DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်တွင်း ဆန်ဈေးနှုန်းများ ထပ်မံ မြင့်တက်လာ
DVB
·
April 24, 2023
မြန်မာပြည်တွင်း ဆန်ဈေးနှုန်းများ ထပ်မံ မြင့်တက်လာ
Donate to DVB

ရန်ကုန်စျေးကွက်ကို ဆန်အဝင်နည်းပြီး အရောင်းအဝယ်ကောင်းနေတာကြောင့် ရက်ပိုင်းအတွင်း ဆန်ချော၊ ဆန်ကြမ်းစျေးတွေ တစ်အိတ်ကို ကျပ် ၃၀၀၀ ကနေ ၅၀၀၀ အကြား စျေးထပ်မံ မြင့်တက်လာတယ်လို့ ဆန်လက်လီ၊ လက်ကားရောင်းဝယ်ရေး လုပ်ကိုင်သူတွေထံက သိရပါတယ်။

ဒီကနေ့မှာ ရွှေဘိုပေါ်ဆန်း ဆန်အသစ် တစ်အိတ်ကို ကျပ် တစ်သိန်းကျော်ထိ မြင့်တက်လာပြီး ဧရာဝတီတိုင်း ဒေသထွက် ဆန်‌ချော၊ ဆန်ကြမ်းစျေးနှုန်းတွေက တစ်အိတ်ကို ကျပ် ကျပ် ၃၀၀၀ ကနေ ၅၀၀၀၀ အကြား စျေးထပ်မံ မြင့်တက်လာတာလို့ ဆန်ကုန်သည်တွေထံက သိရပါတယ်။

“ဒီတစ်ပတ် ဝါးတန်းကုန်စည်ဒိုင်မှာ ဆန်တစ်အိတ်ကို ၅၀၀၀ လောက်ထပ် တက်ပါတယ်။ အဓိက ရွှေဘို ပေါ်ဆန်း နဲ့ ဧရာဝတီဆန်တွေ တက်လာတာပါ ’’လို့ ဆန်ကုန်သည်တစ်ဦးက ပြောပါတယ်။

ပြည်တွင်းဆန်စျေးကွက်အတွင်း ဆန်စျေး မတန်တဆမြင့်တက်နေမှုက နယ်မြေ မတည်ငြိမ်မှုတွေအရ စပါးစိုက်ပျိုးနိုင်မှုမရှိဘဲ စိုက်ဧကလျော့ကျလာတာ၊ လျှပ်စစ်မီးမရတာကြောင့် စပါးကြိတ်ခွဲမှုလုပ်ငန်းတွေ နှောင့်နှေးပြီး ကုန်ကျစရိတ် ပိုလာတာ၊ သယ်ယူစရိတ်တွေ မြင့်တက်လာတာ၊ လှောင်လက်တွေရဲ့ စျေးကစားမှုတွေရှိနေတာ စတဲ့အချက်တွေကြောင့် ဆန်စျေးမြင့်တက်နေရခြင်းဖြစ်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

ရန်ကုန်အခြေစိုက် ဆန်လက်လီ၊လက်ကား ရောင်းချသူ တစ်ဦးက "အဓိက စပါးဈေးမြင့်နေတဲ့အတွက် ဆန်စျေးမြင့်နေတာပေါ့။ လျှပ်စစ်မီးကလည်း မရတော့ ထုတ်လုပ်မှု စရိတ်မှာ သွားတက်တယ်။ လှောင်လက်တွေ စျေးကစားတာလည်း ပါမယ်ထင်တယ်" လို့ မှတ်ချက်ပြုပါတယ်။

