DVB Logo
Home
Lead Story
အရူးချေးပန်းတာခံရတဲ့ စက္ကူကျား အာဆီယံနဲ့ သင်္ကြန်အမြောက် ယူအန်
DVB
·
May 17, 2023
အရူးချေးပန်းတာခံရတဲ့ စက္ကူကျား အာဆီယံနဲ့ သင်္ကြန်အမြောက် ယူအန်
Donate to DVB

အာဆီယံအသင်းကြီးဆိုတာ အရှေ့တောင်အာရှဒေသက ကျား ၄ ကောင်လို့ ခေါ်ကြတဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနိုင်ငံတို့နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ ၁၉၆၇ ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှာ လက်မှတ်ရေးထိုးပြီး ဖွဲ့စည်းခဲ့တဲ့ ဒေသတွင်းအဖွဲ့အစည်းတခု ဖြစ်ပါတယ်။ အဖွဲ့ဝင်နိုင်ငံအားလုံး‌ပေါင်းမှာ လူဦးရေ သန်း ၅၀၀ ကျော်ရှိပြီး နယ်မြေအကျယ်အဝန်းဟာ စတုရန်းကီလိုမီတာ ၄ ဒသမ ၅ သန်း ရှိပါတယ်။

အာဆီယံအသင်းကို ဘရူနိုင်းနိုင်ငံက ၁၉၈၄ ခုနှစ်မှာ ဝင်ရောက်ခဲ့သလို ဗီယက်နမ်က ၁၉၉၅ ခုနှစ်၊ မြန်မာနဲ့ လာအိုက ၁၉၉၇ ခုနှစ်နဲ့ နောက်ဆုံး ကမ္ဘောဒီးယားက ၁၉၉၉ ခုနှစ်မှာ ဝင်ရောက်လာခဲ့တာမို့ အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ဒေသတွင်း စုစုပေါင်း ထုတ်ကုန်ပမာဏ အမေရိကန်ဒေါ်လာ ၇၀၀ ဘီလီယံနဲ့ အဖွဲ့ရဲ့ ကုန်သွယ်မှုပမာဏ ၈၅၀ ဘီလီယံ ရှိပါတယ်။

အာဆီယံဟာ အဖွဲ့ဝင်နိုင်ငံများအကြားမှာ စီးပွားရေး၊ နိုင်ငံရေးနဲ့ လူမှုရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးဖို့ ရည်ရွယ်ချက်နဲ့ ဖွဲစည်းခဲ့တာဖြစ်ပေမဲ့ စီးပွားရေးအရသာ ပူးပေါင်းနိုင်ခဲ့ပြီး ကျန်တဲ့အပိုင်းတွေဖြစ်တဲ့ နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေမှာ စက္ကူကျားအဖြစ် ကမ္ဘာ့အလယ်မှာ အရှက်ကွဲနေရပါတယ်။

အာဆီယံအသင်းကြီးရဲ့ ဂုဏ်သိက္ခာနဲ့ အရှက်ကို ကမ္ဘာ့အလယ်မှာ စိမ်ပြေနပြေ ချနင်းနေတဲ့ နိုင်ငံကတော့ သမ္မတရူး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အာဏာလု ဓားပြဂိုဏ်း အုပ်စီးဗိုလ်ကျတာ ခံနေရတဲ့ မြန်မာနိုင်ငံ ဖြစ်ပါတယ်။ ပထမဆုံး နားရွက်တံတွေးစွတ်သလို စိန်ခေါ် အရှက်ခွဲတာကတော့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်က ပြုလုပ်တဲ့ အာဆီယံရဲ့ မြန်မာ့အရေး အရေးပေါ်အစည်းအဝေးကနေ အောက်ပါ ဘုံသဘောတူညီချက် ၅ ချက် ထုတ်ပြန်တောင်းဆိုခဲ့တာကို ၂ နှစ်ကျော် ကြာခဲ့တာတောင် တချက်လေးမှ ဂရုမစိုက် မလိုက်လျောခဲ့တာဘဲ ဖြစ်ပါတယ်။

အဲဒါအပြင် အာဆီယံအဖွဲ့ဟာ မြန်မာစစ်ခေါင်းဆောင်တွေအနေနဲ့ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ NUG အပါအဝင် သက်ဆိုင်သူအားလုံး (Stakeholders) ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ အမြန်ဆုံးစဖို့၊ နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်းပြန်လွှတ်ဖို့နဲ့ အာဆီယံရဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ဝင်ခွင့်ပြုဖို့… စတာတွေ တောင်းဆိုထားတာ ကြာခဲ့ပေမဲ့ ပမာမခန့် လျစ်လျူရှုထားခဲ့ပါတယ်။

