
ယူကရိန်းအရပ်သားတွေအပေါ် ရုရှားတပ်ဖွဲ့တွေရဲ့ အပြုအမူနဲ့ပတ်သက်ပြီး တယ်လီဂရမ်မှာ သတင်းအမှား တမင်ဖြန့်ဝေမှုနဲ့ စွဲချက်တင်ခံထားရတဲ့ ကလေးသူငယ် စောင့်ရှောက်ရေးဂေဟာ တည်ထောင်သူ လီဒါမိုနီယာဗာကို ရုရှားမြို့တော် မော်စကိုရှိ ဆီမွန်နော့ဗ်စကီးခရိုင်တရားရုံးက စက်တင်ဘာ ၃ ရက်မှာ လှုပ်ရှားမှုတချို့ကို တားမြစ်ကန့်သတ် ပိတ်ပင်လိုက်ပါတယ်။
အဲဒီကန့်သတ်ချက်တွေကို အမှုမရင်ဆိုင်မီ ကြိုတင်ထိန်းသိမ်းမှုအဖြစ် အောက်တိုဘာ ၃၀ ရက်အထိ သတ်မှတ်လိုက်တာဖြစ်ကြောင်း မော်စကိုတရားရုံးက တယ်လီဂရမ်မှာ သတင်း ထုတ်ပြန်ပါတယ်။
ဒီလိုပိတ်ပင်တာဟာ ထောင်ထဲမှာ ချုပ်နှောင်ထားတာလောက် မပြင်းထန်ပေမဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်ပြီး ခရီးသွားတာ၊ ဆက်သွယ်ရေးနဲ့ အင်တာနက် သုံးစွဲတာတွေကို ကန့်သတ်ထားတာပါ။
ကွန်မာဆန့်ထ် သတင်းစာရဲ့ ဖော်ပြချက်အရ တရားရုံးက မိုနီယာဗာကို မနက် ၈ နာရီကနေ ည ၈ နာရီအတွင်း အိမ်ပြင်မထွက်ရ၊ ခရီးမသွားရ၊ ဆိုရှယ်မီဒီယာမသုံးရ၊ အမှုနဲ့ပတ်သက်တဲ့ သက်သေတွေနဲ့ မဆက်သွယ်ရ ဆိုပြီး ပိတ်ပင်ထားပါတယ်။
မိုနီယာဗာဟာ တယ်လီဂရမ်မှာ “ရုရှားဖက်ဒရယ်စစ်တပ်က ယူကရိန်းအရပ်သားတွေအပေါ် ပြုမူချက်တွေနဲ့ ပတ်သက်ပြီး မှန်ကန်သလိုလိုနဲ့ တမင်ရေးသားထားတဲ့ သတင်းအမှားတွေ” ကို ဖြန့်ဝေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုခံရပြီးနောက် စက်တင်ဘာ ၂ ရက် ကတည်းက ထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
စစ်ဆေးမေးမြန်းချိန်မှာ အာဏာပိုင်တွေက အပြစ်ရှိကြောင်း ဝန်ခံဖို့ နာရီပေါင်းများစွာ ဖိအားပေးခဲ့ပေမဲ့ မိုနီယာဗာက စစ်ပွဲကို ဆန့်ကျင်တာဟာ အပြစ်မဟုတ်သလို ဘာမှလည်း ကြောက်ရွံ့မှုမရှိကြောင်းနဲ့ စစ်ပွဲ မြန်မြန်ပြီးစေချင်ကြောင်း ပြောပါတယ်။
တဖက်မှာလည်း အဲဒီဂေဟာမှာ ၁၀ နှစ်ကြာ ဆေးကုသမှုခံယူနေတဲ့ လူနာဖြစ်သူ ဒါနီရယ် မက်ဆီမော့ဗ်က ဒီဂေဟာဟာ သူ့အတွက် ကျန်းမာရေးနဲ့ လူမှုရေး အပါအဝင် ဘဝသစ်ကို ပေးစွမ်းခဲ့တဲ့ မွန်မြတ်တဲ့နေရာတခုလို့ တည်ထောင်သူဘက်က ရပ်တည် ပြောဆိုပေးခဲ့ပါတယ်။
Source: Reuters











