DVB Logo
Home
မြန်မာသတင်း
နှစ်ဆန်း ၁ ရက်နေ့တွင် ပဇီကြီးပြည်သူ ၁၀၀ ကျော်အတွက် နိုင်ငံတဝန်း အမျှဝေ၊ စစ်မိစ္ဆာနှင်၊ သံပုံးတီး ဆန့်ကျင်ကြရန် တိုက်တွန်း
DVB
·
April 16, 2023
နှစ်ဆန်း ၁ ရက်နေ့တွင်  ပဇီကြီးပြည်သူ ၁၀၀ ကျော်အတွက် နိုင်ငံတဝန်း အမျှဝေ၊ စစ်မိစ္ဆာနှင်၊ သံပုံးတီး ဆန့်ကျင်ကြရန် တိုက်တွန်း
Donate to DVB

ဧပြီ ၁၇ ရက်မှာ ကျရောက်တဲ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ နိုင်ငံတဝန်းပြည်သူတွေအနေနဲ့ မြန်မာပြည်ကို ဒုက္ခကိုပေးနေတဲ့ မကောင်းဆိုးဝါး၊ စစ်မိစ္ဆာတွေကို သံပုံးတီး ဆန့် ကျင်နှင်ထုတ်ကြဖို့ တော်လှန်ရေးသပိတ်အင်အားစုတွေက တိုက်တွန်းထားပါတယ်။

ဒါ့အပြင် နှစ်ဆန်း ၁ ရက်နေ့ဟာ ဖက်ဆစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ကန့်ဘလူမြို့၊ ပဇီကြီးကျေးရွာမှာ ကျဆုံးခဲ့ကြရတဲ့ အရပ်သားပြည်သူ ၁၀၀ ကျော်ရဲ့ ရက်လည်နေ့လည်း ဖြစ်တာကြောင့် အဲဒီနေ့မှာ ပြည်သူအပေါင်းတို့ ပြုသမျှသော ကောင်းမှု၊ ဆုတောင်းမှုတွေဟာ ပဇီကြီးအတွက် ရပ်တည်မှု၊ ပြည်သူ့အတွက် ပြည်သူမှ ရပ်တည်ကြောင်း ပြသကြဖို့လည်း  အလေးအနက် တိုက်တွန်းနှိုးဆော်ထားတာပါ။

မြန်မာနှစ်သစ်ကူးနေ့မှာ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံတို့က ပြုကြတဲ့ ကောင်းမှုကုသိုလ်တွေနဲ့  ဆုတောင်းမှုတွေဟာ ပဇီကြီးအတွက်ဖြစ်ကာ ဆိုင်ရာ ဘာသာရေးအဆောက်အအုံတွေဆီ သွားရောက်ဆုတောင်းမှုတွေကလည်း ပဇီကြီးအတွက်ပဲဖြစ်ပြီးတော့ လမ်းဆုံ၊ လမ်းခွ၊ ရပ်ကွက်အတွင်း အန္တရာယ်ကင်းဆုတောင်းပွဲတွေမှာလည်း ပဇီကြီး ကျေးရွာဖြစ်ရပ်အတွက် ဆုတောင်း၊ အမျှဝေပေးဖို့ ထွက်ပေါ်လာတဲ့ အမျှဝေသံတွေကလည်း ပဇီကြီးကျဆုံးပြည်သူတွေအတွက်ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာဓလေ့ထုံးထမ်းအရ ညနေစောင်း နေဝင်ရီတရောတီးတဲ့ သံပုံးသံတွေဟာ ပြည်သူတွေနဲ့ မြန်မာပြည်ကို ဒုက္ခပေးနေတဲ့ မကောင်းဆိုးဝါး၊ မိစ္ဆာတွေကို နှင်ထုတ်ဆန့်ကျင်တာဖြစ်သလို ည ၈ နာရီမှာလည်း တနိုင်ငံလုံး မီးပိတ်သပိတ်ကိုဆင်နွှဲပြီးတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုတ်ချကြောင်း၊ ဆန့်ကျင်ကြောင်း ပြသကြဖို့လည်း တိုက်တွန်းထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ တဖက်မှာ တော်လှန်‌ရေးအားကောင်းတဲ့ ဒေသတွေက ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ သတ်ဖြတ်တာနဲ့ ဖမ်းဆီးနှိပ်စက်တာတွေ ပြုလုပ်နေပြီး တဖက်မှာလည်း တိုင်းပြည်အေးချမ်းနေတာကို ပြချင်တဲ့အတွက် ပျော်ပွဲရွှင်ပွဲတွေ အတင်းအကျပ် ဖန်တီးနေပါတယ်။

အခုနှစ်ရဲ့ သင်္ကြန်ပွဲတော်ကိုလည်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးတွေ အပါအဝင် သူတို့ ထိန်းချုပ်လို့ရတဲ့ မြို့တွေမှာ သင်္ကြန်မဏ္ဍပ်တွေနဲ့ လမ်းလျှောက်သင်္ကြန်ပွဲတွေ စည်စည်ကားကားကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် တော်လှန်ပြည်သူတွေကတော့ တနိုင်ငံလုံး စစ်မီးမငြိမ်းပဲ နာမကျန်းဖြစ်နေချိန်မှာ ဒီ ပွဲတော်မှာ မပါဝင်မဆင်နွှဲခြင်းနဲ့ ဆက်လက်ဆန့်ကျင်တော်လှန်နေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013