DVB Logo
Home
မြန်မာသတင်း
ဗိုလ်တထောင်မြို့က Six One City Project ဖျက်သိမ်း
DVB
·
October 9, 2026
Photo : Six One City
Photo : Six One City
Donate to DVB

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်မှာ တည်ဆောက်ဖို့ စီစဉ်ထားတဲ့ Six One City Project ကို အခက်အခဲမျိုးစုံကြောင့် ဆက်လက်အကောင်အထည်ဖော်နိုင်တော့ခြင်းမရှိဘဲ ဖျက်သိမ်းလိုက်ကြောင်း Developer ဖြစ်တဲ့ School City Company Limited က ဒီနေ့ အောက်တိုဘာ ၉ ရက်မှာ အခန်းဝယ်ယူထားသူတွေကို အကြောင်းကြားစာတွေ ပေးပို့လာတယ်လို့ သိရပါတယ်။

စီမံကိန်းမှာ အခန်းဝယ်ယူထားသူတွေအနေနဲ့ ပေးသွင်းထားတဲ့ငွေတွေ ပြန်လည်ထုတ်ယူနိုင်ဖို့ ကုမ္ပဏီထံ ပြန်လည်ဆက်သွယ်နိုင်ကြောင်းလည်း ကြေညာချက်မှာ အသိပေးထားပါတယ်။

“အခက်အခဲမျိုးစုံကြောင့် ဆက်လက်ဆောင်ရွက်ရန် အဆင်မပြေတော့ဘဲ ဖျက်သိမ်းလိုက်ပါကြောင်း” School City Company Limited က ဖော်ပြထားပြီး စီမံကိန်းကို ယုံကြည်ပြီး အခန်းဝယ်ယူထားသူတွေကို တောင်းပန်ထားပါတယ်။

ဒါပေမဲ့ စီမံကိန်းကို ဖျက်သိမ်းရတဲ့ အခက်အခဲမျိုးစုံ ဆိုတာ ဘာတွေလဲ၊ ငွေပြန်အမ်းမှုကို ဘယ်နေ့က စတင်မလဲ၊ အခန်းဝယ်ယူသူ ဘယ်နှဦးရှိသလဲနဲ့ ပြန်အမ်းရမဲ့ ငွေပမာဏ ဘယ်လောက်ရှိသလဲဆိုတာကိုတော့ ကြေညာချက်မှာ အသေးစိတ်ဖော်ပြထားခြင်း မရှိပါဘူး။

Six One City Project ဟာ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တထောင်ဈေးလမ်းနဲ့ ကုန်သည်လမ်းထောင့်မှာ အကောင်အထည်ဖော်ဖို့ စီစဉ်ထားတဲ့ အဆင့်မြင့် စီးပွားရေးနဲ့ လူနေအိမ်ရာစီမံကိန်းတခု ဖြစ်ပါတယ်။

စီမံကိန်းဆိုင်ရာ ယခင်အရောင်းအချက်အလက်တွေအရ စီမံကိန်းမြေဧရိယာဟာ ၃ ဧကခန့်ရှိပြီး ၂၈ ထပ်အဆောက်အအုံ ၂ လုံး၊ ၃၃ ထပ်အဆောက်အအုံတလုံးနဲ့ အခြားအဆောက်အအုံတွေ ပါဝင်ဖို့ စီစဉ်ထားပါတယ်။ 

ကွန်ဒိုအခန်းပေါင်း ၄၅၀ ဝန်းကျင်နဲ့ ကားအစီး ၇၀၀ ခန့် ရပ်နားနိုင်တဲ့ ကားပါကင်ပါဝင်ဖို့ စီစဉ်ခဲ့ကြောင်း စီမံကိန်းအချက်အလက်ဟောင်းတွေမှာ ဖော်ပြထားပါတယ်။

စီမံကိန်းကို အဆင့်မြင့်ကွန်ဒို၊ serviced apartment၊ ဆိုင်ခန်း၊ ရုံးခန်းနဲ့ စီးပွားရေးနေရာတွေ ပါဝင်တဲ့ mixed-use development အဖြစ် ဈေးကွက်တင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီနဲ့ မတ်လအတွင်း အရောင်းမြှင့်တင်ပွဲတွေ ပြုလုပ်ခဲ့တာကိုလည်း တွေ့ရပါတယ်။

School City Company Limited ကို ၂၀၂၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဗိုလ်တထောင်မြို့နယ်ရှိ Central Store နေရာမှာ စီးပွားရေးနဲ့ ရုံးခန်းအဆောက်အအုံ၊ ကျောင်းနဲ့ ဘတ်စ်ကားအပြောင်းအလဲစခန်း၊ တက္ကစီရပ်နားရာနေရာအပါအဝင် သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုတွေ တည်ဆောက်၊ ငှားရမ်းနဲ့ စီမံခန့်ခွဲဖို့ ခွင့်ပြုခဲ့ပါတယ်။

Six One City Project ဖျက်သိမ်းမှုဟာ ရန်ကုန်အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေးကဏ္ဍမှာ တန်ဖိုးကြီးစီမံကိန်းတွေ ဆောက်လုပ်ရေးနှောင့်နှေးမှု၊ ဝယ်ယူသူနဲ့ Developer ကြား အငြင်းပွားမှုနဲ့ ပြဿနာတွေ ပေါ်ပေါက်နေချိန်မှာ ထပ်မံပေါ်ထွက်လာတာ ဖြစ်ပါတယ်။

ကုမ္ပဏီကတော့ အခန်းဝယ်ယူသူတွေရဲ့ ပေးသွင်းငွေတွေကို ပြန်လည်ထုတ်ယူနိုင်တယ်လို့ ကြေညာထားပေမဲ့ ငွေပြန်အမ်းမဲ့ အချိန်ဇယား၊ လုပ်ထုံးလုပ်နည်းနဲ့ အပြည့်အဝပြန်အမ်းမယ်၊ မအမ်းဘူးဆိုတဲ့ အသေးစိတ်အချက်တွေကို လက်ရှိကြေညာချက်မှာ မဖော်ပြထားသေးပါဘူး။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013