DVB Logo
Home
မြန်မာသတင်း
စစ်တပ်က ကျီးကန်တောင်ရွာကို Mi 35 ဖြင့် ပစ်ခတ်၊ ဘုတလင်မြို့နယ်၌ ကလေးတဦး မိုင်းနင်းမိ သေဆုံး
DVB
·
April 30, 2023
စစ်တပ်က ကျီးကန်တောင်ရွာကို Mi 35 ဖြင့် ပစ်ခတ်၊ ဘုတလင်မြို့နယ်၌ ကလေးတဦး မိုင်းနင်းမိ သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် လှတောရဲစခန်းကို ဗိုလ်ကျားကြီးအဖွဲ့က ဧပြီ ၂၇ ရက်နေ့ မနက်ကနေ ညနေအထိ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီးနောက် စစ်တပ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တည်းခိုခဲ့တဲ့ ကျီးကန်တောင်ရွာကို Mi 35 လေယာဥ်နဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဗိုလ်ကျားကြီးက ပြောပါတယ်။ 

"လှတောစခန်းကို မနက်ပိုင်းက လက်နက်ကြီး ၆၀ မမ၊ ၈၀ မမတွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး လက်နက်ငယ်နဲ့လည်း အနီးကပ်တိုက်ပွဲ ဖြစ်တယ်။ သူတို့ဘက်ကလည်း စခန်းထဲကနေ ပြန်ပစ်တယ်၊ တာဝါတိုင်ဘက်ကနေလည်း သူတို့ပြန်ပစ်တယ်၊ တိုက်ပွဲကတနေကုန်ကြာတယ်။" 

လှတောစခန်းကို ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်က ၅ ဦးသေဆုံးခဲ့တယ်လို့ ပြောပါတယ်။ 

ဗိုလ်ကျားကြီးအဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေက ကျီးကန်တောင်ရွာကနေ လှတောရဲစခန်းကို လက်နက်ကြီးနဲ့ လှမ်းပစ်ခတ်ခဲ့တာကြောင့် စစ်တပ်က ဧပြီ ၂၇ ရက် ညနေမှာ ကျီးကန်တောင်ရွာကို Mi 35 လေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ 

'လေယာဥ်နဲ့ လာပစ်တာ၊ ဗိုလ်ကျားတို့အဖွဲ့ရှိတဲ့နေရာကို တည့်တည့်လာပစ်တာပဲ၊ အဲ့တာနဲ့နောက်ဆုတ်လိုက်ရတယ်၊ လေယာဥ်က လေးပတ်ပတ်ပြီး ပစ်တာ" လို့ ဗိုလ်ကျားကြီးက ပြောပါတယ်။

စစ်တပ်က လေယာဥ်နဲ့ပစ်ခတ်တာကြောင့် ဒေသခံရွာသားနှစ်ဦး မစိုးရိမ်ရဒဏ်ရာထိမှန်ခဲ့ပြီး အသက် ၇၀ အရွ ယ်အဘိုးအိုတဦး လေယာဥ်ပစ်ခတ်သံကိုလန့်ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

လေယာဥ်နဲ့ ပစ်ခတ်ခံရတာကြောင့် ကျီးကန်တောင်ရွာဘုန်းကြီးကျောင်း ထိမှန်ပျက်စီးခဲ့ပြီး တိုက်ပျက်တခုလည်း ပြိုကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းက ဧပြီ ၂၈ ရက်နေ့မှာ ကျီးကန်တောင်ရွာထဲကို တပ်စွဲဝင်ရောက်လာတာကြောင့် ကျီးကန်တောင်ရွာနဲ့ အနီးနားကျေးရွာ ၅ ရွာက ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။ 

လှတောရဲစခန်းကို ဗိုလ်ကျားကြီး အဖွဲ့၊ ရဲရဲတောက်အဖွဲ့နဲ့ နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်၊ သားရိုးကုန်းရွာနားမှာ ဧပြီ ၂၉ ရက် မနက် ၁၀ နာရီခွဲလောက်က အသက် ၁၃ နှစ်ရှိ ကလေးတဦး မိုင်းနင်းမိ ပေါက်ကွဲ  သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သားရိုးကုန်းရွာသားတဦးက “နွားကျောင်းသွားရင်း အခုလိုဖြစ်ပြီး သေဆုံးရတာ။ မောင်ကျင်ဝှက် လို့လည်း ခေါ်တယ်၊ အမည်အရင်းက ကျော်လင်းထက်ပါ၊ စိတ်မကောင်းဘူး။ စစ်ကိုင်းက မြို့နယ် တော်တော်များများမှာ ခေတ်ကောင်းသွားရင်တောင် စစ်ကျန်လက်နက်တွေရဲ့ ဆိုးကျိုးတွေလည်း ထပ်မံခံစားရဦးမှာပဲ” လို့ ပြောပါတယ်။

ဧပြီ ၂၈ ရက်က စစ်ကောင်စီစစ်ကြောင်းတခုဟာ အဲဒီဝန်းကျင်တဝိုက် ဒေသ ကာကွယ်ရေးတပ်တွေရဲ့ တိုက်ခိုက်မှု ၂ ကြိမ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013