DVB Logo
Home
Lead Story
ပြည်သူကလန်တဲ့ အမင်္ဂလာသင်္ကြန်၊ မိစ္ဆာရူးတွေ သာမြူးတဲ့ အဓမ္မနှစ်ကူး
DVB
·
April 17, 2023
ပြည်သူကလန်တဲ့ အမင်္ဂလာသင်္ကြန်၊ မိစ္ဆာရူးတွေ သာမြူးတဲ့ အဓမ္မနှစ်ကူး
Donate to DVB

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်ဟာ သွေးအလူးလူး၊ မျက်ရည်အလိမ်းလိမ်းနဲ့ ကုန်ဆုံးသွားခဲ့ပြီး အတာကူးတဲ့ လတန်ခူးမှာ ဗုံးသံ သေနတ်သံ၊ ငိုကြွေးအော်ဟစ် ညည်းညူသံတွေ တင်းကျမ်းနဲ့ မြန်မာနှစ်သစ် ၁၃၈၅ ခုနှစ်ကို ကူးပြောင်းရောက်ရှိလာတော့မှာဖြစ်ပါတယ်။

နိုင်ငံတဝန်းလုံးမှာ ပြည်တွင်းစစ် မီးတောက်ကြီး အလျှံတညီးညီး တောက်လောင်လို့ အနိဋ္ဌာရုံတွေ ပြည့်နှက်နေရစေတဲ့ အဓိကတရားခံဟာ လက်နက်အားကိုးနဲ့ တိုင်းပြည်အာဏာ လုယူဖျက်ဆီးခဲ့ကြတဲ့ မိစ္ဆာသမ္မတရူး မင်းအောင်လှိုင်နဲ့ အခွင့်ထူးခံဖက်ဆစ်တပ်ပဲ ဖြစ်ပါတယ်။

ဒီနှစ်သင်္ကြန်ကတော့ဖြင့် လူကောင်းသူကောင်းတွေ၊ အသိတရားရှိတဲ့ ပြည်သူတွေအတွက် စိတ်မချမ်းမြေ့စရာ သတင်းဆိုးတွေနဲ့ ရေသဘင်ပွဲ မဆင်နွှဲလိုတော့ဘဲ နှလုံးမသာယာစွာ ကုန်ဆုံးသွားတဲ့ အမင်္ဂလာသင်္ကြန်ပွဲတစ်ခု ဖြစ်သလို၊ အသိဉာဏ်နိမ့်ပါးပြီး ကိုယ်ကျင့်သီလ ပျက်ယွင်းနေတဲ့ လူဆိုးလူမိုက် မိစ္ဆာရူးများသာ မြူးထူးပျော်ပါးတဲ့ အမင်္ဂလာသင်္ကြန်သာ ဖြစ်ခဲ့ပါတယ်။

ဘာကြောင့်လဲဆိုတော့ မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကို ဆင်ယင်ကျင်းပကြရတဲ့ အဓိက ရည်မှန်းချက်က နှစ်ဟောင်းက အညစ်အကြေးတွေ၊ မကောင်းမှု အကုသိုလ်ကံအဟောင်းတွေကို အတာရေနဲ့ ဆေးကြောဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ ပြီးဆုံးတော့မယ့် နှစ်ဟောင်း တနှစ်လုံးအတွင်းမှာ ပြုခဲ့၊ ကျူးလွန်ခဲ့တဲ့ ပြစ်မှုအကုသိုလ် အညစ်အကြေးတွေဆို ရေနဲ့ဆေးကြောလို့ မပြောင်စင်နိုင်ပေမဲ့ အသိဉာဏ်နဲ့ ပိုင်းခြားပြီး မပြုသင့် မပြုအပ်တဲ့ အကုသိုလ် ကံဆိုးကံညစ်တွေကို နှစ်သစ်ကူးအခါသမယမှာ ဆင်ခြင်နောင်တရလို့ နောက်ထပ်မပြုဖြစ်အောင် ရည်မှန်းပြီး မိမိစိတ်ကို ကောင်းမွန်အောင်ပြုပြင်မယ်ဆိုတဲ့သဘောနဲ့ စိတ်ဓာတ်၊ အတွေးအခေါ် အကျင့်အကြံတွေကို ဆေးကြောရတဲ့ပွဲ ဖြစ်ပါတယ်။

လက်တွေ့မှာတော့ နိုင်ငံကို စစ်ကျွန်ပြု ဖျက်ဆီးနေတဲ့ စစ်ဘီလူးသဘက်တွေဟာ နှစ်ဟောင်းက ပြစ်မှုအကုသိုလ် အညစ်အကြေးတွေကို မဆေးကြောတဲ့အပြင် အကုသိုလ်အသစ် ပြစ်မှုအသစ်တွေ ထပ်မံကျူးလွန်ရင်း ရုပ်ဆိုး အကျည်းတန်တဲ့ အမင်္ဂလာသင်္ကြန်ကို ဆင်ယင်ကျင်းပနေကြတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှာ ဒေသခံပြည်သူတွေ စုဝေး‌နေတုန်း ဖက်ဆစ်မိစ္ဆာ‌လေတပ် ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး၊ အသက်ရှင်ကျန်ရစ်သူတွေ၊ ထွက်ပြေးတိမ်းရှောင်ရန် ကြိုးစားနေတဲ့ အရပ်သားပြည်သူတွေကို Mi 35 စစ်ရဟတ်ယာဉ်တွေနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အခုအချိန်အထိ သေဆုံးပြည်သူ ၁၆၈ ဦး ရှိခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီလို လူမဆန်တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို နှစ်သစ်ကူးအခါသမယအတွင်း ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့ကြတဲ့ မိစ္ဆာစစ်ဘီလူးတွေရဲ့ သူရဲ‌ဘော‌ကြောင်စွာ တိုက်ခိုက်သတ်ဖြတ်မှုကို တနိုင်လုံးက ပြည်သူလူထုသာမက နိုင်ငံတကာအသိုင်းအဝိုင်း အာဆီယံ၊ ကမ္ဘာ့ကုလသမဂ္ဂအားလုံးက ပြင်းထန်ရှုတ်ချကန့်ကွက်ခဲ့ကြပါတယ်။

