DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ အကယ်ဒမီပွဲက ပြည်သူနှင့် အနုပညာရှင်ကို ရန်တိုက်ပေးမည့်ပွဲဟုဆို
DVB
·
April 27, 2023
စစ်ကောင်စီ အကယ်ဒမီပွဲက ပြည်သူနှင့် အနုပညာရှင်ကို ရန်တိုက်ပေးမည့်ပွဲဟုဆို
Donate to DVB

စစ်ကောင်စီ လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနကနေ ၃ နှစ်စာ ပေါင်းပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို လာမယ့် မေ ၆ ရက်နေ့ ‌နေပြည်တော် မြို့တော်ခန်းမ၊ လဟာပြင် ကဇာတ်ရုံမှာ ကျင်းပသွားမှာပါ။

ကိုဗစ်ကပ်ရောဂါကြောင့် ၃ နှစ်ကြာ ရပ်နားခဲ့တဲ့ အကယ်ဒမီပေးပွဲကို စစ်ကောင်စီက သူတို့ လက်ထက်မှာ ပြန်အသက်သွင်းဖို့ ကြိုးစားနေပြီး ပြည်တွင်းက အနုပညာရှင်တွေကို အကယ်ဒမီပေးပွဲ မဖြစ်မနေတက်ကြဖို့ ဖိအားပေးနေပါတယ်။

တော်လှန်ရေးမှာ ပါဝင်နေတဲ့ ဒါရိုက်တာ သည်ခေတ်နေကတော့ အကယ်ဒမီ ပေးပွဲမှာ ပြည်တွင်းက အနုပညာရှင်အချို့ စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုကြောင့် တက်ရမယ့် အခြေအနေတွေ ရှိနေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

"စစ်ကောင်စီက ဒီသင်္ကြန်ပွဲတို့ အကယ်ဒမီပေးပွဲတို့ကို ခမ်းခမ်းနားနား ကျင်းပချင်တယ်။ တခြား ပွဲတွေ ပွဲတွေကိုလည်း စည်ကားစေချင်တယ်။ အဲဒီအပေါ် အမြင်ဆိုရင် ပြည်သူတွေက စစ်ကောင်စီအပေါ် လူရာမသွင်းဘူးလေ။ လူရာမသွင်းဘူးဆိုတာ အချက် ၂ ချက်ပေါ့။ သူတို့ လူဖြစ်ကြောင်းလည်း ပြချင်တယ်။ သူတို့ လုပ်တဲ့ပွဲတွေ လူစည်ပါတယ်ဆိုတာလည်း ပြချင်တယ်။ ပုံမှန် ဖြစ်တယ်ဆိုတာလည်း ပြချင်တယ်။ ဒီအချက်တွေနဲ့ ဒီလိုမျိုးပွဲတွေကို အတင်းအကျပ် ဖန်တီးတယ် မြင်ပါတယ်။

"အဲဒီအပေါ်မှာ အကယ်ဒမီပေးပွဲနဲ့ ပတ်သက်ပြီးတော့ ပြည်တွင်းက ပြည်သူ့ဘက်ပါတဲ့ အနုပညာရှင်အချို့က စစ်ကောင်စီရဲ့ လက်အောက်မှာ မလူးသာမလွန့်သာ အခြေအနေဆိုတာကို ပြည်သူတွေက နားလည်ပါတယ်။ အဲဒီအတွက် တချို့ကတော့ စစ်ကောင်စီရဲ့ ရုပ်သေးရုပ်လေးတွေအဖြစ်နဲ့ အကယ်ဒမီပေးပွဲကို တက်ကြမှာပေါ့။ ကျန်တဲ့တချို့ကတော့ ပွဲတွေကို တက်ချင်လွန်းတဲ့အပြင် စစ်ကောင်စီကို ကြိုက်လွန်းလို့ တက်ကြတယ်ဆိုတာ ပြည်သူက သိပြီးသားပါ။ ပြည်သူက ကွဲကွဲပြားပြား နားလည်ပြီးသားပါ။ အဲဒီအပေါ်မှာမှ ပြည်သူ့ရဲ့ နားလည်မှု ပေးပြီးသားအပေါ်မှာ အခြား အဆင့်နိမ့်တဲ့ အခြား အနုပညာရှင်တွေနဲ့ ဒွန်တွဲပြီးတော့ ပြည်သူ့ရဲ့ နားလည်မှုအပေါ်မှာ သစ္စာမဖောက်ဖို့ လိုတယ်။ ပြည်သူ့အပေါ် သစ္စာမဖောက်ဖို့နဲ့ တော်လှန်ရေးအပေါ် သစ္စာမဖောက်ဖို့ လိုပါတယ်"လို့ ဒါရိုက်တာ သည်ခေတ်နေက ဒီဗွီဘီကို ပြောပါတယ်။

အကယ်ဒမီ ရပြီးသား အနုပညာရှင်တွေ ပွဲတက်ရင် ရွှေရင်ထိုး တံဆိပ် ပေးမယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကနေ ဧပြီ ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီက အနုပညာရှင်တွေကို ဖိအားပေး ခြိမ်းခြောက်သလို တဖက်မှာလည်း အနုပညာရှင်အချို့ကို မက်လုံးပေး စည်းရုံးနေတာပါ။

