DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက ကာကွယ်ရေးအသုံးစရိတ်ကို တိုင်းပြည်ဘတ်ဂျက် စုစုပေါင်း၏ ၃ ပုံ ၁ ပုံ နီးပါးအထိ စံချိန်တင် တိုးမြှင့်သုံးစွဲ
DVB
·
April 12, 2023
စစ်ကောင်စီက ကာကွယ်ရေးအသုံးစရိတ်ကို တိုင်းပြည်ဘတ်ဂျက် စုစုပေါင်း၏ ၃ ပုံ ၁ ပုံ နီးပါးအထိ စံချိန်တင် တိုးမြှင့်သုံးစွဲ
Donate to DVB

အာဏာသိမ်းစစ်ကောင်စီက ယခု ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ် ကျပ် ဘီလီယံ ၅၆၀၀ ကျော်သုံးစွဲမှာဖြစ်ပြီး ဒါဟာ တိုင်းပြည်ရဲ့ စုစုပေါင်း ဘတ်ဂျက်အသုံးစရိတ်ရဲ့ ၂၈ ရာခိုင်နှုန်းကျော်အထိ အမြင့်ဆုံး စံချိန်တင် အသုံးပြုထားတာတွေ့ရတယ်လို့ ဘတ်ဂျက်လေ့လာသူတွေက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  အတည်ပြုပေးလိုက်တဲ့ ၂၀၂၃-၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ မှာဖော်ပြပါရှိတဲ့ ကိန်းဂဏန်း အချက်အလက်တွေအရ ပြည်ထောင်စုဝန်ကြီးဌာနတွေနဲ့ ဦးစီးဌာနတွေ အလိုက် အသုံးစရိတ်ခေါင်းစဉ်အောက်မှာ ကာကွယ်ရေးအတွက် အသုံးစရိတ်ဟာ သာမန်သုံးငွေ ၃,၅၆၇,၉၉၁ ကျပ်သန်း၊ အတိုးပေးငွေ ၆,၅၄၉ ကျပ်သန်း၊ ငွေလုံးငွေရင်းသုံးငွေ ၂,၀၃၂,၅၀၇ ကျပ်သန်း၊ ကြွေးမြီပေးဆပ်ငွေ ၂၈,၀၅၃ ကျပ်သန်း အသီးသီးရှိတာကြောင့် စုစုပေါင်း ကာကွယ်ရေးအသုံးစရိတ်က ၅,၆၃၅,၁၀၂ ကျပ်သန်း (၅,၆၃၅ ဘီလီယံ) ရှိပါတယ်။ 

ဒီပမာဏဟာ ပြည်ထောင်စုဝန်ကြီးဌာနတွေနဲ့ ဦးစီးဌာနတွေအလိုက် အသုံးစရိတ် စုစုပေါင်း ၁၉,၉၅၆,၃၇၀ ကျပ်သန်း (၁၉,၉၅၆ ဘီလီယံ)နဲ့ယှဉ်ရင် ရာခိုင်နှုန်းအားဖြင့် ၂၈ ရာခိုင်နှုန်းကျော် ရှိတာပါ။

ဒါ့အပြင် အခုဘဏ္ဍာနှစ်အတွက် အသုံးပြုမယ့် ကာကွယ်ရေးအသုံးစရိတ်ဟာ ပြီးခဲ့တဲ့နှစ်က စံချိန်တင်အသုံးပြုခဲ့တဲ့ ကာကွယ်ရေးအသုံးစရိတ်ထက် ပိုမြှင့်နေတာ တွေ့ရတယ်လို့ ဘတ်ဂျက်လေ့လာသူတွေက ထောက်ပြထားပါတယ်။

ပြီးခဲ့တဲ့၂၀၂၂-၂၃ ဘဏ္ဍာနှစ်က အတည်ပြုပေးခဲ့တဲ့ ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေမှာ ကာကွယ်ရေးအတွက် အသုံးစရိတ်ဟာ ပထမအကြိမ် ၃,၇၀၃,၈၆၆ ကျပ်သန်း(၃၇၀၀ ဘီလီယံ) ခွင့်ပြုပေးခဲ့တဲ့အပြင် ဒုတိယအကြိမ် ထပ်တိုးဘတ်ဂျက် ၄၄၀,၂၀၉ ကျပ်သန်း(၄၄၀ ဘီလီယံ) ရှိပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ဘဏ္ဍာနှစ် တနှစ်တည်းမှာ ကာကွယ်ရေးအတွက် အသုံးပြုခဲ့တဲ့ ဘတ်ဂျက်ဟာ ၄,၁၄၄,၀၇၅ ကျပ်သန်း(၄၁၄၄ ဘီလီယံ) ရှိတာကြောင့် စံချိန်တင် အမြင့်ဆုံး ရှိခဲ့တာပါ။