အပယ်ခံ အထီးကျန် စစ်ရာဇဝတ်‌ကောင် ဓားပြဂိုဏ်းဟာ နှစ်ကူးသင်္ကြန်ကို စည်ကားစွာ ကျင်းပနိုင်ကြောင်းကို ပြသဖို့ အတင်းအကျပ် စီစဥ်ကျင်းပခဲ့ပါတယ်။ ဝန်ထမ်းတွေကို ခွင့်နဲ့ပြန်ဖို့ လျှောက်တာကို ငြင်းဆန်ပြီး ဆက်နေခိုင်းတာ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဈေးဆိုင်တွေက အမျိုးသမီးငယ်တွေကို သင်္ကြန်ကာလမဏ္ဍပ်မှာ မလာမနေရ ခေါ်ယူထားခဲ့ပြီး လူမထည့်နိုင်ရင် ၁၀၀,၀၀၀ ကနေ ၃၀၀,၀၀၀ ထိ အလှူငွေထည့်ခိုင်းတယ်လို့ ဆိုပါတယ်။

ကိုယ့်ပြည်သူကို ရက်ရက်စက်စက် သတ်ဖြတ်နေကြတဲ့ မိစ္ဆာစစ်ဘီလူးသဘက်တွေ ကျင်းပတဲ့ အဓမ္မသင်္ကြန်ကို တက်ရောက်သူအများစုကို ကြည့်လိုက်ရင် နီးရာဓား ကြောက်ရလို့ စိတ်မပါဘဲ လာရသူတွေ၊ မိမိပရိသတ်အပေါ် သစ္စာဖောက် စည်းမစောင့်ကြတဲ့ အနုပညာသည်တချို့၊ စစ်အသိုင်းအဝိုင်းနဲ့ ကပ်ရပ်ကြီးပွားနေတဲ့ ကပ်ပါးပိုးမွှားတွေ၊ မတရားတဲ့ အမိန့်အောက်မှာ လမ်းဆုံးပြီး လူဖြစ်ရှုံးနေရတဲ့ ဓားပြဂိုဏ်း လုံခြုံရေးစစ်သား ရဲသား ထုံးပေသီးတွေ ခြောက်ခြောက်ကပ်ကပ်နဲ့ လူဆိုးလူမိုက် မိစ္ဆာရူးတွေသာ မြူးတူးနေတာပဲ တွေ့ရပါတယ်။

ဒါပေမဲ့လည်း မြန်မာပြည်သူအများစုဟာ စစ်မိစ္ဆာတွေ ဇွတ်ကျင်းပတဲ့ အမင်္ဂလာသင်္ကြန်ကို ရတဲ့နည်းမျိုးစုံနဲ့ ကလန်ကြ၊ ဆန့်ကျင်နေကြပါတယ်။ မြန်မာနိုင်ငံမှာ သင်္ကြန်မြို့တော်လို့ ထင်ရှားတဲ့ မန္တလေးမြို့ကြီးမှာတောင် ရေကစားမဏ္ဍပ် အလွန်နည်းသွားသလို မြို့မလို နာမည်ကြီး အလှပြယာဥ် မြို့တွင်းလှည့်လည်ရာမှာ‌တောင် ကြည့်သူမရှိကြောင်း မန္တလေးမြို့ခံ တစ်ဦးက ဆိုပါတယ်။ အရင်တုန်းက အစဉ်အလာအရဆို မန္တလေးဆိုတာ သင်္ကြန်နဲ့ခွဲလို့ မရစကောင်းပါဘူး။ ဒီနှစ်မှာတော့ သင်္ကြန်ကသတ်သတ်၊ မြို့ကသတ်သတ် ဖြစ်သွားတာမို့ ခြောက်ကပ်တိတ်ဆိတ်လို့ မြင်မြင်သမျှဟာ ကျီးနဲ့ဖုတ်ဖုတ်သာပါပဲ။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် လူစိတ်ကင်းမဲ့နေတဲ့ အာဏာလုစစ်ဘီလူးသဘက်တွေဟာ မြန်မာ့နှစ်ကူးပွဲတော်ကို အဓမ္မလုယက်ပြီး ဇွတ်ကျင်းပခဲ့ပေမဲ့ အများပြည်သူတွေက NLD ပြည်သူ့အစိုးရလက်ထက်မှာ ကျင်းပခဲ့တဲ့ သင်္ကြန်ပွဲတော်တွေမှာလို စိတ်လိုလက်ရ ပူးပေါင်းပါဝင်မှု မပြုကြဘဲ ဝိုင်းဆန့်ကျင်ကြတာမို့ ဒီအမင်္ဂလာနှစ်မှာ ကျင်းပတဲ့ မြန်မာ့နှစ်ကူးသင်္ကြန်ဟာ ပြည်သူ ကလန်တဲ့ အမင်္ဂလာသင်္ကြန်၊ မိစ္ဆာရူးတွေသာ မြူးတဲ့ အဓမ္မနှစ်ကူးပွဲတော်အဖြစ် သမိုင်းဝင်ခဲ့ရပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013