DVB Logo
Home
Lead Story
နိုးထလာနေတဲ့ အပူလှိုင်းဘီလူး (Heat Wave) အန္တရာယ်နဲ့ အပူရှပ်-လေသင်တုန်းဖြတ်မယ့်ဘေးက လွတ်မြောက်ဖို့
DVB
·
April 21, 2023
နိုးထလာနေတဲ့ အပူလှိုင်းဘီလူး (Heat Wave) အန္တရာယ်နဲ့ အပူရှပ်-လေသင်တုန်းဖြတ်မယ့်ဘေးက လွတ်မြောက်ဖို့
Donate to DVB

လူသားတွေရဲ့ပယောဂကြောင့် ကမ္ဘာဂြိုဟ်ပြာကြီးမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2)၊ မီသိန်း၊ အိုဇုန်း၊ ရေခိုးအငွေ့များ၊ နိုက်ထရပ်စ်အောက်ဆိုဒ် (N2O) အစရှိတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ (Greenhouse Gases) တွေကို ထုတ်လွှတ်မှု တနေ့တခြား များပြားလာတာနဲ့အမျှ လေထုအပူချိန် မြင့်တက်လာ‌နေတာကြောင့် ကမ္ဘာ့လေထုဟာ ပိုမိုပူနွေးလာခဲ့ရပါတယ်။

ခရာဇ်သက္ကရာဇ် ၁၇၆၀ ဝန်းကျင်လောက်က စတင်ခဲ့တဲ့ ပထမစက်မှုတော်လှန်ရေး (First Industrial Revolution) ခေတ်ကနေ ဒီကနေ့ မျက်မှောက် ဉာဏ်ရည်တုခေတ် (AI) ခေတ်ထိအောင် လူသား‌တွေဟာ ပိုမိုတိုးတက်ကောင်းမွန်ပြီး သက်တောင့်သက်သာရှိတဲ့ ဘဝတွေကို ရှာဖွေကြရင်း ဘေးထွက်ဆိုးကျိုးအဖြစ် အဆိုပါ ဖန်လုံအိမ်ဓာတ်ငွေ့ (Greenhouse Gases) တွေကို နှစ်ရှည်လများ ကမ္ဘာ့လေထုထဲမှာ စွန့်ထုတ်မိခဲ့ကြတယ်။

အဲ့ဒါရဲ့အကျိုးဆက်ကတော့ ဖန်လုံအိမ်အာနိသင် (Greenhouse Gases Effect) လို့ခေါ်ကြတဲ့ လေထုထဲမှာစုလာတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေဟာ ကြေးမုံပြင်ပမာ သူတို့စုပ်ယူထားတဲ့ နေရောင်ခြည် အပူစွမ်းအင်တွေကို ကမ္ဘာမြေပြင်ဆီ ပြန်လည်ထုတ်လွှတ် ပူနွေးစေခြင်းဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာပူနွေးမှု (Global Warming) အပြင် ကာဗွန်သံသရာရဲ့ မျှခြေ၊ ရေသံသရာ မျှ‌ခြေတွေကို ပျောက်ဆုံးစေခဲ့ပါတယ်။

ဒီဆောင်းပါးမှာ အဓိကရေးပြချင်တာက ကမ္ဘာလုံးဆိုင်ရာပူနွေးခြင်း (Global Warming) ရဲ့ ဆိုးကျိုးတွေထဲက တခုဖြစ်တဲ့ ပင်လယ်သမုဒ္ဒရာရေမျက်ပြင်နဲ့ ကုန်းမြေမျက်နှာပြင်တွေ ပူနွေးလာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အယ်လ်နီးညိုးလို့ခေါ်ကြတဲ့ ပစိဖိတ်သမုဒ္ဒရာထဲက ရေနွေးစီးကြောင်းနဲ့ အပူလှိုင်း (Heat Wave) တွေအကြောင်း ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ မိုးလေဝသနဲ့ ဇလဗေဒဌာနကနေ အပူလှိုင်း (Heat Wave) တွေ နောက် ၄-၅ ရက်အတွင်း အိန္ဒိယပြည်နယ်တွေဖြစ်တဲ့ Bihar, Gangetic West Bengal, Odisha, and coastal Andhra Pradesh တွေမှာ ကျရောက်နိုင်တဲ့ မိုးလေဝသခန့်မှန်းချက်ကို ၂၀၂၃ ခုနှစ် ဧပြီလ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဧပြီလ ၁၇ ရက်နေ့မှာတော့ အိန္ဒိယနိုင်ငံ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းပြည်နယ်တွေမှာ အပူချိန်ဟာ ၄၀ ကနေ ၄၄ ဒီဂရီ စင်တီဂရိတ်ထိ ရောက်ရှိခဲ့ပြီး West Bengal အပါအဝင် ပြည်နယ် ၅ ခုမှာ အပူလှိုင်းသတိပေးချက် ထုတ်ပြန်ခဲ့ရပြီး စာသင်ကျောင်းတွေကို ပိတ်ခဲ့ရပါတယ်။

