ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ထန်းပင်ကုန်းရပ်ကွက်၊ ထန်းပင်ကုန်းလမ်းမှာ ဧပြီ ၁၈ ရက် ဒီနေ့မနက်က ပစ်ခတ်မှုဖြစ်ပြီး အငြိမ်းစားဒုဗိုလ်မှူးကြီး အောင်ညီထွန်း အပါအဝင် ၃ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီနေ့မနက် ၁၁ နာရီကျော်က ထန်းပင်ကုန်းလမ်း အမှတ် ၃ ကျောင်းအနီးက နေအိမ်မှာ အငြိမ်းစား ဒုဗိုလ်မှူးကြီးအောင်ညီထွန်းမှာ မိသားစုဝင်နှစ်ဦးနဲ့စကားပြောနေစဥ် ပစ်ခတ်ခံရတာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
“သုံးယောက် စကားထိုင်ပြောနေတဲ့အချိန် ဆိုင်ကယ်နဲ့လာပစ်သွားတာ။ အပစ်ခံရတဲ့အချိန် မသေဘူး၊ ဆေးရုံပို့မှသေတာ” လို့ ပြောပါတယ်။
သေဆုံးသူမှာ စစ်ကောင်စီတပ်က ဒုတိယဗိုလ်မှူးကြီးဟောင်း အောင်ညီထွန်းဖြစ်ပြီး ကျန်နှစ်ဦးကတော့ ဦးအောင်မျိုးဆွေနဲ့ ဦးခင်မောင်သိန်းတို့ ဖြစ်ကြကာ မိသားစုဝင်တွေဖြစ်တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူအတည်ပြုပြောပါတယ်။
“သေတာ ဒုဗိုလ်မှူးကြီး အောင်ညီထွန်းပါ၊ ကျန်တာက ဆွေမျိုးသားချင်းတွေ၊ ခရမ်းဆေးရုံပို့ဖို့လုပ်တဲ့အချိန် သေတာ။”
လတ်တလောမှာ သန်လျင်တံတား အပါအဝင် တာဝတက္ကသိုလ်အရှေ့၊ ထန်းပင်ကုန်းရပ်ကွက်မှာ စစ်ကောင်စီတပ်တွေက ကား၊ ဆိုင်ကယ်နဲ့ လမ်းသွားလမ်းလာတွေကို ရှာဖွေစစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။