Home
မြန်မာသတင်း
နိုင်ငံရေးအကျဉ်းသား ၂၁၅၃ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး
DVB
·
May 3, 2023
Prisoners free

နိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ -က နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၂၁၅၃ ဦးတို့   ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့ကြောင်း စစ်ကောင်စီက မေလ ၃ ရက်နေ့မှာ ကြေညာပါတယ်။

ဒီကနေ့ကျရောက်တဲ့ ကဆုန်လပြည့်နေ့အထိမ်းအမှတ်နဲ့ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနဲ့ လူသားချင်းစာနထောက်ထားမှုကို အလေးထားသောအားဖြင့် စစ်ခေါင်းဆောင်က  အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ -က အရ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၂၁၅၃ ဦးတို့ကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တာလို့ဆိုပါတယ်။

အဆိုပါအကျဉ်းသားတွေဟာ နောက်တကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ဒီပြစ်ဒဏ်အပြင် အခုကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တာလို့ စစ်ကောင်စီ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေး အမိန့်နဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ဘယ်သူတွေပြန်လွတ်လာမယ်ဆိုတာ လတ်တလော မသိရသေးပေမဲ့ ပြည်အကျဉ်းထောင်ကနေ အကျဉ်းသား  ၄၀ ကျော်၊ ပေါင်းတည်ထောင်က ၃ ယောက်နဲ့ တောင်ငူ ထောင်တွေက ၅၀ ကျော်လွှတ်တ်မယ်လို့ ကနဦးသတင်းရထားတယ်လို့  အကျဉ်းထောင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးခံထားရသူတွေ သီးသန့်နဲ့ လွတ်ရက်နီးနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုသာ ပြန်လွှတ်ပေးတာဖြစ်ပြီး  ပုဒ်မ ၅၀၅ အပြင် ၃၀၇- ၄၂၇  စတဲ့တခြားပုဒ်တွေနဲ့ တွဲထားသူတွေကိုတော့ လွှတ်မပေးဘူးလို့ နိုင်ငံရေးအကျဉ်းသားဟောင်း တဦးကပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ မေလ ၂ ရက်နေ့ထိတိုင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၁၈၀၇ ဦးရှိပြီး ဒီအထဲက ၁၇၈၉၇ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူတွေထဲက  ၅၈၃၉ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ကထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024