အဲ့ဒီက အပူလှိုင်းဟာ မကြာခင်မှာ မြန်မာနိုင်ငံ အနောက်ပိုင်းနဲ့ အလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသတွေကို အခုဆို ဝင်ရောက်စပြုလာပါပြီ။ အခုဆို ထိုင်းနိုင်ငံနဲ့ မလေးရှားကျွန်းဆွယ်ရဲ့ မြောက်ပိုင်းပြည်နယ်တွေမှာလည်း အပူလှိုင်းတွေ ရိုက်ခတ်တာကို ခံစားလာရတဲ့သတင်းတွေ ဖတ်လာရပါပြီ။

အိန္ဒိယနိုင်ငံမှာ ပေါ်ပေါက်လာတဲ့ အပူလှိုင်းရဲ့ သက်ရောက်မှုဟာ မြန်မာနိုင်ငံ အနောက်ပိုင်းဒေသ‌ကတဆင့် အလယ်ပိုင်းထိအောင် ရောက်တတ်ပါတယ်။ အထူးသဖြင့် လေထုကို ပိုမိုပူနွေးစေပြီး ရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်းကို ဖြစ်စေတဲ့ ပစိဖိတ်သမုဒ္ဒရာထဲက အယ်လ်နီးညိုး ရေနွေးစီးကြောင်းဟာ အမေရိကားတိုက် အရှေ့မြောက်ခြမ်းဘက်ကနေ အာရှ-ပစိဖိတ် ကမ်းရိုးတန်းနိုင်ငံတွေဆီ ပြန်ရောက်လာတဲ့ နှစ်တွေမှာ ပိုအဖြစ်များတတ်ပါတယ်။

အပူလှိုင်းကြောင့် ဖြစ်ပွားစေနိုင်တဲ့ ရောဂါလက္ခဏာနဲ့ အန္တရာယ်များ

အဲ့ဒီအပူလှိုင်းတွေ ဖြတ်သန်းတဲ့ဒေသတွေမှာ အလွန်ဆိုးဝါးပြင်းထန်တဲ့ အပူချိန်ကို ခံစားကြရမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်‌‌ပြင်ပအပူချိန် တက်လာတဲ့အခါ လူ့ခန္ဓာကိုယ်မှာလည်း အပူချိန်တက်လာတဲ့အတွက် သွေးကြောတွေ ပိုကျယ်လာပြီး သွေးဖိအားကို ကျဆင်းသွားစေမှာ ဖြစ်တဲ့အတွက် လူ့နှလုံးကနေ လိုအပ်တဲ့သွေးတွေကို ခန္ဓာကိုယ်အနှံ့ လည်ပတ်ဖြန့်‌ဝေနိုင်ဖို့ ပိုပြီး အလုပ် လုပ်လာရပါတယ်။

စာရေးသူတို့ရဲ့ လူ့ခန္ဓာကိုယ်ဟာ ကိုယ်တွင်းအပူချိန် ၃၆ ကနေ ၃၇ ဒီဂရီစင်တီဂရိတ်မှာ ထိန်းထားနိုင်မှသာ လူ့ဦးနှောက်က ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ၊ ကိုယ်တွင်းကလီစာအင်္ဂါတွေ သူ့အလုပ်သူလုပ်နိုင်ဖို့ ထိန်းချုပ်မောင်းနှင်နိုင်ပါတယ်။ ပြင်ပအပူချိန်တခုခုကြောင့် ပူလာတဲ့အခါ ကိုယ်တွင်းအပူချိန်ကို ထိန်းထားနိုင်ဖို့ ချွေးထုတ်အအေးခံစနစ်က အလုပ်လုပ်ပေးပါတယ်။

