
ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေအကြား အလုပ်ပင်ပန်းဒဏ်ခံနိုင်ဖို့ဆိုပြီး ‘ဘိန်းစာရွက်ပြုတ်ရည်’ကို သောက်သုံးနေကြတာတွေ ရှိနေပါတယ်။ ဒီဘိန်းစာရည်ဟာ ခွန်အားဖြစ်စေတဲ့အရာ မဟုတ်ဘဲ ရေရှည်မှာ WY စိတ်ကြွဆေးပြားလိုပဲ ဦးနှောက်နဲ့ အရေးကြီးတဲ့ ကလီစာတွေကို ပျက်စီးစေပြီး အသက်အန္တရာယ်အထိ ဖြစ်စေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ၊ အထူးသဖြင့် ကုန်ကားကြီးမောင်းနှင်သူတွေနဲ့ ရေလုပ်သားတွေအကြားမှာ ‘ဘိန်းစာရွက်’ သုံးစွဲမှုဟာ ဟိုးအရင်ကတည်းက ရှိခဲ့တာပါ။
နဂိုက အရွက်အတိုင်း ပါးစပ်ထဲငုံပြီး ဝါးစားလေ့ရှိကြပေမဲ့ အခုနောက်ပိုင်းမှာတော့ အာနိသင် ပိုပြီးမြန်မြန်ဆန်ဆန် ထိရောက်စေဖို့အတွက် ‘ပြုတ်ရည်’ အဖြစ် ပြောင်းလဲချက်ပြုတ် သောက်သုံးလာကြပါတယ်။
သောက်သုံးသူတွေ အဆိုအရ ပုံမှန်သောက်သုံးနေပါက အစာမစားဘဲ အလုပ်လုပ်နိုင်ကာ ပင်ပန်းဒဏ်ခံနိုင်တယ်လို့ အလုပ်သမားတွေက ယူဆနေကြပေမဲ့ ဆေးပညာရှုထောင့်အရတော့ ဒါဟာ လူကို စွဲလမ်းစေတဲ့ မူးယစ်ဆေးတမျိုးသာဖြစ်ပြီး အာနိသင်က WY စိတ်ကြွဆေးပြားနဲ့ အတူတူပဲလို့ ဆရာဝန်တွေက ပြောပါတယ်။
ဆရာဝန်တယောက်က “ဘိန်းစာရွက်မှာက Mitragynine ဆိုတဲ့ ဓာတ်ပါမယ်ပေါ့နော်။ အဲ့ဒီဥစ္စာက WY မှာပါတဲ့မက်သာဖက်တမင်းနဲ့ ကဖင်းဓာတ်တွေရဲ့ Action နဲ့ မကွာဘူးလို့ ထင်တယ်ပေါ့။ Dose မများတဲ့အချိန်မှာတော့ Concentration အာရုံစူးစိုက်မှုကောင်းတယ်၊ စိတ်ငြိမ်တယ် အဲဒီလိုခံစားချက်မျိုးကို ပေးမယ်။ ဒါပေမဲ့ Dose များသွားပြီဆိုရင်တော့ အာရုံကြောစနစ်ရော ဦးနှောက်ကိုရော ထိခိုက်ပြီးတော့မှ မလိုလားအပ်တဲ့ တုံ့ပြန်မှုတွေ ဖြစ်လာမယ်။ ခန္ဓာကိုယ်ပိုင်း အနေနဲ့ သုံးစွဲမှုများလာရင် ဦးနှောက်မှာရော၊ အာရုံကြောစနစ်မှာရော နှောင့်နှေးမှုတွေ၊ ချို့ယွင်းမှုတွေ ဖြစ်လာပါမယ်။ နောက်ပြီး Overdose ဖြစ်သွားရင် ကျောက်ကပ်တို့၊ အသည်းတို့မှာလည်း အဆိပ်အတောက်ဖြစ်ပြီး ပျက်စီးနိုင်တဲ့အဆင့်အထိ စိုးရိမ်ရပါတယ်”လို့ ပြောပါတယ်။
ဘိန်းစာရွက်ကို မြန်မာနိုင်ငံမှာ မူးယစ်ဆေးအုပ်စုဝင်အဖြစ် သတ်မှတ်ထားပေမဲ့ ထိုင်းနိုင်ငံမှာတော့ တရားဝင်ရောင်းဝယ်သုံးစွဲခွင့်ပြုထားပါတယ်။
