DVB Logo
Home
မြန်မာသတင်း
PDF များ လက်နက်ယူလာပါက ဆုကြေးပေးမည်ဟု စစ်ကောင်စီ စည်းရုံး
DVB
·
May 10, 2023
PDF များ လက်နက်ယူလာပါက ဆုကြေးပေးမည်ဟု စစ်ကောင်စီ စည်းရုံး
Donate to DVB

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ လက်နက်ယူပြီးလာရင် ဆုကြေးငွေပေးမယ်ဆိုပြီး စစ်ကောင်စီက အပြင်ပေါက်ဈေးထက် အဆမတန်လျော့နည်းတဲ့ ဈေးနှုန်းတွေနဲ့ စည်းရုံးနေပါတယ်။

စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ မေ ၉ ရက်စွဲနဲ့ ကြေညာချက်မှာ PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံပြီး လက်နက်ကိုင်ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေထဲ ရောက်နေသူတွေကို ဥပဒေဘောင်ထဲ ပြန်ဝင်ရောက်ဖို့ ဖိတ်ခေါ်တယ်လို့ ဆိုပါတယ်။

အဲဒီလို ဝင်ရောက်လာရင် လိုအပ်တဲ့ ကူညီပံ့ပိုးတာတွေ ပေးမှာဖြစ်ပြီး လက်နက်ခဲယမ်း ပါရှိလာသူတွေကို ဆုကြေးငွေ ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။

နှုန်းထားတွေအနေနဲ့ ရိုင်ဖယ်အုပ်စုဝင်သေနတ် ၁ လက်ပါရင်ကျပ် သိန်း ၅၀၊ ပစ္စတိုအုပ်စုဝင်သေနတ် ၁ လက်ပါရင် ကျပ်သိန်း ၂၀၊ ပြောင်းချောသေနတ် ၁ လက်ပါရင် ကျပ် သိန်း ၃၀၊ စိန်ပြောင်း၊ လောင်ချာ၊ အာပီဂျီလို လက်နက်တွေ ၁ လက်ပါရင် ၇၅ သိန်း၊ လက်လုပ်ပြောင်းချောသေနတ်၊ လက်လုပ်စိန်ပြောင်း၊ လက်လုပ်သေနတ် ၁ လက်ပါရင် ၅ သိန်း၊ လက်လုပ်မိုင်းတွေ လက်ပစ်ဗုံးတွေပါရင် ၃ သိန်း၊ စကားပြောစက်လို တခြား အသုံးအဆောင်ပစ္စည်းတွေဆိုရင် ၂ သိန်း၊ ဗုံးဖောက်ခွဲရေးအတွက် သုံးနိုင်တဲ့ ဒရုန်း ၁ စင်းပါရင် ကျပ် သိန်း ၅၀ ပေးမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီနှုန်းတွေဟာ လက်ရှိပြင်ပပေါက်ဈေးထက် အဆမတန်လျော့တဲ့နှုန်းတွေ ဖြစ်တယ်လို့ တော်လှန်ရေးမှာပါဝင်နေသူ တချို့က ပြောပါတယ်။

ယောဒေသ ဒရုန်းနဲ့လက်နက်နည်းပညာတပ်ခွဲ တာဝန်ရှိသူတယောက်က “တိုက်ခိုက်ရေးသုံး ဒရုန်းက သိန်း ၇၀ ကျော်မှ စပြီး ပွဲကလို့ရမယ်။ ကျနော့်ဆီက ဒရုန်းတွေဆို ၁၀၀ ကျော်တွေချည်းပဲ။ လက်လုပ်မိုင်းကတော့ အနိမ့်ဆုံး သုံးသောင်းက စတာပဲ။ ကြီးရင် ကြီးသလို ပိုကုန်တာပေါ့။ လက်ပစ်မိုင်း အစစ်က တလုံး ၃ သိန်းခွဲ" လို့ ပြောပါတယ်။

လက်ရှိမှာ တော်လှန်ရေးတပ်ဖွဲ့တော်တော်များများဟာ ကိုယ်တိုင်လုပ်တဲ့ လက်နက်တွေနဲ့ မှောင်ခိုဈေးကွက်ကနေ လက်နက်တွေ ဝယ်ယူသုံးစွဲနေရကြရတာပါ။ လက်နက်တွေဟာ နဂိုကလည်း ဈေးမြင့်လေ့ရှိပြီးမှောင်ခိုဈေးကွက်မှာတော့ ပိုပြီးပေးရတတ်ပါတယ်။

တပ်ဖွဲ့တခုရဲ့ တာဝန်ရှိသူတယောက်က “ရိုင်ဖယ်တလက်ကို အနိမ့်ဆုံး သိန်း ၁၂၀ ရှိတယ်။ ပစ္စတိုတွေက အနိမ့်ဆုံး ၃၅ သိန်းဈေး။ ပြောင်းချောက စက်ရုံထုတ် ဂျောက်ဂျက်က ၆၅ သိန်း အနည်းဆုံးပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက် ပြန်လည်ဝင်ရောက်လာသူတွေအနေနဲ့ လူသတ်မှု၊ မုဒိမ်းမှု၊ သူတပါးအပေါ် ထိခိုက်နစ်နာစေမှု စတဲ့ ပြစ်မှုတခုခု ကျူးလွန်ထားရင် တရားရုံးမှာ အမှုရင်ဆိုင် ဖြေရှင်းရမှာဖြစ်ပြီး ပြစ်မှုအတိုင်းအတာအပေါ် မူတည်ပြီး ဥပဒေကြောင်းအရ လိုအပ်တဲ့ ဖြေလျှော့တာတွေကို ပြုလုပ်ပေးသွားမယ်လို့လည်း စစ်ကောင်စီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013