လူ့အရေပြားနဲ့နီးတဲ့ သွေးကြောတွေကို ကျယ်စေပြီး ချွေးထွက်ပေါက်တွေကနေ ချွေးထွက်အောင်လုပ်ပေးပြီး ကိုယ်တွင်းအပူဓာတ်တွေကို စုပ်ယူပြီး အပြင်ကိုပို့ဖို့ ကြိုးစားပါတယ်။ လူ့ခန္ဓာကိုယ်ဟာ အင်ဂျင်တလုံးနဲ့ အလားသဏ္ဌာန်တူပါတယ်။ အင်ဂျင်မောင်းနှင်ရင်း အင်ဂျင်ပူလာတာကို ရေဒီရေတာ (Radiator/Heat Exchanger) ထဲက ‌‌‌‌‌‌‌‌‌‌‌အအေးခံအရည်တွေကို အင်ဂျင်ကိုယ်ထည်ထဲက water jacket line တွေထဲ ပန့်နဲ့ မောင်းနှင်လည်ပတ်စေပြီး အင်ဂျင်ထဲကအပူကို စုပ်ယူဖလှယ်ဖို့ ရေဒီရေတာပန်ကန်နဲ့မှုတ် အအေးခံသလို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌လူ့ခန္ဓာကိုယ်အပူကို ချွေးနဲ့ အပူဖလှယ်ပေးတာ ဖြစ်ပါတယ်။

တကယ်လို့ ရေဒီရေတာထဲမှာ အအေးခံအရည် (Coolant Water) နည်းရင် သို့ မရှိတော့ရင် အအေးခံစနစ် ပျက်သွားပြီး အင်ဂျင်အပူချိန်တက်လာပြီး ရေဆူလို့ အင်ဂျင်မလည်ပတ်နိုင်ဘဲ ထိုးရပ်သွားသလို လူ့ခန္ဓာမှာ ရေ‌သောက်နည်းလို့ ရေဓာတ်နည်းပြီး ချွေးမထွက်နိုင်တော့ဘဲ ကိုယ်တွင်းအပူချိန်တွေ တရိပ်ရိပ်တက်လာပြီး ၄၀ ဒီဂရီစင်တီဂရိတ်ကို ရောက်တာနဲ့ ဦးနှောက်က မထိန်းချုပ်နိုင်တော့တဲ့ လူတဦးဟာ သတိလစ်တာ၊ နှလုံးရပ်၊ အသက်ရှူရပ်တာတွေ ဖြစ်သွားတာကို အပူရှပ်ပြီး လေသင်တုန်းဖြတ်တယ်လို့ ခေါ်ပါတယ်။

သာမန်အင်ဂျင်ပူလာတာဆို ခဏနား အအေးခံပြီး ရေဒီရေတာအရည် ထပ်ဖြည့်မောင်းရင် အင်ဂျင်ပြန်နှိုးလို့ ရနိုင်ပေမဲ့ ရေဆူရုံမက အင်ဂျင်ဂျမ်းဖြစ်ပြီး ပစ်စတင်တွေကျပ် အင်ဂျင်ကွဲသွားရင်တော့ ဘယ်လိုမှမပြင်နိုင်ဘဲ သံရေကျိုစက်ပို့ရမှာဖြစ်သလို ရိုးရိုးအပူရှပ်လို့ ချွေးထွက်များလာလို့ မူးဝေအော့အန်တဲ့အဆင့်ဆိုရင်တော့ အရိပ်အောက်အနားပေး၊ ရေနဲ့ အားဖြည့်အရည်တိုက်ပေး၊ ရေခဲအုပ် ရေပတ်တိုက်ပေးရင် ပြန်သက်သာလာနိုင်ပေမဲ့ အပူရှပ်ပြီး လေသင်တုန်းဖြတ်ပြီး သတိလစ်၊ နှလုံးခုန်ရပ်သွားရင်တော့ သူနာပြုယာဉ်အမြန်ခေါ်ပြီး ဆေးရုံကို ပို့ဆောင်ကုသမှသာ အသက်ရှင်သန်နိုင်မှာ ဖြစ်ပါတယ်။

ပြီးတော့ အပူလှိုင်း (Heat Wave) ဟာ အရေပြားယားယံစေတဲ့ အပူပြင်ထတာမျိုးနဲ့ သွေးကြောတွေ ယို‌စိမ့်ထွက်တာတွေ ရှိလာတာမို့ ခြေထောက်ဖောရောင်တဲ့ လက္ခဏာတွေ ဖြစ်လာတတ်ပါသေးတယ်။ တချိန်တည်းမှာပဲ အပူရှိန်ပြင်းလွန်းတာကြောင့် ချွေးထွက်များပြီး ရေနဲ့ ဆားဓာတ်တွေ ဆုံးရှုံးရတာမို့ လူ့ခန္ဓာကိုယ်ရဲ့ အရည်ဓာတ် အငန်ဓာတ် မျှခြေပမာဏကို ထိခိုက်စေပါတယ်။

