DVB Logo
Home
Lead Story
၇၈ နှစ်သက်တမ်းရှိ မြန်မာစစ်တပ်နှင့် ၂ နှစ်ပြည့်တော့မည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ အကြားက စစ်ရေးအရွေ့လားရာ ဘာလဲ ဘယ်လဲ
DVB
·
April 14, 2023
၇၈ နှစ်သက်တမ်းရှိ မြန်မာစစ်တပ်နှင့် ၂ နှစ်ပြည့်တော့မည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ အကြားက စစ်ရေးအရွေ့လားရာ ဘာလဲ ဘယ်လဲ
Donate to DVB

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့က ကျင်းပတဲ့ (၇၈) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ (တပ်မတော်နေ့) အခမ်းအနားမှာ အကြမ်းဖက်မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင်က အဖိနှိပ်ခံပြည်သူ့ဘက်ကနေ ရပ်တည်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို ပြတ်ပြတ်သားသား ချေမှုန်းမယ်လို့ အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီလိုပြောဆိုလိုက်ခြင်းအားဖြင့် အကြမ်းဖက်မြန်မာစစ်တပ်အနေနဲ့ လက်နက်ချအညံ့ခံလိုစိတ်မရှိဘဲ နောက်ဆုံးကျည်တတောင့် ကျန်တဲ့အထိ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်နဲ့ နိုင်ငံကို ဖျက်ဆီးသွားလိမ့်မယ်ဆိုတာ ဝန်ခံလိုက်ခြင်းလည်း ဖြစ်ပါတယ်။ 

နိုင်ငံ့ဘဏ္ဍာကို နှစ်ပေါင်း ၇၀ ကျော် ထုတ်ယူသုံးစွဲပြီး တည်ဆောက်လာခဲ့တဲ့ အကြမ်းဖက်မြန်မာစစ်တပ်ဟာ ဒေသတွင်းအင်အားအတော်အတန်ကြီးထွားပြီး နိုင်ငံတကာအဆင့် သတ်မှတ်ချက်မှာလည်း မနိမ့်ကျတဲ့ စစ်အင်အားကို ပိုင်ဆိုင်ထားခဲ့တာပါ။ ထိုစစ်အင်အားနဲ့ပဲ နိုင်ငံကို ၁၉၆၂ ခုနှစ် မှာ ပထမဆုံးအကြိမ် ၊  ၁၉၈၈ ခုနှစ်မှာ ဒုတိယအကြိမ်နဲ့ အာဏာသိမ်းကာ ထင်တိုင်း မင်းမူနိုင်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာလည်း တတိယအကြိမ်မြောက် ထပ်မံအာဏာသိမ်းခဲ့ပြီး ငြင်သာသိမ်မွေ့သော အာဏာထိန်းမှုလို့ ရည်ညွှန်းခဲ့ကြကာ ပြည်သူလူထုရဲ့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုကို လအနည်းငယ်အတွင်း ငြိမ်ဝပ်ပိပြားအောင် ထိန်းသိမ်းနိုင်လိမ့်မယ်လို့ စိတ်ကူးယဉ်ခဲ့ကြတာပါ။

အာဏာသိမ်းပြီး သုံးလနဲ့ ငါးရက်အကြာ မေလ ၅ ရက်နေ့မှာတော့ ပြည်သူက မွေးဖွားလိုက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် စတင်သန္ဓေတည်လာပြီး အကြမ်းဖက်မြန်မာစစ်တပ်ကို လက်လုပ်တူမီးတွေနဲ့ တော်လှန်တိုက်ခိုက်လာပါတယ်။

ဒီကနေ့ အချိန်အခါမှာတော့ နိုင်ငံနေရာအနှံ့အပြားမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေဟာ အကြမ်းဖက်မြန်မာစစ်တပ်ကို ခြိမ်းခြောက်နိုင်လာပြီး မင်းဘာလဲ ငါဘာလဲ စိန်ခေါ်နိုင်စွမ်း ရှိလာခဲ့တာကို မျက်ဝါးထင်ထင် တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတကြီး ဒူဝါလရှီးလကလည်း ၂၀၂၃ ခုနှစ်ဟာ အဆုံးအဖြတ်နှစ် ဖြစ်တယ်လို့ အတိအလင်း ထုတ်ဖော်ပြောကြားခဲ့ပြီး နှစ်နှစ်ပြည့်တော့မယ့် ပြည်သူ့ ကာကွယ်ရေးတပ်မတော်ရဲ့ ခုခံတွန်းလှန်စစ်ကို အရှိန်မြှင့်တင်နေကြောင်း ပြည်သူလူထု အားတက်ဖွယ် အသိပေးခဲ့ပါတယ်။

