
အမေရိကန်ကသာ ကျူးဘားကို စစ်ရေးအရ အရေးယူ တိုက်ခိုက်မယ်ဆိုရင် ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုအပေါ်မှာ မမှန်းဆနိုင်လောက်တဲ့ အကျိုးဆက်တွေနဲ့အတူ ‘သွေးချောင်းစီး’ သွားမယ်လို့ ကျူးဘားသမ္မတ မီဂယ်ဒီယာ့ဇ်-ကာနယ်လ်က မေ ၁၈ ရက်မှာ သတိပေးလိုက်ပါတယ်။
“ကျူးဘားဟာ ခြိမ်းခြောက်မှုတခုလည်း မဟုတ်ပါဘူး” လို့ သမ္မတ ဒီယာ့ဇ်-ကာနယ်လ်က X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
မေ ၁၇ ရက်မှာ ထွက်ပေါ်လာတဲ့ Axios သတင်းမှာတော့ ကျူးဘားဟာ စစ်ဘက်သုံးဒရုန်း အစင်း ၃၀၀ ကျော် ရရှိထားတယ်လို့ ဖော်ပြထားပါတယ်။
ဒီဒရုန်းတွေနဲ့ ဂွမ်တာနာမိုပင်လယ်အော်က အမေရိကန်ရေတပ်စခန်း၊ အမေရိကန်စစ်သင်္ဘောတွေနဲ့ ဖလော်ရီဒါပြည်နယ်တို့ကို တိုက်ခိုက်ဖို့ စီစဉ်နေတယ်လို့ အမေရိကန်ထောက်လှမ်းရေးကို ကိုးကားပြီး အဲဒီသတင်းမှာ ရေးသားထားပါတယ်။
ကျူးဘားအစိုးရကတော့ အမေရိကန်ဟာ စစ်ရေးအရ ဝင်ရောက်စွက်ဖက်ဖို့အတွက် အကြောင်းပြချက် လုပ်ကြံဖန်တီးနေတယ်လို့ တုံ့ပြန်ပါတယ်။
ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ဘရူနို ရိုဒရီဂွက်ဇ်က ကျူးဘားနိုင်ငံဟာ နိုင်ငံတကာဥပဒေတွေအရ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ရှိတယ်လို့ ဆိုပါတယ်။
လတ်တလောမှာ ကျူးဘားခေါင်းဆောင်ဟောင်း ရာအူးလ် ကက်စထရိုကို အမေရိကန်က တရားစွဲဖို့ ပြင်ဆင်နေတဲ့အတွက် နှစ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်နေပါတယ်။
ကျူးဘားပြည်သူတွေကတော့ အမေရိကန်လာတိုက်ရင် တုတ်တွေ ခဲတွေနဲ့ဖြစ်ဖြစ် ခုခံသွားမယ်လို့ အသက် ၈၇ နှစ်အရွယ် ဒေသခံ ဟော်ဟေး ဗီယာလိုဘို့စ်က ပြောပါတယ်။
Source: Reuters










