DVB Logo
Home
မြန်မာသတင်း
မိုခါ ဆိုင်ကလုန်းမုန်တိုင်း ယနေ့ ရခိုင်ကမ်းရိုးတန်းကိုစတင်ဖြတ်ကျော်၊ နေ့လယ်ပိုင်းတွင် စစ်တွေကို ဖြတ်မည်
DVB
·
May 14, 2023
မိုခါ ဆိုင်ကလုန်းမုန်တိုင်း ယနေ့ ရခိုင်ကမ်းရိုးတန်းကိုစတင်ဖြတ်ကျော်၊ နေ့လယ်ပိုင်းတွင် စစ်တွေကို ဖြတ်မည်
Donate to DVB

အလွန့်အလွန် အားကောင်းတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဟာ ဒီနေ့မနက်အစောပိုင်းကစလို့   ရခိုင်ကမ်းရိုးတန်းကိုစတင်ဖြတ်ကျော်နိုင်ကာ နေ့လယ်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့နဲ့  မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးကနေ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း  မိုးဇလဌာနက မေလ ၁၄ ရက် မနက်မှာထုတ်ပြန်ပါတယ်။

အဲဒီ့နောက်  မုန်တိုင်းဟာ  ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်ဆီကို အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အနေနဲ့ ဆက်လက်ရွေ့လျားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်းဟာ လက်ရှိအချိန်မှာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ အနောက်မြောက်ဘက် ရေမိုင်(၂၆၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ အနောက်-အနောက်မြောက်ဘက်ရေမိုင်(၂၁၅)မိုင်ခန့်၊ စစ်တွေမြို့ တောင်-အနောက်တောင်ဘက် ရေမိုင်(၁၆၀) မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယား မြောက်-အနောက်မြောက်ဘက် ရေမိုင်(၃၉၀)မိုင်ခန့်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ တောင်-အနောက်တောင်ဘက် ရေမိုင်(၂၁၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။

မုန်တိုင်းရဲ့ လက်ရှိအခြေအနေကို အနီရောင်အဆင့်သတ်မှတ်ထားပြီး ဗဟိုချက်လေဖိအား (၉၃၈)ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၁၂၅)မိုင်မှ (၁၃၅)မိုင်နှုန်းခန့် ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ရဲ့  အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီကို မိုင်(၁၁၀)ကနေ  မိုင်(၁၂၀)လောက်အထိရှိနိုင်ပြီး မုန်တိုင်းဖြတ်ကျော်ချိန်  မုန်တိုင်းဒီရေမှာ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ကျောက်ဖြူခရိုင်နဲ့  မောင်တောခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်တွေအတွင်း (၁၆)ပေကနေ ပေ(၂၀)လောက် အထိမြင့်တက်လာနိုင်တယ်လို့ဆိုပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၇၀)မှ မိုင်(၉၀)ခန့်အထိနှင့် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)မှ မိုင်(၆၀)ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။ 

မုန်တိုင်းအရှိန်ကြောင့် ဒီနေ့မနက်ကနေ မေလ ၁၅ ရက်နေ့အတွင်း နေပြည်တော်အပါအဝင် ပြည်နယ်နဲ့တိုင်းအားလုံးနေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊နဲ့  ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ  ဒေသအလိုက်နဲ့ နေပြည်တော်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီးမိုးကြီးနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။

မုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်၊ မိုးကြီး၊ ရုတ်တရက် ရေကြီးမြေပြို ဖြစ်ပေါ်နိုင်လို့ ကုန်းမြင့်ဒေသအနီး နေထိုင်သူတွေ မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်း တလျှောက်နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေ ရေကြီး၊ ရေလျှံမှုကို ကြိုတင်သတိပြုနေထိုင်ကြဖို့  မိုးဇလက အကြံပြုပါတယ်။

ဒါ့အပြင် ပြည်တွင်း လေကြောင်းပျံသန်းရေးနဲ့ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ် ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ သင်္ဘောတွေနေနဲ့ ကြိုတင်သတိပြုရှောင်ရှားကြဖို့ တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013