အဲ့ဒီအခါမှာ  သွေးပေါင်ကျ သွေးဖိအားကျဆင်းတာ ဖြစ်လာရပြီး ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ပျို့အန်ခြင်း၊ ခေါင်းမကြည်လင်ခြင်း၊ အာရုံမစိုက်နိုင်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ကြွက်တက်ခြင်း၊ သတိလစ်ခြင်း စတဲ့ အပူကြောင့် နွမ်းနယ်အားကုန်ခန်းတဲ့ လက္ခဏာတွေ‌ ပေါ်လာပါတော့တယ်။ အဲ့ဒီလိုဖြစ်လာရင်း သွေးဖိအား သွေးပေါင် အကျလွန်သွားမယ်ဆိုရင် ဦးနှောက် ပုံမှန်အလုပ်မလုပ်နိုင်‌တော့တာ၊  ဦးနှောက်သွေးကြောပြတ်တာ၊ နှလုံး‌ဖောက်တာ၊ နှလုံးရပ်တာ လေသင်တုန်းဖြတ်တာတွေအထိ ဖြစ်သွားနိုင်ပါတယ်။

ဒါကြောင့် မကြာခင်ရောက်လာနိုင်တဲ့ အပူလှိုင်းဘီလူး (Heat Wave) အန္တရာယ်နဲ့ အပူရှပ်-လေသင်တုန်းဖြတ်မယ့်ဘေးကို အောက်ပါနည်းလမ်း‌တွေနဲ့ ကာကွယ်နိုင်ပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ၊ ဆီးချို သွေးတိုးသမားတွေ ပိုအထူးဂရုပြုပါ။

၁။ နေပူထဲ အကြာကြီး တဆက်တည်း မလုပ်မိပါစေနဲ့၊ နားလိုက် လုပ်လိုက်ပါ။

၂။ အရိပ်အောက်မှာ လုပ်နိုင်အောင် ယာယီအမိုးအကာ လုပ်ထားပါ။

၃။ ပူလာရင် ပုံမှန်နေ့တွေထက် ရေများများပိုသောက်ပါ။

၄။ နေလောင်တာနဲ့ ခရမ်းလွန်ရောင်ခြည် ကာကွယ်နိုင်စွမ်းမြင့်တဲ့ ခရင်မ်တွေ၊ သနပ်ခါး စတဲ့ အရေပြားကာကွယ်နိုင်တာတွေ လိမ်းပါ။

၅။ ထူထဲတဲ့အဝတ် မဝတ်ပါနဲ့။ နှစ်ထပ်အင်္ကျီ မဝတ်ပါနဲ့။

၆။ အိမ်ရဲ့နေရောင်ထိုးတဲ့ဘက်ခြမ်းက ပြတင်းပေါက်၊ ခန်းဆီး၊ နေကာ၊ ဘလိုင်းတွေကို ပိတ်ထားပါ။

၇။ ကဲလားအမိုးတွေ တပ်ဆင်နိုင်ရင် တပ်ထားပါ။

၈။ အပူရှိန်ပြင်းရင် အရက်သေစာ မသောက်သင့်ပါဘူး။

၉။ အဆီအအိမ့် အချို လျှော့စားပါ၊ အသီးအရွက် များများစားပါ။

၁၀။ အပူချိန်အပြင်းဆုံး မွန်းမတက်ခင်နဲ့ မွန်းလွဲပိုင်းတွေမှာ ဖြစ်နိုင်ရင် အပြင်မထွက်သင့်ပါ။

၁၁။ အပြင်ထွက်ရင် ထီး (သို့) ဗြက်ကျယ်တဲ့ဦးထုပ်မျိုး ဆောင်းပါ။

၁၂။  အပူချိန်မြင့်ချိန်တွေမှာ ကိုယ်လက်လေ့ကျင့်ခန်း မလုပ်သင့်ပါ။

၁၃။ ကျန်းမာရေးလုပ်ပြီးလျှင် ဓာတ်ဆားရည်၊ ပြန်လည်အားဖြည့်အရည် သောက်သုံးပါ။

၁၄။ ညအိပ်တဲ့အခါ အိပ်ရာခင်းပါးပါး၊ အဝတ်အစားပေါ့ပေါ့ပါးပါး ဝတ်အိပ်ပါ။

မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်း စစ်ဘီလူးတွေရဲ့ဘေးကို ရှောင်ရှားကြရင်း နိုးထလာနေတဲ့ အပူလှိုင်းဘီလူး (Heat Wave) ရဲ့ အန္တရာယ်နဲ့ အပူရှပ်-လေသင်တုန်းဖြတ်မယ့်ဘေးကို ကင်းဝေးလွတ်မြောက်ကြပါစေ။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013