ဒါပေမဲ့ ထိုင်းနိုင်ငံသားတွေသာ တရားဝင်အသုံးခွင့်ပြုရတာဖြစ်ပြီး နိုင်ငံခြားသားတွေ ရောင်းဝယ်သုံးစွဲပါက ထိုင်းဥပဒေအရ အရေးယူခံရနိုင်ပါတယ်။
လက်ရှိ ဘန်ကောက်မြို့ပြဒေသက လူငယ်တွေကြားမှာ အာဆီယံ ခေါ် ဘိန်းစာပြုတ်ရည်ကို ဓာတုပစ္စည်းတွေနဲ့ ရောပြီး အသွင်ပြောင်းရောင်းချတာ တွေ့ရှိလာတဲ့အတွက် ထိုင်းအစိုးရက ဇွန် ၂ ရက်မှာ အရေးပေါ် ဆွေးနွေးခဲ့ကြပြီး ဥပဒေကြောင်းအရ ပိုတင်းကျပ်ဖို့ကို ပြင်ဆင်လာနေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ကိုမိုးကျော်က “ဒီဘိန်းစာရွက်က ၂၀၂၂ ခုနှစ် သြဂုတ်လတုန်းကတော့ ပြဿနာမရှိဘူးဆိုပြီး တရားဝင်ပုံစံမျိုး ခွင့်ပြုခဲ့တာ ရှိပါတယ်။ ဒါပေမဲ့ နောက်ပိုင်း ပြဿနာတွေ ရှိလာတဲ့အတွက် ၂၀၂၄ ခုနှစ် သြဂုတ်လမှာ ဒါဟာ မူးယစ်ဆေးဝါးဖြစ်တယ်၊ ကျန်းမာရေးထိခိုက်တယ်ဆိုပြီး ၂၀၂၄ ဒီဇင်ဘာ ၃၁ ရက်မှာ ပြန်ပြီး ဥပဒေအသစ် ထုတ်ပြန် တင်းကျပ်ထားပါတယ်။ အခု သိရသလောက် ဘိန်းစာရွက်ပြုတ်ရည်ကို တခြားပစ္စည်းတွေနဲ့ ရောနှောထုတ်လုပ်တာ၊ ရောင်းချတာကို တွေ့ရင် ထောင်ဒဏ် ၆ လကနေ ၂ နှစ်အထိ၊ ဒါမှမဟုတ် ငွေဒဏ် ဘတ် ၅,၀၀၀ ကနေ ၂၀,၀၀၀ အထိဖြစ်စေ၊ နှစ်ရပ်လုံးဖြစ်စေ ကျခံရမှာ ဖြစ်ပါတယ်။ ထိုင်းဥပဒေအရကတော့ ဒါက တနိုင်ငံလုံး အကျုံးဝင်တဲ့ ဥပဒေပေါ့။ လုပ်ငန်းခွင်ထဲမှာလည်း အလုပ်ရှင်နဲ့ အလုပ်သမား သဘောတူညီချက် စည်းကမ်းချက်တွေ ရှိတဲ့အတွက် အရေးယူခံရနိုင်ပါတယ်”လို့ ပြောပါတယ်။
ဘိန်းစာရွက်ပြုတ်ရည်ကို အခုနောက်ပိုင်းမှာ ချောင်းဆိုးပျောက်ဆေး၊ အချိုရည်၊ ကာဖင်း စတာတွေကို ၁၀ မျိုးလောက် ရောမွှေထားတဲ့ “အာဆီယံ” လို့ခေါ်တဲ့ စပ်ဆေးပြုတ်ရည်အဖြစ် ထိုင်းမှာ သုံးစွဲမှု များလာနေပါတယ်။
အာဆီယံအရည်ဟာ သွေးကြောထဲကို အလွယ်တကူ စုပ်ယူသွားပြီး ဦးနှောက်နဲ့ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက် (Function) အားလုံးကို တဖြည်းဖြည်း ဖျက်ဆီးပစ်တာ ဖြစ်ပါတယ်။
အစပိုင်းမှာ စိတ်ကျေနပ်မှု ခဏတာ ပေးစွမ်းနိုင်ပေမဲ့ ကြာလာတဲ့အခါမှာတော့ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ဘဲ စိတ်ဓာတ်ကျဆင်းတာ အပါအဝင် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အလုံးစုံကို ပျက်စီးသွားစေနိုင်တယ်လို့ ဆေးပညာရှုထောင့်ကနေ ဆရာဝန်တွေက သတိပေးထားပါတယ်။










