DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်မှုရပ်တန့်ရန် စစ်ခေါင်းဆောင်ကို တိုက်တွန်းခဲ့ဟု ဘန်ကီမွန်းပြော၊ လူမိုက်ကို ပွဲထုတ်နေဟု NUG ယာယီသမ္မတ တုံ့ပြန်
DVB
·
April 25, 2023
အကြမ်းဖက်မှုရပ်တန့်ရန် စစ်ခေါင်းဆောင်ကို တိုက်တွန်းခဲ့ဟု ဘန်ကီမွန်းပြော၊ လူမိုက်ကို ပွဲထုတ်နေဟု NUG ယာယီသမ္မတ တုံ့ပြန်
Donate to DVB

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းက မြန်မာစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံ တောင်းဆိုလိုက်ပါတယ်။

The Elders အဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းဟာ ဧပြီ ၂၄ ရက်က  နေပြည်တော်မှာ  မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံရာမှာ တောင်းဆိုလိုက်တာလို့ The Elders အဖွဲ့က မစ္စတာဘန်ကီမွန်းရဲ့ မြန်မာပြည်ခရီးစဉ်အပြီး ဧပြီ ၂၅ ရက် ဒီကနေ့မှာ ထုတ်ပြန်ပြောပါတယ်။

မြန်မာပြည်မှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့နဲ့  ငြိမ်းချမ်းတဲ့၊ ဒီမိုနည်းကျတဲ့ အားလုံးပါဝင်တဲ့ တရားဝင်မှုရှိတဲ့ အစိုးရတရပ် တည်ထောင်ဖို့ လမ်းကြောင်းရှာတဲ့အနေနဲ့  မစ္စတာဘန်ကီမွန်းနဲ့ အဖွဲ့ဟာ ဧပြီ ၂၃ နဲ့ ၂၄ ရက်က မြန်မာနိုင်ငံကို သွားရောက်ခဲ့တာလို့ ဆိုပါတယ်။

ဘန်ကီမွန်းဟာ ဒီခရီးစဉ်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ရော သမ္မတဟောင်း ဦးသိန်းစိန်နဲ့ပါတွေ့ဆုံပြီး မြန်မာ့အရေး ခိုင်မာတဲ့ရေရှည် အဖြေတခုရဖို့    NUG အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် သက်ဆိုင်သူတွေအားလုံးပါဝင်ဖို့ အရေးကြီးတဲ့အကြောင်း အလေးထားဆွေးနွေးပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ 

“အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေး သဘောတူ လက်ခံလာအောင် စစ်တပ်ကို တိုက်တွန်းဖို့နဲ့ သက်ဆိုင်သူတွေအားလုံးနဲ့ အပြုသဘောဆောင်တဲ့တွေ့ဆုံဆွေးနွေးမှုတွေ စတင်ဖို့ ကျနော် မြန်မာပြည်ကို လာခဲ့တာပါ”လို့ ဘန်ကီမွန်းက ပြောပါတယ်။

စူးစမ်းလေ့လာတွေ့ဆုံခဲ့တာ ဖြစ်တယ်၊ မြန်မာပြည်သူတွေ ငြိမ်းချမ်းဖို့၊ သာယာဝပြောဖို့နဲ့ သူတို့ရသင့်ရထိုက်တဲ့ လွတ်လပ်မှုတွေရရှိဖို့ တတ်နိုင်သလောက် အကူအညီပေးသွားမယ်လို့လည်း ပြောပါတယ်။ 

ဘန်ကီမွန်းဟာ မြန်မာစစ်တပ်ရဲ့ ဖိတ်ခေါ်ချက်နဲ့ နေပြည်တော်ကို သွားရောက်တာ ဖြစ်ပြီး  စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံရာမှာ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်နဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ချမှတ်ခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို အကောင်အထည်ဖော်ရေးနဲ့ တိုးတက်မှုတွေရှိဖို့ အရေးကြီးတဲ့အကြောင်း အလေးထားပြောခဲ့တယ်လို့ ဆိုပါတယ်။

ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အကျဉ်းသားတွေအားလုံးကို စစ်တပ်အနေနဲ့ ချက်ချင်းပြန်လွှတ်ဖို့၊ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေလုပ်ဖို့နဲ့ အကြမ်းဖက်မှုတွေ မဖြစ်အောင် ဘက်အားလုံးက အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ နိုင်ငံတကာ အသိုက်အဝန်းရဲ့ တောင်းဆိုမှုတွေကို ထောက်ခံကြောင်းလည်း ဘန်ကီမွန်းက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူ၊ ပဇီကြီးကျေးရွာမှာ အရပ်သား ၁၆၈ ယောက် သေဆုံးခဲ့ရတဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ အပြင်းအထန် ရှုတ်ချမှုတွေကိုလည်း ထပ်လောင်း ပြောပြခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲကိုလည်း လွတ်လပ်မျှတစွာ ကျင်းပနိုင်တဲ့အခြေအနေရောက်မှ  ကျင်းပဖို့၊ လက်ရှိ အခြေအနေမှာ ကျင်းပရင် အကြမ်းဖက်မှု အန္တရာယ်ရှိနေသလို ရလဒ်ကိုလည်း မြန်မာပြည်သူတွေကော အာဆီယံနဲ့ နိုင်ငံတကာအသိုက်အဝန်းကပါ လက်ခံမှာ မဟုတ်ကြောင်း မြန်မာစစ်ခေါင်းဆောင်ကို ပြောပြခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရရေး အဖြေရှာဖို့ ကြိုးပမ်းလုပ်ဆောင်တဲ့ နေရာမှာ  အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ညီညွတ်မှုကို ပြသဖို့လိုတဲ့အကြောင်း စိတ်ရှည်ရှည်နဲ့ စိတ်ပိုင်းဖြတ်လုပ်ဆောင်မှုနဲ့အတူ လက်ရှိအကျပ်အတည်းကနေ ရှေ့ဆက်သွားနိုင်မယ့် လမ်းကြောင်းတခု  ရှာဖွေနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်းနဲ့ စစ်တပ်အနေနဲ့ ပထမဆုံးခြေလှမ်းကို စတင်ရမယ်လို့ ဘန်ကီမွန်းက ပြောပါတယ်။

ဘန်ကီမွန်းရဲ့ခရီးစဉ်မှာ မြန်မာနိုင်ငံရဲ့ နောက်ဆုံးဖြစ်ပေါ်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ အပြန်အလှန် အမြင်ချင်းဖလှယ် အပြုသဘောဆောင် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့  စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပြန်ခဲ့ပေမဲ့ ဆွေးနွေးတဲ့ အကြောင်းအရာ အသေးစိတ်ကိုတော့ ပြောဆိုခဲ့တာမရှိပါဘူး။

အဆိုပါတွေ့ဆုံပွဲကို စစ်ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယ ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တို့တက်ရောက်ကြသလို The Elders အဖွဲ့ကလည်း ဘန်ကီမွန်းနဲ့အတူ ဩစတြေးလျနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီးဟောင်း ကင်ဘွန်းယန်တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

မစ္စတာ ဘန်ကီမွန်းနဲ့အဖွဲ့ကို ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးကလည်း နေပြည်တော်ရှိ Jasmine  ဟိုတယ်မှာ သီးခြားတွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေကို အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။

မစ္စတာဘန်ကီမွန်းဟာ ဒီခရီးစဉ်မှာ  နေပြည်တော်မှာ အကျဉ်းကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ စစ်ကောင်စီကို တောင်းဆိုခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမဲ့ အတည်ပြုနိုင်ခြင်းမရှိသလို တွေ့ခွင့်ရတယ် မရဘူးဆိုတာလည်း မသိရသေးပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလကတော့ ဘန်ကီမွန်းရဲ့ မြန်မာပြည်ခရီးစဉ်ကို ကန့်ကွက် ရှုတ်ချလိုက်ပြီး ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို လက်လွတ်စပယ် သတ်ဖြတ်ညှဉ်းဆဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာ ဇာတ်ခုံမှာ လူမိုက်ကို ပွဲထုတ်နေတာဖြစ်တယ်လို့ ဒီကနေ့ မနက်ကျင်းပတဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောပါတယ်။

“ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းနဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ မနေ့က နေပြည်တော်မှာ တွေ့ဆုံတဲ့ အကြောင်းနဲ့ပတ်သက်ပြီး ပြောချင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ မူအားဖြင့် ကန့်ကွက် ရှုတ်ချသင့်တယ်လို့ မြင်ပါတယ်။ အကြောင်းကတော့ ပြည်သူလူထုရဲ့ အသက် အိုးအိမ်စည်းစိမ်ကို လက်လွတ်စပယ် သတ်ဖြတ်ညှဉ်းဆဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာ ဇာတ်ခုံမှာ လူမိုက်ကို ပွဲထုတ်နေတယ်လို့ ယူဆပါတယ်။ ဒါဟာ ကျင့်ဝတ်အားဖြင့် မလျော်ကန်တဲ့ ကိစ္စလို့လည်း ယူဆပါတယ်။ နိုင်ငံတကာအစုအဖွဲ့ကိုယ်စားလှယ်တွေဟာ အကြမ်းဖက် စစ်ကောင်စီကို ယဉ်ကျေးအောင် ချော့မြူနိုင်ဖို့ ကြိုးစားနေဟန်ရှိပါတယ်။ ယခင် စစ်အစိုးရ အဆက်ဆက်မှာလည်း ဒီလို ပုံသေနည်းနဲ့ ချဉ်းကပ်ခဲ့လို့၊ ကျွန်တော်တို့ နိုင်ငံမှာ စစ်အာဏာရှင်ဟာ သက်ဆိုးရှည်နေခဲ့တာ တွေ့ရတယ်။ အခုလည်း စစ်အာဏာသိမ်းမှုနဲ့ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတဲ့ စစ်အာဏာရှင်တွေကို သက်ဆိုးရှည်အောင်၊ အသက်ရှူပေါက်ချောင်အောင် လုပ်နေတယ်လို့ ယူဆပါတယ်" လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

မစ္စတာဘန်ကီမွန်းဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် သူ တာဝန်ယူခဲ့စဉ်က မြန်မာနိုင်ငံ နာဂစ်မုန်တိုင်းဘေးဒဏ်ခံခဲ့ရတဲ့  ၂၀၀၈ ခုနှစ် မေလမှာ  မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ခဲ့ဖူးပါတယ်။

အခုသွားရောက်တဲ့ မစ္စတာဘန်ကီမွန်းရဲ့ မြန်မာပြည်ခရီးစဉ်ဟာ ကိုရီးယားအစိုးရနဲ့ လုံးလုံးမပတ်သက်တဲ့အကြောင်း၊ ကိုရီးယားအစိုးရက စေလွှတ်တဲ့ တရားဝင်ခရီးစဉ်လည်း မဟုတ်ကြောင်းနဲ့ The Elders အဖွဲ့ရဲ့ အစီအစဉ်သာဖြစ်တယ်လို့ ကိုရီးယားသံရုံးက အေပီသတင်းဌာနကို ပြောထားပါတယ်။

နယ်လ်ဆင်မန်ဒဲလား တည်ထောင်ခဲ့တဲ့ The Elders အဖွဲ့ဟာ  ကမ္ဘာ့တဝန်း  ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးနဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး တဖက်တလမ်းကနေ ပါဝင်ကူညီဆောင်ရွက်ပေးနေတာ ဖြစ်ပြီး ဒီအဖွဲ့မှာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်တွေ၊ ဩဇာရှိပြီး လူအများလေးစားရတဲ့ ကမ္ဘာ့ခေါင်းဆောင်ဟောင်းတွေနဲ့ ပါဝင်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013