ဒါပေမဲ့ အခုဘဏ္ဍာနှစ်အတွက် အသုံးပြုမယ့် ကာကွယ်ရေးအသုံးစရိတ်က ၅,၆၃၅,၁၀၂ ကျပ်သန်း(၅၆၃၅ ဘီလီယံ) ရှိတာကြောင့် မနှစ်က စံချိန်တင်ခဲ့တဲ့ ပမာဏာကို ကျော်လွန်ပြီး အသုံးပြုထားတာ တွေ့ရတယ်လို့ သုတေသီတွေက ဆိုပါတယ်။

“ပြီးခဲ့တဲ့ကာလတွေမှာ သုံးခဲ့တဲ့ ကာကွယ်ရေး အသုံးစရိတ်တွေကို ပြန်ကြည့်တဲ့အခါ ဘတ်ဂျက်စုစုပေါင်းရဲ့ ၁၃ ရာခိုင်နှုန်း လောက်ပဲရှိခဲ့တာ တွေ့ရတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းတော့ ကာကွယ်ရေး အသုံးစရိတ်တွေ နှစ်စဉ်မြင့်လာတယ်။ မနှစ်ကဆိုရင် ဘတ်ဂျက်စုစုပေါင်းရဲ့ ၁၈ ရာခိုင်နှုန်း ရှိခဲ့တယ်။ ဒီနှစ်အတွက် ကာကွယ်ရေး အသုံးစရိတ်က ဘတ်ဂျက် စုစုပေါင်းရဲ့ ၂၈ ရာခိုင်နှုန်းကျော်ဆိုတော့ နည်းတဲ့ ပမာဏမဟုတ်ဘူး။ အခုက သိတဲ့အတိုင်းပဲ စစ်အုပ်ချုပ်ရေး ဆိုတော့ သူတို့ကို check and balance လုပ်မယ့်သူ မရှိတော့ ပိုဆိုးစေတာပေါ့။ အရင်ကတော့ လွှတ်တော် ရှိတဲ့အတွက် လွှတ်တော်မှာ တင်ရတယ်။ ဒါကို အပြန်အလှန် ဆွေးနွေးပြီးတော့မှ စဉ်းစားဆုံးဖြတ်ကြတာ။ အခုတော့ သူတို့ကို counter လုပ်မယ့် သူ မရှိတော့ ကိုယ့်ဘတ်ဂျက် ကိုယ်ဆွဲပြီး ကိုယ်သုံးချင်သလို သုံးတဲ့ သဘောဖြစ်နေတာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ တိုင်းပြည်ကာကွယ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ အသုံးပြုခဲ့တဲ့ ကာကွယ်ရေး အသုံးစရိတ်တွေကို နှစ်အလိုက်ကြည့်ပါက ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ ကျပ် ၂၉၉၀ ဘီလီယံ၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ကျပ် ၃၁၉၂ ဘီလီယံ၊ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ ၃၂၅၀ ဘီလီယံ၊ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ ၃၃၈၅ ဘီလီယံ၊ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ ၃၄၁၄ ဘီလီယံ အသီးသီး သုံးစွဲခဲ့တာ တွေ့ရပါတယ်။

တိုင်းပြည်ဘဏ္ဍာငွေတွေကို အခုလို နှစ်စဉ် တိုးမြှင့်သုံးစွဲခဲ့တဲ့ စစ်ကောင်စီစစ်တပ်ဟာ ပြည်ပရန်ကို ကာကွယ်ရတာမရှိဘဲ လက်ရှိမှာတော့ နိုင်ငံအနှံ့အပြားရှိပြည်သူတွေကို ပစ်ခတ် သတ်ဖြတ်နေပြီး ရွာလုံးကျွတ် မီးရှို့နေတဲ့အပြင် လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်တဲ့ အကြမ်းဖက် လုပ်ရက်တွေကို အပြင်းအထန် ပြုလုပ်နေပါတယ်။

Photo-DSINFO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013