အခုနောက်ဆုံး အာဆီယံမျက်နှာကို အရူးက ချေးနဲ့ပန်းတာ ခံရသလို ဖြစ်ပွားတဲ့ ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့က အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးရုံးရဲ့ ညှိနှိုင်းမှုအတွက် အင်ဒိုနီးရှားနဲ့ စင်ကာပူ အာဆီယံသံတမန်တွေ လိုက်ပါလာတဲ့ ယာဥ်တန်းဟာ ဆီဆိုင်မြို့နယ်ထဲက စစ်ရှောင်အချို့နဲ့ တွေ့ဆုံဖို့အသွား ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ရုံးမှာ စစ်ရှောင်တွေကို ထောက်ပံ့ရေးပစ္စည်းတွေပေးပြီး တွေ့ဆုံစကားပြောဖို့အသွား သူတို့ရဲ့ယာဥ်တန်းဟာ ပစ်ခတ်တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။

ဒါတွေကိုကြည့်လိုက်ရင် တရုတ်၊ ရုရှား အားကိုးရထားတဲ့ အာဏာလုစစ်ဓားပြဂိုဏ်းရဲ့ မျက်စိမှာ အာဆီယံအဖွဲ့ဆိုတာ ဂရုစိုက်စရာမလိုတဲ့ စက္ကူကျားရုပ်တရုပ်သာ ဖြစ်တယ် ဆိုတာပါပဲ။ အဲဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းခံကတော့ အာဆီယံအဖွဲ့ကြီးမှာ အဖွဲ့ရဲ့ ကျင့်ဝတ်စည်းကမ်းတွေကို မလိုက်နာတဲ့ အဖွဲ့ဝင်တွေအပေါ် အရေးယူ အပြစ်ပေးဆုံးမမယ့် မူဘောင်နဲ့ အုပ်ချုပ်ပုံယန္တရား မရှိတာကြောင့်ဘဲ ဖြစ်ပါတယ်။

အာဆီယံအဖွဲ့ဟာ ဥရောပသမဂ္ဂလို အခြားသော ဒေသဆိုင်ရာ အဖွဲ့အစည်းတွေနဲ့မတူဘဲ စည်းကမ်းပိုင်းဆိုင်ရာ မလိုက်နာတဲ့ အဖွဲ့ဝင်တွေကို အရေးယူနိုင်မယ့် လုပ်ထုံးလုပ်နည်းတွေ၊ အမိန့်အာဏာတွေကို ပြဋ္ဌာန်းထားမှုမရှိတဲ့အပြင် စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့လည်း မရှိပါဘူး။ တနည်းအားဖြင့်ပြောရရင် အကြောက်တရားနဲ့သာ နာခံတတ်တဲ့ စစ်အာဏာရှင်တွေအတွက် ကြောက်ရွံ့လေးစားစရာမလိုတဲ့ စက္ကူကျားရုပ်ပမာ ဖြစ်နေတာမို့ သမ္မတရူး မင်းအောင်လှိုင်တို့ရဲ့ အရူးချေးပန်း စော်ကားတာကို ခံရတာပဲ ဖြစ်ပါတယ်။

အဖွဲ့ဝင်နိုင်ငံ‌တွေကြား အငြင်းပွားမှု၊ ပဋိပက္ခတွေ ပေါ်ပေါက်လာတဲ့အခါမှာ အာဆီယံဟာ စေ့စပ်ညှိနှိုင်းရေး၊ ဖျန်ဖြေရေးနဲ့ သဘောတူညီမှု တည်ဆောက်မှု‌တွေကတဆင့် ငြိမ်းချမ်းစွာ ဖြေရှင်းရေးကိုသာ ဖျောင်းဖျပေးပါတယ်။ အဖွဲ့အစည်းအတွင်း ဆွေးနွေးညှိနှိုင်းမှုတွေကို လွယ်ကူချောမွေ့စေအောင်၊ အဖွဲ့ဝင်နိုင်ငံတွေအတွက် စိုးရိမ်စရာပြဿနာတွေကို ဆွေးနွေးဖြေရှင်းနိုင်‌အောင် ပလက်ဖောင်းတခု ထောက်ပံ့ပေးထားပါတယ်။

