
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တို့မှာ သုံးစွဲဖို့ မသင့်တဲ့ အလှကုန်တွေ ရောင်းချနေတဲ့ ဆိုင်တွေနဲ့ သက်တမ်းကုန် အလှကုန်တွေ ရောင်းချနေတဲ့ ဆိုင်တွေကို FDA က အရေးယူပြီး ပစ္စည်းတွေကိုသိမ်းဆည်းကာ ရောင်းချတဲ့သူတွေကို ခံဝန် ထိုးခိုင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုဏ္ဏားကျွန်းဒေသခံ အမျိုးသမီးတယောက်က “အရေးယူတာကတော့ ပြင်းပြင်းထန်ထန်တော့ မဟုတ်ပေမဲ့ သုံးစွဲဖို့မသင့်တဲ့ ပစ္စည်းတွေကို သိမ်းသွားပါတယ်။ ပြီးတော့ ရောင်းတဲ့သူတွေကို ခံဝန် ထိုးခိုင်းပြီး တားမြစ်ထားတဲ့ ပစ္စည်းတွေကို နောက်ထပ်မရောင်းဖို့ အသိပညာပေးခဲ့ပါတယ်”လို့ ပြောပါတယ်။
ရခိုင်ကို တင်သွင်းနေတဲ့ အခြေခံစားသောက်ကုန်ပစ္စည်း၊ ဆေးဝါး၊ အရက်နဲ့ အလှကုန်တွေကို ထိထိ ရောက်ရောက် စစ်ဆေးသင့်တယ်လို့ ကျောက်တော်က လူငယ်အမျိုးသမီးတယောက်က ပြောပါတယ်။
“အဲဒီ တားမြစ်အလှကုန်၊ စားကုန်ဆိုတာ ကျမတို့လို သာမန်လူတွေ မသိနိုင်ဘူး။ မသိတော့ သနပ်ခါးဘူးတွေ၊ မိတ်ကပ်ဘူးတွေ ဝယ်လိမ်းမိတော့ စတီးရွိုက် ထိသွားတော့ မျက်နှာတွေ ပျက်စီးသွားတာ မြင်ဖူးတယ်။ ကလေးအကြိုက် ထုတ်ထားတဲ့ မုန့်တချို့ဆိုရင် စားပြီးရင် မူးဝေ အော့အန်တာမျိုး ကြုံဖူးတယ်။”
ပလက်ဝမြို့နယ်မှာ ဩဂုတ် ၁၄ ရက်က အလှကုန်ပစ္စည်း အရောင်းဆိုင်တွေကို FDA က သွားရောက် စစ်ဆေးခဲ့ပြီး သုံးစွဲဖို့မသင့်တဲ့ အလှကုန်တွေ တွေ့တဲ့ဆိုင် ၈ ဆိုင်နဲ့ သက်တမ်း ကုန်ပစ္စည်းတွေ တွေ့တဲ့ဆိုင် ၉ ဆိုင် ရှိခဲ့ပါတယ်။
အလားတူ ပုဏ္ဏားကျွန်းမြို့နယ်မှာလည်း ဩဂုတ် ၁၁ ရက်က အလှကုန်ဆိုင်တွေကို စစ်ဆေးပြီး အဲဒီမှာ သုံးစွဲဖို့မသင့်တဲ့ အလှကုန်တွေ တွေ့တဲ့ဆိုင် ၉ ဆိုင်နဲ့ သက်တမ်းကုန်အလှကုန်တွေ တွေ့တဲ့ ဆိုင် ၈ ဆိုင် ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလှကုန်ပစ္စည်းတွေထဲမှာ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်မှု မရှိစေဖို့အတွက် FDA က မြို့နယ်တွေမှာ ကွင်းဆင်းစစ်ဆေးနေတာ ဖြစ်ပါတယ်။
အထူးသဖြင့် တားမြစ်ဓာတုပစ္စည်းတွေ ပါဝင်တဲ့ အလှကုန်တွေကို အသုံးပြုမိရင် အရေပြား ယားယံတာ၊ ရောင်ရမ်းတာ၊ အဖြူအနီကွက်တွေ ဖြစ်တာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရေရှည်အသုံးပြုမယ်ဆိုရင် ကျောက်ကပ်ပျက်စီးတာ အပါအဝင် ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်တာကြောင့် ဒေသခံတွေ သတိထားဖို့ FDA က တိုက်တွန်းထားပါတယ်။