စျေးကွက်ထဲ ဆန်အသစ်တွေ ဝင်ရောက်နေချိန်မှာ ဆန်စျေးကျဆင်းလေ့ရှိပေမဲ့ အခုနှစ်ကတော့ စပါးစျေး နဲ့ အထွေထွေ စရိတ်တွေ မြင့်တက်နေတာကြောင့် ဆန်စျေးလည်း တောက်လျှောက် လိုက်ပါ မြင့်တက်နေတာပါ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရာရာကုန်စျေးနှုန်း မြင့်တက်နေတာ ဖြစ်ပေမဲ့ အဓိက စားကုန်ဖြစ်တဲ့ ဆန်စျေးနှုန်း တဟုန်တိုး မြင့်တက်နေတာက ဝင်ငွေနည်းပြည်သူတွေကို အကျပ်အတည်း ဖြစ်စေပါတယ်။

ရန်ကုန်မြို့နေ အိမ်ရှင်မ တစ်ဦးက “ဆန်စျေးက တက်လို့ကို မပြီးနိုင်တော့ဘူး။  တစ်ခါဝယ် တစ်ခါတက်နေတာ၊ ဆန်စျေးတက်တော့ ဟင်းမှာ လျှော့စားရတာပေါ့။ ကိုယ်ဝင်ငွေနဲ့ လောက်အောင် သုံးရမှာဆိုတော့" လို့ ပြောပါတယ်။

ဒီနေ့ ရန်ကုန်ဝါးတန်းကုန်စည်ဒိုင်စျေးနှုန်းအရ မြောင်းမြ ပေါ်ဆန်းက တစ်အိတ်ကို ၈၅၀၀၀ ကနေ ၈၆၀၀၀ကျပ်၊ ဖျာပုံပေါ်ဆန်းက ၈၅၀၀၀ ကနေ ၈၇၀၀၀ ကျပ်၊ ကြားပျံရှယ် တစ်အိတ်ကို ကျပ် ၈၂၀၀၀ ကနေ ၉၀၀၀၀ ကျပ်၊ ရက် ၉၀က ကျပ် ၆၀၀၀၀ ကနေ ၇၀၀၀၀ ကျပ်၊ ခွံနီဆန်က ကျပ် ၆၇၀၀၀ကနေ ၇၅၀၀၀ ကျပ်အထိ အသီးသီး ဖြစ်ပေါ်နေပြီး ပိတ်ရက်နှစ်ရက်အတွင်း အမျိုးအစားအလိုက် တစ်အိတ်ကို ကျပ် ၃၀၀၀ ကနေကျပ် ၅၀၀၀ ကြား မြင့်တက်လာတယ်လို့ ကုန်သည် တွေထံက သိရပါတယ်။

ရွှေဘိုပေါ်ဆန်းဆန်(သစ်)ကပြီးခဲ့တဲ့ သောကြာနေ့မှာ တစ်အိတ်ကို ကျပ် ၈၇၀၀၀ ကနေ ၉၇၀၀၀ ကြားရှိခဲ့ရာကနေ ဒီနေ့ စျေးကွက်ပြန်ဖွင့်ချိန်မှာ ကျပ် ၉၃၀၀၀ ကနေ ၁၀၅၀၀၀ ကျပ်အထိ မြင့်တက်လာပါတယ်။

ပြီးခဲ့တဲ့ မတ်လနှောင်းပိုင်းမှာ မြောင်းမြ ပေါ်ဆန်းက တစ်အိတ်ကို ၇၅၀၀၀ ကနေ ၇၇၀၀၀၊ ဖျာပုံပေါ်ဆန်းက ၇၀၀၀၀ ကနေ ၇၃၀၀၀ ကျပ်၊ ကြားပျံရှယ် တစ်အိတ်ကို ကျပ် ၇၂၀၀၀ကနေ ၈၀၀၀၀ ကျပ်၊ ရက် ၉၀က ကျပ် ၆၀၀၀၀ ကနေ ၆၄၀၀၀ ကျပ်၊ ခွံနီဆန်က ကျပ် ၆၂၀၀၀ကနေ ၆၅၀၀၀ ကျပ် သာ ရှိခဲ့ပြီး တစ်လအတွင်း အမျိုးအစားအလိုက် ဆန်တစ်အိတ်ကို ကျပ် ၁၀၀၀၀ ကနေ ၁၅၀၀၀ ဝန်းကျင်အထိ စျေးထပ်မံမြင့်တက်လာတာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013