DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် တရက်တည်း ကိုဗစ်လူနာသစ် အယောက် ၇၀ ကျော်တွေ့ဟု စစ်ကောင်စီ ပြော
DVB
·
April 26, 2023
မြန်မာနိုင်ငံတွင် တရက်တည်း ကိုဗစ်လူနာသစ် အယောက် ၇၀ ကျော်တွေ့ဟု စစ်ကောင်စီ ပြော
Donate to DVB

မြန်မာနိုင်ငံမှာ ခုရက်ပိုင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ ခပ်စိပ်စိပ် ပြန်လည်တွေ့ရှိ လာခဲ့ပြီးနောက် ဧပြီ ၂၄ တရက်တည်းမှာတင် ကူးစက်မှုအသစ် အယောက် ၇၀ ကျော် ရှိခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၅,၂၁၃ ခုကို စစ်ဆေးခဲ့ချိန်မှာ ပိုးတွေ့လူနာသစ် ၇၁ ယောက် တွေ့ရှိရတာကြောင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၀ ဒသမ ၄၇ ရာခိုင်နှုန်း ရှိနေတာ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ထပ်မံသေဆုံးသူကတော့ တယောက်မှ မရှိခဲ့တာမို့ စုစုပေါင်း သေဆုံးသူ အရေအတွက်ကတော့ ၁၉,၄၉၀ ယောက် ရှိနေတယ်လို့ ထုတ်ပြန်ပါတယ်။

နိုင်ငံတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၆၃၄,၄၇၁ ယောက် ရှိလာခဲ့ပြီဖြစ်ကာ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူပေါင်း ၆၁၄,၇၁၆ ယောက် ရှိခဲ့ပြီလို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီစစ်ဆေးထုတ်ပြန်ချက်တွေဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု၊ သေဆုံးမှုတွေနဲ့ ပတ်သက်ပြီးတော့ တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

စစ်ကောင်စီဩဇာခံ ကျန်းမာရေးဝန်ကြီးဌာနကတော့ ကိုဗစ်-၁၉ နေ့စဉ်ကူးစက်မှုနှုန်း ၁ ရာခိုင်နှုန်းအောက်ထိ ဝန်းကျင်နဲ့သာ ထုတ်ပြန်နေတာကို တွေ့ရပြီး သေဆုံးမှု လုံးဝမရှိတဲ့ နေ့တွေလည်း ရှိလာနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်း ၂ နှစ်ကျော်ကာလအတွင်း တိုင်းပြည်မှာ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေပါတယ်။

ခုရက်ပိုင်းမှာတော့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုအသစ် ခပ်စိပ်စိပ် တွေ့လာနေရ ပြီးတော့ တနင်္သာရီတိုင်းမှာ စစ်ကောင်စီဝန်ကြီးနဲ့ ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ်တို့ ရောဂါကူးစက်ခံခဲ့ရသလို ဧပြီ ၂၄ ရက်ကလည်း ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရပြီး မြန်မာဘက်ကို နေရပ်ပြန်ပို့ခံရသူတွေထဲက ၉ ယောက်မှာ ကိုဗစ်ပိုး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကိုဗစ်ကူးစက်နှုန်း များလာတာကြောင့် ကိုဗစ်လူနာတွေအတွက် နိုင်ငံတဝန်းက ဆေးရုံတွေ အသင့်ပြင်ထားကြဖို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၂၄ ရက်မှာ ညွှန်ကြားခဲ့တယ်လို့ ကျန်းမာရေးဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ညွှန်ကြားစာမှာတော့ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယတို့မှာ ကူးစက်မြန် ကိုဗစ်-၁၉ မျိုးကွဲ 1.16 (Arcturus) ကြောင့် ၂၀၂၃ ဇန်နဝါရီကစပြီး ကူးစက်နှုန်း မြင့်တက်လာပြီး မြန်မာနိုင်ငံအတွင်း ဧပြီလကစတင်ကာ ကိုဗစ်ကူးစက်သူ များပြားလာတဲ့အတွက် ဆေးရုံတွေ အသင့်ပြင်ထားဖို့ ပါရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ကိုဗစ်-၁၉ ဒုတိယလှိုင်းမှာတော့ အာဏာသိမ်းစစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းမှု၊ ဆရာဝန်တွေ မလုံလောက်မှုနဲ့ ဆေးဝါးမလုံလောက်မှုတွေကြောင့် ပြည်သူတွေ ထောင်နဲ့ချီကာ သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013