DVB Logo
Home
မြန်မာသတင်း
နွေဦးဆရာအတတ်သင်တက္ကသိုလ် အဓိပတိအဖြစ်မှ ဒေါက်တာသိန်းလွင်နုတ်ထွက်
DVB
·
May 10, 2023
နွေဦးဆရာအတတ်သင်တက္ကသိုလ် အဓိပတိအဖြစ်မှ ဒေါက်တာသိန်းလွင်နုတ်ထွက်
Donate to DVB

နွေဦးဆရာအတတ်သင်တက္ကသိုလ်ရဲ့ ပထမဆုံး အဓိပတိအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ပညာရေး ကျွမ်းကျင်သူ ဒေါက်တာသိန်းလွင်ဟာ တာဝန်ကနေ နုတ်ထွက်လိုက်ပြီဖြစ်ပြီး သင်ကြား ရေးတာဝန်တွေကိုတော့ ဆက်လက်ပြီးတော့ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

“မိတ်ဆွေများခင်ဗျား။ အဓိပတိတာဝန်မှ ကျနော် နားလိုက်ပါပြီ။ သင်ကြားရေးကိုတော့ ဆက်လက်တာဝန်ယူပါတယ်။”

ဒေါက်တာသိန်းလွင်ကို  နွေဦးဆရာအတတ်သင်တက္ကသိုလ်ရဲ့ ပထမဆုံး အဓိပတိအဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း တက္ကသိုလ်ကောင်စီ (ယာယီ) ကနေ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မေ ၉ ရက်က ကြေညာခဲ့ပြီး ၁ နှစ်အကြာမှာ ခုလို နုတ်ထွက်လိုက်တာ ဖြစ်ပါတယ်။

Thinking Classroom Foundation တည်ထောင်သူ ဒေါက်တာသိန်းလွင်ဟာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) ရဲ့ ဦးဆောင်အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး မြန်မာ့ပညာရေးစနစ် ပြုပြင် ပြောင်းလဲရေးအတွက် လက်ရှိတော်လှန်ရေးကာလထိတိုင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခဲ့သူ တယောက်လည်း ဖြစ်ပါတယ်။

ဒါ့အပြင် ပညာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် NUG အစိုးရက ကမ်းလှမ်းခဲ့မှုကို ဒေါက်တာ သိန်းလွင်က ငြင်းဆိုလိုက်ပြီး နွေဦးဆရာအတတ်သင်တက္ကသိုလ်ရဲ့ အဓိပတိတာဝန်ကို လက်ခံခဲ့တာ ဖြစ်ပါတယ်။

လတ်တလော ဒေါက်တာသိန်းလွင်ရဲ့ နွေဦးဆရာအတတ်သင်တက္ကသိုလ်ရဲ့ အဓိပတိ တာဝန်ကနေ နုတ်ထွက်တဲ့အကြောင်းနဲ့ ပတ်သက်ပြီးတော့ တက္ကသိုလ်ဘက်က အကြောင်းတစုံတရာ ထုတ်ပြန်ထားတာမျိုးတော့ မတွေ့ရပါဘူး။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလဟာ ၂ နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှု တွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် မတ်လကတည်းက ကိုဗစ်-၁၉ ကပ်ဘေးအပြင် စစ်အာဏာ သိမ်းမှုနဲ့ ဆက်တိုက်ရင်ဆိုင်ခဲ့ကြရတာမို့ ပညာရေးကဏ္ဍမှာလည်း တက္ကသိုလ်တွေ၊ အ ခြေခံပညာကျောင်းတွေကို ပိတ်ထားခဲ့ကြရတဲ့အပြင် စစ်အာဏာရှင်စနစ်ဆိုး အောက်မှာ ဆက်လက်ပြီးတော့ ပညာမသင်ကြားရေးလှုပ်ရှားမှုတွေနဲ့အတူ ကျောင်းသားတွေရော မိဘပြည်သူတွေပါ ဆက်လက်ပြီးတော့ တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။

NUG အစိုးရ ပညာရေးဝန်ကြီးဌာနကတော့ ပညာသင်ယူခွင့် ဆုံးရှုံးနေတဲ့ ကျောင်းသား ကျောင်းသူတွေအတွက် ကြားကာလ ပြည်သူ့ပညာရေးကျောင်းတွေ ဖွင့်လှစ်ကာ စဉ် ဆက်မပြတ် ပညာသင်ကြားရေးကို အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့ ပြောပါ တယ်။

ဒါ့အပြင် NUG အစိုးရဟာ အဆင့်မြင့်ပညာကဏ္ဍက ကျောင်းသား၊ ကျောင်းသူတွေ အတွက် ပညာရေးအစီအစဉ်တခုဖြစ်တဲ့ မြန်မာ့နွေဦးတက္ကသိုလ်၊ Myanmar Nway-Oo University (MNOU) ကိုလည်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလဆန်းမှာ ဖွင့်လှစ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013