DVB Logo
Home
မြန်မာသတင်း
မိုးဗြဲတွင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်
DVB
·
April 26, 2023
မိုးဗြဲတွင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်
Donate to DVB

ကရင်နီ(ကယား)ပြည်နယ်စပ်၊ ရှမ်းပြည်နယ်၊ မိုးဗြဲမြို့အနီးမှာ ဧပြီ ၂၆ ရက် ဒီကနေ့မနက်ကစ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေတိုက်ခိုက်နေသလို  လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အထိအခိုက်မသိရသေးပေမယ့် မနက် ၁၁ နာရီလောက်မှာ လွိုင်ကော်ကနေ ရန်ကုန်ကို ထွက်ခွာလာတဲ့ ခရီးသည်တင်ကားတစီး  လွိုင်ကော်မြို့နယ် ဝါရီကောခူကျေးရွာအနီး ပစ်ခတ်ခံရတဲ့အတွက် ခရီးသည်တွေကို လွိုင်ကော်ဘက် ပြန်လည်ပို့ဆောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခရီးသည်တဦးက “မနက် လွိုင်ကော်ကနေအထွက် ဝါရီကောခူမှာ အကျော်မှာ အပစ်ခံရတာပါ။ လက်ရှိမှာတော့ခရီးသည်တွေအားလုံး လွိုင်ကော်ကားဂိတ်ကို ပြန်ပို့ထားပြီးဖြစ်ပါတယ်။ ကားဂိတ်ကနေ ကားထွက်ချိန် ၉ နာရီမှာ တိုက်ပွဲကြောင့် မထွက်ဖြစ်ဘဲ ၁၁ နာရီမှ ထွက်တာဖြစ်တာ။ ၁၂ နာရီမှာပဲ အဝေးပြေးခရီးသည်ယာဥ်အားလုံးနီးပါး ပစ်ခံရတာ”လို့ ပြောပါတယ်။

ဧပြီ ၂၅ ရက်  မနေ့မွန်းလွဲ ၁၂ နာရီခွဲလောက်ကလည်း ဖယ်ခုံမြို့နယ်၊ ယင်နွဲ့ကျေးရွာအုပ်စုရှိ ဆောင်းဖွေးဆေးရုံကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ၅ ကြိမ်ထက်နည်းပစ်ခတ်ပြီး  ဗုံး ၁၀ လုံးကျော် ကြဲချခဲ့ပါတယ်။

ဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၅ ဦးရှိပြီး အသက် ၄၀ လောက် အရွယ်အမျိုးသမီး မီးနေသည် အမျိုးသမီးတယောက်  ဦးခေါင်းမှာ ဒဏ်ပြင်းထန်စွာ ရရှိခဲ့ပြီး စိုးရိမ်ရတဲ့ အခြေအနေရှိနေပါတယ်။

သူ့ရဲ့ ၃ ရက်သားအရွယ် ကလေးငယ်လည်း မှန်အိမ်ထဲမှာ ကျန်ခဲ့ပြီး နောက်ပိုင်းမှာ ဒေသခံတွေ သွားရောက်ကယ်ဆယ်ခဲ့ကာ အနီးအနားက ကျေးရွာမှာ စောင့်ရှောက်ထားတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တာရိုက်တာ ဦးဗညားက ပြောပါတယ်။

“ကလေးလေးက ၃ ရက်သားပဲ ရှိပါသေးတယ်။ သူ့အမေက မနေ့က ထိခိုက်တဲ့အထဲမှာပါသွားတယ်။ ခေါင်းကို ထိတာပေါ့နော်။ ကလေးက မွေးပြီးခါက အသားဝါဝင်တော့ ပေါင်းမှန်ထဲမှာ ထည့်ထားတာပေါ့နော်။ ဗုံးကြဲတော့ မိခင်ကိုထိသွားတယ်။ အဲတော့ အခုမိခင်က အရေးပေါ်ကုသမှုခံယူနေတယ်။ ခေါင်းကိုဒဏ်ရာရတဲ့အတွက် အခြေအနေပြင်းထန်လို့သိရတယ်။ ကလေးလေးက အဲဒီအနီးအနားရှိတဲ့သူတွေက ခဏစောင့်ရှောက်ထားတယ်လို့သိရတယ်။”

ဧပြီ ၂၄ ရက်ကလည်း စစ်ကောင်စီက ဒီးမော့ဆိုမြို့နယ် ဒေါဒမကြီး ဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဆေးရုံတခုလုံး ပျက်စီးသွားခဲ့ပါတယ်။ အဆိုပါဆေးရုံမှာ လူနာမရှိတဲ့အတွက် ထိခိုက်မှုမရှိခဲ့ဘူးလို့ လည်း ဒေသခံတွေက ပြောပါတယ်။

ကရင်နီဒေသမှာ မတ်ဆန်းပိုင်းကစပြီး စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်နေသလို အရပ်သားတွေကိုပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ကရင်နီပြည် လူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက ပြောပါတယ်။

“မနက် ၉ နာရီခွဲဝန်းကျင်မှာ လေယာဉ်နဲ့  ၃ ကြိမ် မိုးဗြဲနားမှာလာပြီး ဗုံးကြဲတိုက်ခိုက်တာရှိတယ်။ အဲတော့ကျနော်တို့ပြည်နယ်ထဲမှာ စစ်ကောင်စီရဲ့ထိုးစစ်တွေ ပြင်းထန်လာတာနဲ့အမျှ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ပိုများလာတာပေါ့နော်။ အဲတော့ ကျနော့်အနေနဲ့ တိုက်ပွဲအတွင်း ဗုံးကြဲတိုက်ခိုက်တာက ပြောစရာမရှိပေမဲ့ လူထုပစ်မှတ်တွေကို စစ်ကောင်စီက ပိုပြီးမှ ပစ်မှတ်ထား တိုက်ခိုက်လာတယ်။ မနေ့က နောက်ဆုံး ဆောင်းဖွေးမှာဖြစ်တဲ့ဖြစ်စဉ်ကိုကြည့်မယ်ဆိုရင် ဒီဟာက အရမ်းကို ဆိုးဝါးတဲ့ နောက်လူအခွင့်အရေးချိုးဖောက်မှုတရပ်လို့ ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ လူကိုထိခိုက်ဒဏ်ရာရ သေဆုံးမှုအထိဖြစ်တဲ့ဟာ မကဘဲ လူထုတွေပေါ်မှာ ခြိမ်းခြောက်မှုတွေကို ဆက်တိုက်လုပ်လာတယ်။ အဲတော့ လူထုတွေက အဲဒီနေရာမှာမနေရဲတော့ဘဲ အသစ်နေရာ အသစ်အသစ်တွေ ထပ်ရွှေ့တဲ့အတွက်ကြောင့်မို့လို့ လူထုတွေရဲ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပျက်စီးကုန်တယ်။ ကျန်းမာရေးခက်ခဲသွားတယ်။ ပညာရေးခက်ခဲသွားတယ်။ စားဝတ်နေရေးပိုကျပ်တည်းသွားတယ်။ လူမှုသဟဇာတတွေ ပျက်စီးသွားရတာပေါ့နော်။ ဒီဟာဆိုးဝါးတဲ့ လူ့အခွင့်အရေးတရပ်သို့မဟုတ် လူသားမျိုးနွယ်တွေအပေါ်မှာ ချိုးဖောက်တဲ့ ရာဇဝတ်မှုတွေပေါ့နော်။” 

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုတွေမှာ စစ်ကောင်စီတပ်တွေ ထိခိုက်သေဆုံးမှု အခြေအနေကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသလို တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာလည်း မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013