DVB Logo
Home
မြန်မာသတင်း
မင်္ဂလာဒုံလေတပ်စခန်း ရှော့ခ်တိုက်ဒုံးပစ်ခံရသဖြင့် ထိခိုက်ဒဏ်ရာရသူများရှိ လုံခြုံရေးတင်းကျပ်
DVB
·
April 7, 2023
မင်္ဂလာဒုံလေတပ်စခန်း ရှော့ခ်တိုက်ဒုံးပစ်ခံရသဖြင့် ထိခိုက်ဒဏ်ရာရသူများရှိ လုံခြုံရေးတင်းကျပ်
1 / 2
Donate to DVB

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်ရှိ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်ကို ဧပြီ ၆ ရက် ည ၉ နာရီကျော်က စတင်ကာ ရှော့ခ်တိုက်ဒုံးနဲ့ ပစ်ခံရလို့   ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မနေ့ည ကိုးနာရီကျော်က မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်ကို မြို့ပြပျောက်ကျားတပ်ဖွဲ့ဝင်တွေက ရှော့ခ်တိုက်ဒုံးနဲ့ဆက်တိုက် ငါးကြိမ်ပစ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ စစ်တပ်နဲ့နီးစပ်သူတစ်ဦးက ဒီဗွီဘီကိုပြောပါတယ်။

“ဆက်တိုက်ဆိုပေမဲ့ တစ်လုံးနဲ့တစ်လုံး ဆယ်မိနစ် ဆယ်ငါးမိနစ်လောက်ကြာတယ်။ ရှော့ခ်တိုက်ဒုံးနဲ့ပစ်တဲ့အချိန် ပြေးထွက်လာတဲ့ ရဲဘော်တွေထိတာရှိတယ်။ ပထမ မေးတုန်းက လေဆိပ်ဆိုပြီးပြောတာ။ နောက်မှ လေတပ်အပစ်ခံရ ဒဏ်ရာရတဲ့သူတွေရှိလို့ အကုန်ပိတ်စစ်တာ။”

မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ် ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခံရပြီးနောက် ခရေပင်လမ်းခွဲ၊ ထောက်ကြန့်လမ်းဆုံ၊ အမှတ် ၃ လမ်းဆုံနဲ့ ခြောက်ကွေ့စတဲ့နေရာတွေမှာ စစ်ဆေးမှုတွေ ပိုမိုလုပ်ဆောင်ခဲ့တယ်လို့ ကုန်ကားမောင်းသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“ခြောက်ကွေ့နားရောက်တော့ အုန်းခနဲ အသံစကြားတာ။ မိုးခြိမ်းတယ်ထင်တာ အဲဒီအချိန် မီးကလည်းပျက်နေတယ်။ နောက်ဆယ်မိနစ်လောက်နေတော့ ထပ်ကြားတယ်။ ဆက်တိုက် ဆိုသလိုပဲ ခရေပင်လမ်းခွဲရောက်တော့ ကားသမားတွေကို အကုန်စစ်တာ စစ်တပ်က”လို့ ပြောပါတယ်။

ရှောတိုက်ဒုံးနဲ့ ပစ်ခတ်မှုကြောင့် ဒုတပ်ကြပ်တစ်ယောက်နဲ့ တပ်သားတစ်ယောက် ထိခိုက်ဒဏ်ရာရပြီး မင်္ဂလာဒုံစစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ လေတပ်နဲ့နီးစပ်သူတစ်ဦးက ဒီဗွီဘီ ကိုပြောပါတယ်။

“ရှက်ဖို့လည်းကောင်းတယ်။ လေတပ်စခန်းက PDF တွေရဲ့ ဒုံးလေကျင့်ရေးကွင်းလို ဖြစ်နေပြီ။ ခဏခဏဆိုတော့ ဂိတ်စောင့်တွေလည်း လန့်နေကြတယ်။ ညက နှစ်ဦးဒဏ်ရာရတယ်”လို့ ပြောပါတယ်။

ဒီနေ့ မနက်မှာတော့ လေတပ်အနီးပတ်ဝန်းကျင်၊ လေဆိပ်နဲ့ ခရေပင်လမ်းခွဲမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေ လမ်းသွားလမ်းလာ၊ ကားနဲ့ ဆိုင်ကယ်တွေကို စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013