DVB Logo
Home
မြန်မာသတင်း
ပညာရေးနှင့် ကျန်းမာရေးအတွက်ဘတ်ဂျက် စစ်အသုံးစရိတ်၏ ထက်ဝက်ခန့်သာ စစ်ကောင်စီ အသုံးပြု
DVB
·
April 18, 2023
ပညာရေးနှင့် ကျန်းမာရေးအတွက်ဘတ်ဂျက်  စစ်အသုံးစရိတ်၏ ထက်ဝက်ခန့်သာ စစ်ကောင်စီ အသုံးပြု
Donate to DVB

ယခုဘဏ္ဍာနှစ်မှာ ပညာရေးနဲ့ ကျန်းမာရေးအတွက် အသုံးစရိတ်ကို ဘတ်ဂျက် စုစုပေါင်း အသုံးစရိတ်ရဲ့ ၁၅ ရာခိုင်နှုန်း သုံးစွဲဖို့ စစ်ကောင်စီက ထည့်သွင်းထားပေမယ့် အဆိုပါပမာဏဟာ ကာကွယ်ရေးအသုံးစရိတ်ရဲ့ ထက်ဝက်နီးပါးသာ ရှိတယ်လို့ ဘတ်ဂျက်လေ့လာသူတွေက ထောက်ပြထားပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်က အတည်ပြုပေးလိုက်တဲ့ ၂၀၂၃-၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေမှာ ပညာရေးအတွက် အသုံးစရိတ်ဟာ ကျပ် ၂,၁၈၈,၅၆၅ သန်း (၂,၁၈၈ဘီလီယံ) ရာခိုင်နှုန်းအားဖြင့် ၁၀ ရာခိုင်နှုန်းရှိပြီး ကျန်းမာရေးအတွက် အသုံးစရိတ်ဟာ ကျပ် ၈၁၄,၄၄၀ သန်း(၈၁၄ဘီလီယံ) ရာခိုင်နှုန်းအားဖြင့် ၄ ရာခိုင်နှုန်း အသီးသီး ရှိပါတယ်။

ဒါကြောင့် ပညာရေးနဲ့ကျန်းမာရေး နှစ်ခုအတွက် အသုံးစရိတ်ဟာ ကျပ် ၃,၀၀၃,၀၀၅ သန်း(၃,၀၀၃ဘီလီယံ) ရှိတာကြောင့် စုစုပေါင်းအသုံးစရိတ် ကျပ် ၁၉,၉၅၆,၃၇၀ သန်း(၁၉,၉၅၆ဘီလီယံ)နဲ့နှိုင်းယှဉ်ပါက ၁၅ ရာခိုင်နှုန်း သုံးစွဲဖို့ ထည့်သွင်းထားပါတယ်။

ဒါပေမဲ့ ပညာရေးနဲ့ကျန်းမာရေး နှစ်ခုအတွက် သုံးတဲ့ အဆိုပါပမာဏဟာ ကာကွယ်ရေးအသုံးစရိတ် ကျပ် ၅,၆၃၅,၁၀၂ သန်း (၅,၆၃၅ဘီလီယံ)နဲ့ နှိုင်းယှဉ်ပါက ထက်ဝက်နီးပါး(၅၃ ရာခိုင်နှုန်း)သာ ရှိတယ်လို့ ဘတ်ဂျက်လေ့လာသူတွေက ထောက်ပြထားပါတယ်။

“အခုတော့ စစ်တပ်က သူ့ဘာသာ အစိုးရဖွဲ့ပြီး လုပ်တာဆိုတော့ ဘယ်သူမှလည်း အထိန်းအထေ မရှိတော့ဘူး။ ဆိုတော့ သဘောက ကိုယ့်ဘာသာကိုယ် ဘတ်ဂျက်ချပြီး ကိုယ့်ဘာသာ သုံးလို့ ရသလို ဖြစ်သွားတာပေါ့နော်။ အရင်ကတော့ လွှတ်တော်နဲ့ကော်မတီတွေ ရှိတော့ ဘာပဲပြောပြော စောင့်ကြည့်လေ့လာမှု အောက်ကနေ ဖြတ်ရတယ်လေ။ အခုတော့ ဒါတွေ မရှိတော့ဘူး။ ဆိုတော့ ပိုဆိုးသွားတာပေါ့။ အရင် နဝတ၊နအဖ စစ်အစိုးရလက်ထက်မှာလည်း ကျန်းမာရေးနဲ့ ပညာရေးအတွက် ဘာမျှ ဂရုမစိုက်ဘူးလေ။ ဒီတော့ ဘတ်ဂျက်က ဘာမျှ မသုံးသလောက်ပဲ။ အခုလည်း အဲ့လိုမျိုး ပြန်ဖြစ် လာမှာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ လွှတ်တော်ပေါ်လာပြီးနောက် အရပ်သားတပိုင်း အစိုးရနဲ့ ဒီမိုကရေစီ အရပ်သား အစိုးရအဖွဲ့တို့ လက်ထက်မှာ ဘတ်ဂျက်နဲ့ပတ်သတ်ပြီး ခေတ်မီ တပ်မတော် တည်ဆောက်နိုင်ရေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကာကွယ်ရေး အသုံးစရိတ်တွေကို တနှစ်ထက်တနှစ် ပိုမို တောင်းခဲ့တဲ့ နှစ်တွေသာ ရှိခဲ့ပါတယ်။

