DVB Logo
Home
မြန်မာသတင်း
ဆင်ဖြူကျွန်းမြို့တွင် မိုခါမုန်တိုင်းကြောင့် ရေကြီးနစ်မြုပ်ပြီး ၃ ဦးသေဆုံး
DVB
·
May 16, 2023
ဆင်ဖြူကျွန်းမြို့တွင် မိုခါမုန်တိုင်းကြောင့် ရေကြီးနစ်မြုပ်ပြီး ၃ ဦးသေဆုံး
1 / 12
Donate to DVB

မိုခါမုန်တိုင်းဝင်တဲ့ မေ ၁၄ ရက် ညနေက မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့မှာ ရုတ်တရက် ရေကြီးလာရာကနေ ရေနစ်သေဆုံးသူ ၃ ယောက်ရှိတယ်လို့ ဒေသခံ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

မုန်တိုင်းဝင်တဲ့ညက ရုတ်တရက် ညချင်း ရေတက်လာတော့ ကယ်ဆယ်ရေးသမားတွေလည်း ပိတ်မိနေတဲ့သူတိုင်းကို မကယ်နိုင်ကြဘဲ ရေစီးနဲ့အတူ မျောပါသွားတဲ့ သားအမိ ၂ ဦးအနက် မိခင်ဖြစ်သူ ဒေါ်အေးသန်း၊ အသက် ၇၀ ခန့်ရဲ့ ရုပ်အလောင်းကို မေ ၁၅ ရက် မနက်က မြို့အရှေ့ဘက် လယ်ကွင်းထဲမှာ တွေ့ရှိခဲ့တယ်လို့ ဒေသခံ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

မေ ၁၅ ရက် ညနေပိုင်းမှာတော့ သမီးဖြစ်သူ ဒေါ်ယဉ်မင်းစိုး၊ အသက် ၄၄ နှစ်ခန့်ရဲ့ ရုပ်အလောင်းကို ဆင်ဖြူကျွန်းမြို့နဲ့ အတန်ငယ်ဝေးတဲ့ မြို့အရှေ့တောင်ဘက် စမ်းတွင်းကျေးရွာအနီး ဧရာဝတီမြစ် စမ်းတွင်းကျွန်းထဲမှာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဆင်ဖြူကျွန်းမြို့ အနောက်ဘက်ရှိ နွယ်တမယ်ကျေးရွာသား ကိုရှိုင်း၊ အသက် ၂၂ လည်း မုန်တိုင်းဝင်တဲ့နေ့ ညနေပိုင်းက ဆင်ဖြူကျွန်းအောက်ဈေးမှာ မိခင်ရဲ့ဈေးဆိုင်က ကုန်စိမ်းတွေကို ရေထဲမမျောစေဖို့ သယ်ယူနေရင်း ရေထဲမျောပါ သေဆုံးသွားခဲ့ပါတယ်။

ဆင်ဖြူကျွန်း ကျေးရွာတွေမှာ တခြား လူထိခိုက်သေဆုံးမှုတွေ ဒီထက်မက ရှိနိုင်သေးကြောင်း သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဒေသခံတွေက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဆင်ဖြူကျွန်းမှာ မြစ်ရေကြီးမှုဟာ ညနေ ၄ နာရီလောက်ကနေ ည ၉ နာရီလောက်အထိ အရှိန်ပြင်းစွာ မြင့်တက်စီးဆင်းခဲ့ပြီး ည ၉ နာရီနောက်ပိုင်းမှ တအိအိနဲ့ ရေပြန်ကျသွားခဲ့ကာ ဆင်ဖြူကျွန်းတမြို့လုံးက အိမ်တွေနဲ့ ကျေးရွာတွေကို ရေဝင်ရောက် နစ်မြုပ်ခဲ့တာပါ။

အခုတကြိမ် ရေကြီးမှုဟာ ဆင်ဖြူကျွန်းမြို့မှာ သမိုင်းတလျှောက် အဆိုးဝါးဆုံးဖြစ်သလို ပျက်စီးဆုံးရှုံးမှု အများဆုံးလည်း ဖြစ်ပါတယ်။

မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်၊ ရှမ်း၊ မန္တလေး၊ ဧရာဝတီ၊ စစ်ကိုင်း၊ မကွေးနဲ့ ရန်ကုန်တို့မှာ သေဆုံးသူ ၁၈ ဦး ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက မေ ၁၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

မိုခါ ဆိုင်ကလုန်းမုန်တိုင်း အရေးပေါ်တုံ့ပြန်ရေးအတွက် NUG အစိုးရက အမေရိကန်ဒေါ်လာ ၁ သန်း ပံ့ပိုးဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013