အကယ်ဒမီပွဲမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခံရမှုကနေ ခံဝန်နဲ့ လွတ်လာတဲ့ အနုပညာရှင်တွေကို အသုံးချပြီး ပြည်သူနဲ့ ရန်တိုက်ပေးနိုင်တယ်လို့ တော်လှန်ရေးနယ်မြေမှာ ရောက်နေတဲ့ ဟားငါးကောင်အဖွဲ့မှ လူရွှင်တော် တိုင်းကျော်က ပြောပါတယ်။

"စစ်ကောင်စီက ပြီးခဲ့တဲ့ အတုယောင်သင်္ကြန်တုန်းကလည်း ဒီအကယ်ဒမီ ပေးပွဲမှာ လုပ်မယ့် အကွက်ပဲ သူတို့ သုံးသွားတယ်။ ပြည်သူနဲ့ ဒီတော်လှန်ရေးမှာ ပါခဲ့တဲ့ အနုပညာသမားတွေနဲ့ ထိပ်တိုက် တည်ပေးလိုက်တယ်။ ပြည်သူက တော်လှန်ရေးကို စိတ်ပျက်သွားအောင် ဒီလူတွေက တော်လှန်ရေးမှာ မပါတော့တာပဲဆိုပြီး စိတ်ပျက်သွားအောင် သူတို့က တည်ပေးတယ်။ ဥပမာ- ဂျီဖတ်ဆို သီချင်းတွေဆိုတယ်။ ဒါပေမဲ့ ပြည်သူက အမှ မအတော့တာ။ သင်္ကြန်မှာ ဘယ်သူက ပျော်ပျော်ပါးပါး သီချင်းဆိုသွားတယ်။ ဘယ်သူက သူ့စီးပွားအတွက် စစ်ကောင်စီနဲ့ ပူးပေါင်းသွားတယ်ဆိုတာ ပြည်သူက သိနေပြီ မအတော့ဘူး။

"အဲ့တော့ အကယ်ဒမီပေးပွဲကို သူတို့က ပိုပြီး ဗျူဟာကျကျ အနုပညာသမားနဲ့ ပြည်သူကို ရန်တိုက်ပေးမယ်။ နောက်ပြီးကျတော့ ဒီတော်လှန်ရေးမှာ ပါခဲ့တဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အနုပညာသမားအချို့ ရှိသေးတယ်။ ပြန်လွှတ်ပေးထားတဲ့ အနုပညာသမားတွေလည်း ရှိတယ်။ အဲဒီ အနုပညာသမားတွေကို ဒီအကယ်ဒမီပေးပွဲမှာ ပြည်သူတွေ ဝေဝါးအောင် ထုတ်ရှိုးမယ်။ ပြီးရင် ပြည်သူနဲ့ ထိပ်တိုက် ရန်တိုက်ပေးမယ်လို့ မြင်တယ်။ တော်လှန်ရေးမှာ ပါတဲ့ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ အနုပညာသမားတွေကို အကယ်ဒမီ ပေးလိုက်မယ်လို့ မြင်တယ်။ ဒါ အတင်းသပ်သပ် ဖိအားပေးပြီး ပြည်သူနဲ့ ပြည်သူ့အနုပညာရှင် အချို့ကို ထိပ်တိုက် တည်ပေးမယ့်ပွဲလို့ မြင်တယ်။ ပြောရမယ်ဆို ဘာအနုပညာမှ မပါတဲ့ အကယ်ဒမီ ပေးပွဲပေါ့။ အရင် အာဏာမသိမ်းခင်ကလိုမျိုး ပြည်သူက ရင်ခုန်မယ့် အကယ်ဒမီ ပေးပွဲ မဟုတ်ဘူး။ ငြိမ်ငြိမ်လေး နေနေတဲ့ ပြည်သူ့အနုပညာရှင်တွေကို ထိပ်တိုက် ရန်ဖြစ်အောင် ယုတ်မာတဲ့ပွဲပဲ"လို့ လူရွှင်တော် တိုင်းကျော်က ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီက ၃ နှစ်စာ ပေါင်းလုပ်မယ့် အကယ်ဒမီ ပေးပွဲအတွက် ခမ်းခမ်းနားနား ကျင်းပဖို့ ပြင်ဆင်နေပြီး သူတို့ ဦးဆောင်လုပ်တဲ့ပွဲမှာ ရွှေစင်ရုပ်ထုတွေ အပါအဝင် ကုန်ကျစရိတ် အားလုံးကို နိုင်ငံတော် အသုံးစရိတ်ထဲကနေ မတည် သုံးစွဲသွားမယ်လို့ စစ်ကောင်စီ လက်အောက်ခံ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက မတ်လအတွင်းက ပြောခဲ့ပါတယ်။

မေလ ၆ ရက်မှာလုပ်မယ့် အကယ်ဒမီပွဲအတွက် အနုပညာရှင်တွေကို မေလ ၁ ရက်ကနေ ၇ ရက်အတွင်း ရိုက်ကူးရေး လုပ်ငန်းတွေ ရပ်နားထားဖို့ ရုပ်ရှင်အစည်းအရုံးက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကို ထောက်ခံတဲ့ အနုပညာရှင် တချို့ကတော့ အကယ်ဒမီပေးပွဲ တက်ရောက်ဖို့ ဆန္ဒရှိနေကြပြီး အကယ်ဒမီပွဲမှာ စစ်ကောင်စီ လက်အောက်ခံ အနုပညာရှင်တွေအပြင် ခံဝန်နဲ့ လွတ်လာတဲ့ အနုပညာရှင်အချို့ကို အကယ်ဒမီဆုတွေ ပေးနိုင်တယ်လို့ ခန့်မှန်း ပြောဆိုတာတွေ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013