေကို ဆက်လက်ဆောင်ရွက်နေပြီး သေဆုံးသူစာရင်းတွေ ထပ်မံပြီးတော့ တိုးလာနိုင်ခြေရှိတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013