DVB Logo
Home
မြန်မာသတင်း
သေဒဏ်ချမှတ်ခံထားရသည့် အကျဉ်းသား ၃၈ ဦးကို ထောင်ဒဏ်တသက်သို့ လျှော့ပေး
DVB
·
May 4, 2023
သေဒဏ်ချမှတ်ခံထားရသည့် အကျဉ်းသား ၃၈ ဦးကို ထောင်ဒဏ်တသက်သို့ လျှော့ပေး
Donate to DVB

မြန်မာပြည်တွင်း အကျဉ်းထောင်တွေထဲမှာ  သေဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၃၈ ဦးကို ထောင်ဒဏ် တသက်သို့ ပြောင်းလဲ ကျခံစေလိုက်တယ်လို့ စစ်ကောင်စီက မေလ ၃ ရက်မှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် ထုတ်ပြန်လိုက်ပါတယ်။

ကဆုန်လပြည့် ဗုဒ္ဓနေ့အထမ်းအမှတ်အဖြစ် အကျဉ်းထောင်အသီးသီးမှာ သေဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသား အကျဉ်းသူ ၃၈ ဦးကို  ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ ၊ ပုဒ်မခွဲ (က) အရ ချမှတ်ထားတဲ့ သေဒဏ်ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပြုပြီး ထောင်ဒဏ် တသက်သို့ ပြောင်းလဲ ကျခံစေလိုက်တယ်လို့ စစ်ကောင်စီ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက အမိန့်စာ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၂,၁၅၃ ဦးကိုလည်း ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကြောင်း စစ်ကောင်စီက ကြေညာခဲ့ပါတယ်။

ဒီကြေညာချက်ထွက်လာပြီးနောက် အကျဉ်းထောင်အသီးသီးကနေ အကျဉ်းသားတွေ ပြန်လွတ်လာရာမှာ မနေ့ညနေ ၅ နာရီလောက်အထိ အကျဉ်းသား ၁၂၇၇ လွတ်မြောက်လာတယ်လို့  အေအေပီပီက အတည်ပြုထားပါတယ်။

ဒါပေမဲ့ သေဒဏ်ကနေ ထောင်ဒဏ်တသက် လျော့ချပေးခံရတဲ့ အကျဉ်းသားတွေထဲမှာ ဘယ်သူတွေပါလာသလဲဆိုတာကိုတော့ လတ်တလောမသိရသေးပါဘူး။ 

မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မြေပြင်လှုပ်ရှားမှုရေးရာ တာဝန်ခံတယောက်ဖြစ်တဲ့ ကိုကောင်းဆက်ပိုင်ကိုတော့ စစ်ခုံရုံးက ထောင်ဒဏ်တသက် တကျွန်းချမှတ်ထားရာကနေ ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်မှာ သေဒဏ်အမိန့် ထပ်တိုးချမှတ်ထားပါတယ်။

အသက် ၂၀ အရွယ် ဗကသရဲဘော် ကိုကောင်းဆက်ပိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့မှာ စစ်တပ်ရဲ့ အကြမ်းဖက် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်ကလည်း အထက ၁၊ မြောက်ဥက္ကလာပ ကျောင်း သားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ ဒုဥက္ကဋ္ဌဖြစ်သူ ကိုဟိန်းထက် (ခ) ကိုပိုပို ကို စစ်ခုံရုံးက ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခဲ့ပါတယ်။

ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံထားရတဲ့ ဆယ်တန်းကျောင်းသား ကိုအောင်ချမ်းမြေ့ကို အင်းစိန်ထောင်တွင်း စစ်ခုံရုံးက ဧပြီလ ၂၈ ရက်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) ဖြင့် ထောင်ဒဏ် ၁၂ နှစ် ထပ်မံ ချမှတ်ခဲ့ပါတယ်။ 

ကိုအောင်ချမ်းမြေ့ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)၊ ၅၄ နဲ့ သေဒဏ် ချမှတ်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်မှာ သေဒဏ်အား ထောင်ဒဏ် တစ်သက်အဖြစ် ပြောင်းလဲချမှတ်ခဲ့တာပါ။

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၁၈၅၀ ဦး ရှိပြီး ဒီအထဲက ၁၇၈၄၆ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူတွေအနက်မှ  ၅၈၁၈ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ကထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၄၀၀၄  ဦး ရှိတယ်လို့ဆိုပါတယ်။

မေလ ၃ ရက် နွေဦးတော်လှန်ရေးနဲ့ ဆက်နွှယ်ပြီး သေဒဏ်ချမှတ်ခံရတဲ့သူ အကျဉ်းထောင်တွေမှာ ၁၁၂ ဦး၊ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၂ ဦး စုစုပေါင်း ၁၅၄ ဦးရှိနေတယ်လို့ အေအေပီပီ စာရင်းအရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်  ဇူလိုင်လထဲမှာ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၃၀ လောက်အတွင်း ပထမဆုံးအကြိမ်အဖြစ် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်တို့ အပါအဝင် လေးဦးကို စစ်ကောင်စီက သေဒဏ်ပေးကွပ်မျက်ခဲ့ပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးကိုလည်း စစ်ကောင်စီရဲ့စစ်ခုံရုံးက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၃၀ ရက်က သေဒဏ်ချမှတ်ခဲ့ပြီး ဒီဇင်ဘာ ၁ ရက်ကလည်း နိုင်ငံရေးလှုပ်ရှားသူ နောက်ထပ်လူငယ် ၄ ဦးကိုလည်း စစ်ခုံရုံးက သေဒဏ်ချမှတ်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ လျှို့ဝှက်စစ်ခုံရုံးကနေ မြန်မာနိုင်ငံသားအမြောက်အမြားကို သေဒဏ်ချမှတ်နေတာကို ဆိုင်းငံ့ထားဖို့နဲ့  သေဒဏ်ပေး ကွပ်မျက်မှုအားလုံးကို ရပ်နားထားဖို့ ကုလသမဂ္ဂက တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013