DVB Logo
Home
မြန်မာသတင်း
ဗန်းမောက်တွင် စစ်တပ်မိုင်းဆွဲခံရသဖြင့် အကျအဆုံးများပြား၊ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ်များပျက်စီး
DVB
·
April 13, 2023
ဗန်းမောက်တွင် စစ်တပ်မိုင်းဆွဲခံရသဖြင့် အကျအဆုံးများပြား၊ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ်များပျက်စီး
Donate to DVB

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ် အနောက်ဘက်ခြမ်း ဗန်းမောက်မြို့နဲ့ ၉ မိုင်အကွာက  ပင်ဟင်းခါး သာယာကုန်းရွာပတ်ဝန်းကျင်မှာ ဧပြီ ၁၂ ရက် မနက် ၁၁ နာရီဝန်းကျင်လောက်မှာ ဗန်းမောက်ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦးဝန်း ကျင်သေဆုံးခဲ့ပြီး ဗန်းမောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

မိုင်းဆွဲခံရတာကြောင့် စစ်ကောင်စီက ညနေ ၁ နာရီခွဲလောက်မှာ ပင်ဟင်းခါး သာယာကုန်းရွာကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို နေ့လယ် ၂ နာရီဝန်းကျင်လောက်မှာလည်း ရဟတ်ယာဉ်နဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတဦး အသက်ဆုံးရှုံးခဲ့ရပြီး နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

“ဗန်းမောက်မြို့ဘက်ကနေ ထွက်လာတဲ့ စစ်ကြောင်းကို ပင်ဟင်းခါး သာယာကုန်း မရောက်ခင်မခင်မှာ မိုင်းဆွဲလိုက်တော့ (-) တွေ ၁၀ ကောင်လောက်ကျတယ်။ အဲတာနဲ့ ည ၁ နာရီလောက် ဂျက်နဲ့လာပစ်တယ်၊ ၂ နာရီလောက်မှာထပ်ပြီး ရဟတ်ယာဉ်နဲ့ ပြန်လာပစ်တယ်” လို့ ဗန်းမောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ပထမအကြိမ် ဂျက်တိုက်လေကြောင်းတိုက်ခိုက်မှုမှာ ဗုံး ၈ လုံးကြဲချတာကြောင့် ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၆ လုံး ပျက်စီးခဲ့ပြီး နေအိမ်တလုံးကတော့ မီးလောင်ကျွမ်းသွားတယ်လို့ သိရပါတယ်။ 

ဂျက်တိုက်လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တဦးကတော့ ဒဏ်ရာပြင်းထန်ကြောင်း၊ ဒုတိယအကြိမ် ရဟတ်ယာဉ်နဲ့ ပစ်ခတ်တာကြောင့် ပြည်သူ ၂ ဦးထပ်မံထိမှန်ခဲ့ပြီး အသက် ၇၀ ကျော် အမျိုးသမီးတဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မှန်ယူကြီးရွာဘက်ကို အင်အားလာဖြည့်တဲ့ စစ်ကြောင်းဖြစ်ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

“မှန်ယူကြီးဘက် တကြောင်းမှာ SNAရယ်၊ စကစရယ် ပေါင်းပြီး အရင်က သူတို့ ဆုံးရှုံးလိုက်တဲ့ ဒေသတွေကို ပြန်ပြီး ထိုးစစ်ဆင်နေတာကြာပြီ၊ တလကျော် နှစ်လထဲရောက်လာပြီးပေါ့။ အခုမိုင်းဆွဲခံရတဲ့ (-) စစ်ကြောင်းကလည်း အဲကို စစ်ကူသွားဖို့ ဖြစ်မယ်” လို့ ပြောပါတယ်။

ဗန်းမောက်မြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထိုးစစ်ကြောင့် ကျေးရွာအများအပြားက ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ဗန်းမောက်မြို့နယ် မြောက်ဘက်ခြမ်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကြားထိတွေ တိုက်ပွဲတွေ ဖြစ်နေသလို အင်းတော်မြို့ပေါ်က စစ်ကောင်စီရဲ့လက်နက်ကြီး တပ်စခန်းတွေကနေ မြို့နယ်နဲ့တောင်ဘက်ခြမ်းကို မကြာခဏလက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013