ဒါကြောင့် လွှတ်တော်က ကာကွယ်ရေး အသုံးစရိတ်တွေကို တိတိကျကျ စိစစ်ခွင့် ရရှိအောင် ကြိုးပမ်းခဲ့ပေမယ့် အလုံးစုံ အောင်မြင်မှုတော့ မရရှိခဲ့ ပါဘူး။ ကာကွယ်ရေးအတွက် အသုံးစရိတ်တွေကို တပ်မတော် စစ်ဆေးရေး အရာရှိချုပ်က စစ်ဆေးလေ့ရှိပြီး ငွေလုံးငွေရင်း အသုံးစရိတ်နဲ့ သာမန် အသုံးစရိတ်တွေကိုသာ လွှတ်တော်က အကြမ်းဖျင်း စိစစ်ခွင့် ရရှိခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၁၁-၁၂ ဘဏ္ဍာနှစ် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က ကာကွယ်ရေးအသုံးစရိတ်ဟာ ပြည်ထောင်စု ဘတ်ဂျက်ရဲ့ ၁၇ ရာခိုင်နှုန်းကျော်အထိ အမြင့်ဆုံးအသုံးပြုခဲ့တာ ရှိပါတယ်။ ထူးခြားချက်ကတော့ အဆိုပါကာလမှာ မြန်မာစစ်တပ်(တပ်မတော်) နဲ့ KIA တို့အကြား တကျော့ပြန် တိုက်ပွဲတွေ ရှိနေတဲ့အချိန် ဖြစ်နေတာပါ။

တခါ အန်အယ်လ်ဒီအစိုးရလက်ထက် ပြီးခဲ့တဲ့ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာ ကာကွယ်ရေးအသုံးစရိတ်က ပြည်ထောင်စု ဘတ်ဂျက်ရဲ့ ၁၅ ရာခိုင်နှုန်းနီးပါး ရှိခဲ့ပါတယ်။ အဆိုပါနှစ်မှာလည်း မြန်မာစစ်တပ်(တပ်မတော်) နဲ့ တိုင်းရင်းသားလက်နက် ကိုင်တွေအကြား တိုက်ပဲအရေအတွက်က ၇၂၀ ကျော်ရှိခဲ့တယ်လို့ United Nations OCHA Myanmar က ထုတ်ပြန်ထား တာရှိပါတယ်။

ဒီ့အပြင် Institute for Strategy and Policy Myanmar(ISP-Myanmar) ရဲ့ သုတေသနစစ်တမ်းတွေအရ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မေလ မှစပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၅ရက်အထိ  တိုက်ပွဲပေါင်း ၇၈၀၀ ကျော် ဖြစ်ပွားခဲ့တဲ့အနက် ထက်ဝက်ကျော် (၅၇ ရာခိုင်နှုန်း)က မြန်မာစစ်တပ်(တပ်မတော်) နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ (EAOs)တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအရေအတွက် ဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) များနဲ့ မြန်မာစစ်တပ်(တပ်မတော်)တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအရေအတွက်က ၂၂၀၀ ကျော် ရှိခဲ့တာ တွေ့ရပါတယ်။

အဆိုပါ ကိန်းဂဏန်းအချက်အလက်တွေဟာ လွတ်လပ်သော သတင်းမီဒီယာတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေအပေါ် အခြေခံထားတာ ဖြစ်တာကြောင့် မြေပြင်တွင် ယခုထက် တိုက်ပွဲအရေအတွက် ပိုမို များပြားနိုင်တယ်လို့ ISP-Myanmar ကထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ တိုင်းပြည်ကာကွယ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ အသုံးပြုခဲ့တဲ့ ကာကွယ်ရေး အသုံးစရိတ်တွေကို နှစ်အလိုက်ကြည့်ပါက ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ ကျပ် ၂၉၉၀ ဘီလီယံ၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ကျပ် ၃၁၉၂ ဘီလီယံ၊ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ ၃၂၅၀ ဘီလီယံ၊ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ ၃၃၈၅ ဘီလီယံ၊ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ ၃၄၁၄ ဘီလီယံ အသီးသီး သုံးစွဲခဲ့တာ တွေ့ရပါတယ်။

တိုင်းပြည်ဘဏ္ဍာငွေတွေကို အခုလို နှစ်စဉ် တိုးမြှင့်သုံးစွဲခဲ့တဲ့ အကြမ်းဖက်စစ်တပ်ဟာ လက်ရှိမှာတော့ နိုင်ငံအနှံ့အပြားရှိ ပြည်သူတွေကို ပစ်ခတ် သတ်ဖြတ်နေပြီး ရွာလုံးကျွတ် မီးရှို့နေတဲ့အပြင် လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်တဲ့ အကြမ်းဖက် လုပ်ရက်တွေကို အပြင်းအထန် ပြုလုပ်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013