အာဆီယံတွင်း ပဋိပက္ခဖြေရှင်းရေးနဲ့ အငြင်းပွားမှုဖြေရှင်းဖို့အတွက် အာဆီယံ နိုင်ငံရေး-လုံခြုံရေး အသိုက်အဝန်း (APSC) နဲ့ အာဆီယံဝန်ကြီးများအစည်းအဝေး (AMM) တွေတော့ ပုံမှန်ကျင်းပပါတယ်။ ဒါပေမဲ့ အာဆီယံရဲ့ ချဉ်းကပ်မှုဟာ တခြားနိုင်ငံ ပြည်တွင်းရေးကို မစွက်ဖက်ရေးမူနဲ့ အဖွဲ့ဝင်နိုင်ငံတွေအပေါ် စည်းကမ်းပိုင်းဆိုင်ရာ (သို့မဟုတ်) ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အသုံးချတာထက် အဖွဲ့ဝင်နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်မှု၊ ယုံကြည်မှုနှင့် အပြန်အလှန်နားလည်မှု စိတ်ဓာတ်ကို မွေးမြူရန် အခြေခံထားတာကြောင့် ကျင့်ဝတ်သိက္ခာမဲ့ အရိုင်းအစိုင်းအုပ်ချုပ်သူ အာဏာရှင်နိုင်ငံတွေအတွက် လမ်းဖွင့်ပေးထားသလို ဖြစ်ပြီး စော်ကားခံရတာ ဖြစ်ပါတယ်။

နောက်ထပ် အာဆီယံအဖွဲ့လိုပဲ ကမ္ဘာသူကမ္ဘာသားတွေရဲ့ ရို‌သေလေးစားမှုမခံရတဲ့ အဖွဲ့အစည်းကတော့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးပဲ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက် ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့မှာ နိုင်ငံပေါင်း ၅၁ နိုင်ငံနဲ့ ကုလသမဂ္ဂကို ဖွဲ့စည်းခဲ့ရာမှာ အခုဆို အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံ ပါဝင်တဲ့ အကြီးဆုံး ကမ္ဘာ့အဖွဲ့အစည်းကြီး ဖြစ်ပါတယ်။

ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းရဲ့ အခန်း ၇ မှာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်တဲ့ အန္တရာယ်တွေ၊ ငြိမ်းချမ်းရေး ပျက်ပြားမှု၊ ကျူးကျော်စော်ကားမှုတွေကို အရေးယူခွင့်အာဏာကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ အပ်နှင်းထားပါတယ်။ အခန်း ၇ ရဲ့ အပိုဒ် ၄၂ ထဲမှာ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လုံခြုံရေးကောင်စီကို လိုအပ်လာလျှင် ကြည်းတပ်၊ ရေတပ်၊ လေတပ်တွေ အသုံးပြုခွင့်ပေးထားပါတယ်။

ဒါကြောင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးလက်အောက်မှာ ကမ္ဘာ့ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့ (United Nations Peacekeeper) ဆိုတာ ရှိပါတယ်။ ဒါပေမဲ့လည်း အာဏာအပ်နှင်းခြင်းခံရတဲ့ လုံခြုံရေးကောင်စီကိုယ်၌က ကမ္ဘာ့ပါဝါနိုင်ငံတွေ အုပ်စုဖွဲ့ ကြီးစိုးနေကြပြီး ဘက်လိုက်မှုတွေ ရှိသလို ပေးအပ်ထားတဲ့ ဗီတိုအာဏာကို ကိုယ်ကျိုးစီးပွားအတွက် လွဲမှားစွာ အသုံးချပြီး အမှန်တရားကို မျက်ကွယ်ပြုနေကြပါတယ်။ မတရားမှု၊ တခြားနိုင်ငံအပေါ် ကျူးကျော်မှုတွေကို လုံခြုံရေးကောင်စီအဖွဲ့ဝင် အင်အားကြီးနိုင်ငံတွေကိုယ်၌က ကျူးလွန်နေကြတာတွေထဲမှာ ရုရှားနိုင်ငံက အာဏာရှင် ပူတင်ရဲ့ ယူကရိန်းနိုင်ငံကို ကျူးကျော်သိမ်းပိုက်နေတဲ့ အဓမ္မစစ်ပွဲဟာ ထင်ရှားလှပါတယ်။

ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းထဲမှာပါတဲ့ မူဝါဒတွေ သဘောတူညီချက်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကြတာရှိလို့ မြန်မာနိုင်ငံအပါအဝင် အင်အားနည်းတဲ့ နိုင်ငံတွေမှာ စစ်အာဏာရှင်တွေက ရက်စက်ကြမ်းကြုတ်စွာ လူ့ဂုဏ်သိက္ခာကို စော်ကားချနင်းနေတာကို အင်အားကြီးနိုင်ငံအုပ်စုတစုက သူတို့အကျိူးစီးပွားအတွက် ဝန်းရံထောက်ခံနေရင် ကုလသမဂ္ဂက ဝမ်းနည်းကြောင်း စာထုတ်ပြန်တာတို့၊ အထူးစိုးရိမ်ကြောင်း သတိပေးတာတို့၊ မလုပ်ဖို့ တောင်းဆိုတာတွေ စတဲ့ အဆံမပါတဲ့ အမြောက်ဖောက်သလို ကြေညာချက်တွေသာ ဖန်တရာတေ ထုတ်ပြန်နေတာမို့ မြန်မာပြည်သူလူထုက ကုလသမဂ္ဂအဖွဲ့ကို ‘သင်္ကြန်အမြောက်ယူအန်’ လို့ လှောင်ပြောင်သရော်နေတာ ကြာပါပြီ။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် အရှေ့တောင်အာရှဒေသတွင်းနဲ့ ကမ္ဘာနဲ့တဝန်းလုံးမှာ လူ့အသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက်ချမ်းသာဖို့၊ ငြိမ်းချမ်းသာယာစွာ အတူယှဉ်တွဲနေထိုင်ဖို့၊ လုံခြုံအေးချမ်းတည်ငြိမ်ဖို့၊ မတရားမှုတွေ တားဆီးနိုင်ဖို့၊ လူလူချင်း ဖိနှိပ်မှုကင်းဖို့၊ နိုင်ငံအချင်းချင်း မကျူးကျော် နယ်မချဲ့နိုင်ဖို့ ကုလသမဂ္ဂနဲ့ အာဆီယံအဖွဲ့တွေကို ရည်ရွယ်ချက်မှန်စွာ ဖွဲ့စည်းတည်ထောင်ထားခဲ့ကြပေမဲ့ တိရစ္ဆာန်အရိုင်းအစိုင်းတွေနဲ့တူတဲ့ စစ်အာဏာရှင်တွေရဲ့ ရမ်းကားဆိုးယုတ်မှု‌တွေ၊ မတရားမှုနဲ့ လူမဆန်တဲ့ စစ်ရာဇဝတ်မှုတွေကို ထိထိရောက်ရောက် မတားဆီးနိုင်ဘဲ ဒေသတွင်းပြည်သူတွေ၊ ကမ္ဘာ့ပြည်သူကို မကာကွယ် မစောင့်ရှောက်နိုင်တာမို့ ဟန်သာရှိပြီး အဆံမရှိတဲ့ သင်္ကြန်အမြောက်ယူအန်နဲ့ အစွယ်သွားမရှိတဲ့ စက္ကူကျား အာဆီယံအဖြစ် သတ်မှတ်ခဲ့ကြတာ ကြာခဲ့ပါပြီ။ ဒါကြောင့် ကုလသမဂ္ဂနဲ့ အာဆီယံအဖွဲ့တွေအနေနဲ့ မိမိအဖွဲ့အစည်းရဲ့ ဖြစ်တည်မှုဟာ ထိရောက်မှု မရှိတာမို့ လူ့အဖွဲ့အစည်းကို အမှန်တကယ် အကျိုးပြုနိုင်အောင် ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ပြင်ဆင်ကြဖို့ တိုက်တွန်းအကြံပေးချင်ပါတယ်။

စစ်အာဏာရှင်စနစ်ကို အသံတောင် မကြားချင်တော့တဲ့ မြန်မာပြည်သူလူထု တရပ်လုံးကတော့ စက္ကူကျား အာဆီယံနဲ့ သင်္ကြန်အမြောက် ယူအန်တို့ ကူသည်ဖြစ်ဖြစ်၊ မကူသည်ဖြစ်ဖြစ် ဘယ်သူ့ကိုမှ မမျှော်ကိုးတော့ဘဲ မိမိတို့ခေတ်က ပေးအပ်လာတဲ့ သမိုင်းပေးတာဝန်ကြီးဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်သစ် တည်ဆောက်ဖို့ ကိုယ့်အားကိုယ်ကိုးရင်း မြန်မာ့နွေဦးတော်လှန်ရေးအောင်လံကို အမြင့်ဆုံး လွှင့်ထူနေခဲ့ကြတာဟာ အခုဆို သမိုင်းသစ်မော်ကွန်း ပေါ်ထွန်းလာမယ့် ခရီးဆုံးပန်းတိုင်ကို ဆုပ်ကိုင်မိဖို့ လက်တကမ်းအတွင်းမှာ ရောက်‌နေပြီ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013