၂၀၂၃ ခုနှစ်ဟာ  အဆုံးအဖြတ်နှစ် ဖြစ်လာနိုင်သလားဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တပ်တည်ဆောက်မှုအခြေအနေနဲ့ စစ်ဆင်နိုင်စွမ်းကို ခြုံငုံသုံးသပ်နိုင်ဖို့ လိုပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ လက်လုပ်တူမီးသေနတ်တွေအစား ခေတ်မီ မောင်းပြန်ရိုင်ဖယ်တွေတပ်ဆင်လာနိုင်မှု၊ ပြောက်ကျားစစ်ဆင်နိုင်စွမ်း မြင့်မားလာမှု၊ ခေတ်ပညာတတ် လူငယ်တွေရဲ့  နည်းပညာပေါင်းစပ် စစ်ကစားနိုင်စွမ်းမြင့်မားလာမှု၊ တနိုင်ငံလုံးမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းပေါင်း  ၃၀၀ နီးပါးထိ ဖွဲ့စည်းလာနိုင်မှု၊ နည်းဗျူဟာနဲ့ မဟာဗျူဟာမြောက် ဟန်ချက်ညီစစ်ဆင်နိုင်စွမ်း တိုးတက်လာမှုတို့အပြင် Chain of Command လို့ ခေါ်တဲ့ ထက်အောက်ကွပ်ကဲနိုင်မှုတွေ မလွဲမသွေ တိုးတက်လာမယ့်နှစ်လို့ ဆိုရပါလိမ့်မယ်။ 

အကြမ်းဖက်မြန်မာစစ်တပ်အနေနဲ့ အင်အားပြုန်းတီးမှု များပြားနေပေမဲ့ အထိုက်အလျောက်တော့ အင်အားရှိနေသေးပြီး မြေပြင်တိုက်ခိုက်ရေးအင်အားနည်းပါးလာမှု အားနည်းချက်ကို လေတပ်ပစ်ကူနဲ့ဖာထေးနေခဲ့ရတာ ဖြစ်ပါတယ်။ အကြမ်းဖက်မြန်မာစစ်တပ်ဟာ  ယခင်က တော်လှန်ရေးအဖွဲ့တွေကို သာလွန်လက်နက်အင်အားနဲ့ လိုက်လံချေမှုန်းနိုင်နေခဲ့ရာက လက်ရှိ အခြေအနေမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ခြိမ်းခြောက်လာနိုင်မှုကို အသေအလဲ ခုခံကာကွယ်နေရတဲ့အဆင့်သို့  ရောက်ရှိစ ပြုနေပြီပဲ ဖြစ်ပါတယ်။

ရန်ကုန်အစိုးရလို့ အခေါ်ခံရစဉ်တုန်းကတောင် အကြမ်းဖက်မြန်မာစစ်တပ် ရင်ဆိုင်ခဲ့ရတဲ့ စစ်ရေးအကျပ်အတည်းဟာ ယခုလောက် မခက်ခဲခဲ့ပါဘူး။ ထိုစဉ်က  မြို့စောင့်တပ် အနည်းငယ်လောက်ကို သာလွန်အင်အားနဲ့ ပြန်တိုက်ပြီး သိမ်းယူကာ ဖြေရှင်းနိုင်ခဲ့တာဖြစ်ပေမဲ့ အခုအခါမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ မြို့တိုင်း ရွာတိုင်းမှာ အနည်းဆုံး တပ်ရင်း တခုစီလောက်နဲ့ ကွက်ပြည့် စိုးမိုးနိုင်လာစ အခြေအနေ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်ထဲမှာ စစ်ဖြစ်ပွားရာဒေသတွေ ပိုမိုများပြားလာနိုင်ပြီး စစ်ဘောင်လည်း ပိုမိုကျယ်ပြန့်လာနိုင်ခြေများပါတယ်။ ဒီလို စစ်ဘောင်ချဲ့  ထိုးစစ်တွေ ဆင်နွှဲလာနိုင်ရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ လက်နက်အင်အားနဲ့ လူအင်အား လုံလောက်စွာ ဖြည့်တင်းနိုင်ရေး ရုန်းကန်နေရဦးမှာဖြစ်ပြီး အကြမ်းဖက်မြန်မာစစ်တပ်အနေနဲ့လည်း ထပ်မံဖြည့်တင်းထားတဲ့ လေတပ်အားကိုးနဲ့  အသေအလဲ မျက်ကလူးဆန်ပြာ ခုခံရဖွယ် ရှိပါတယ်။ 

နိဂုံးချုပ်ရရင်တော့ ၂၀၂၃ ခုနှစ်ဟာ ပြည်သူ့ခုခံတော်လှန်စစ်ရဲ့  အဆုံးအဖြတ်နှစ် ဖြစ်လာနိုင်ဖို့ရာ မဖြစ်နိုင်သေးဘဲ နောက်နှစ်ဖြစ်တဲ့ ၂၀၂၄ ခုနှစ်အတွင်း အနိုင်တိုက်နိုင်ဖို့ရာ အားသာချက် အများအပြား တည်ဆောက်ယူနိုင်မယ့်နှစ်လို့ ယူဆနိုင်ပါတယ်။ 

လာမယ့် မေလ ၅ ရက်နေ့မှာ သက်တမ်း ၂ နှစ်ပြည့်တော့မယ့် ပြည်သူ့ကာကွယ်ရေးတပ်မတော် အနေနဲ့ ဝါရင့်အကြမ်းဖက်မြန်မာစစ်တပ်ကို ပိုမိုခြိမ်းခြောက်လာနိုင်ပြီး ထိုးစစ်ကြီးများ ဆင်နွှဲသွားနိုင်မလား ဆိုတာကတော့  . . . ။ 

မောင်မိုးမာန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013