DVB Logo
Home
မြန်မာသတင်း
နတ်တလင်းတွင် အစ္စလာမ်ဘာသာ၀င်များ၏ သုသာန်အဟောင်းကို စစ်ကောင်စီက ဘူဒိုဇာဖြင့် ဖျက်ဆီး
DVB
·
April 6, 2023
နတ်တလင်းတွင် အစ္စလာမ်ဘာသာ၀င်များ၏ သုသာန်အဟောင်းကို စစ်ကောင်စီက ဘူဒိုဇာဖြင့် ဖျက်ဆီး
Donate to DVB

ပဲခူးတိုင်း၊ နတ်တလင်းမြို့မှာ အစ္စလာမ်ဘာသာ၀င်တွေရဲ့ သုသာန်အဟောင်းကို  ဧပြီ ၄ ရက်နေ့မှာ စစ်ကောင်စီက အင်အားသုံးပြီး စက်ယန္တရားတွေနဲ့ ၀င်ရောက်ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ညနေ ၃ နာရီလောက်မှာ တိုင်း၊ ခရိုင်နဲ့ မြို့နယ် ထွေအုပ်တွေ၊ ရဲတွေ၊ မီးသတ်တွေနဲ့  စည်ပင် ဝန်ထမ်းတွေ အရပ်၀တ်တွေအများကြီးနဲ့ လာလုပ်တာ၊ လူ ၁၀၀ ကျော်လောက်ရှိမယ်။ ဘူဒိုဇာတွေနဲ့ အုပ်ဂူတွေ၊ ဘာသာရေးဆိုင်ရာ အထိမ်းအမှတ်တွေ အကုန်လုံးထိုးချပစ်တာ။  သစ်ပင်ကြီးတွေကိုလည်း  လွှစက်တွေနဲ့ဖြတ် ချက်ချင်းလှဲပစ်တာ။ အဲ့နေရာက ရန်ကုန်-ပြည် လမ်းမပေါ် ဆိုတော့ နေရာကောင်းကြီးလေ၊ သူတို့ ဘယ်သူတွေကို ရောင်းစားမလို့လဲ မသိဘူး" လို့   သုသာန်အနီးနေသူတယောက်က ပြောပါတယ်။

“ဒီကဘရ်စတာန်အဟောင်းက ဘိုးဘွားပိုင်မြေပါ။ မူလ မြေပိုင်ရှင်တွေရဲ့ သားသမီး မျိုးဆက်လည်း ခုထိရှိသေးတယ်။ အစိုးရက ပိတ်ထားတာတော့ကြာပြီ။ သူတို့က ဒီမြေပေါ်ဆေးရုံဆောက်ဖို့အတွက် ကဘရ်စတာန်ကို ဖျက်မယ်ဆိုပြီး စာထုတ်တာ မနှစ်က မတ်လ ၁ ရက်နေ့ကတည်းကပေါ့။ ဖျက်မယ်ပြောတဲ့အချိန်တည်းက မြေပိုင်ရှင်မိသားစု၀င်တွေရော၊ မြို့ပေါ်က အစ္စလာမ်ဘာသာဝင်တွေရော တိုင်ပင်ပြီး အစ္စလာမ်သာသနာရေးကောင်စီထံ စာတင်ခဲ့ပါတယ်။ သက်ဆိုင်ရာကိုလည်း သူတို့ဆေးရုံဆောက်ဖို့ မြေသပ်သပ်ဝယ်ပြီး လှူမယ်လို့လည်း ညှိနှိုင်းခဲ့ပါသေးတယ်၊ ဒါပေမဲ့ မရပါဘူး။ အစ္စလာမ်သာသနာရေးကောင်စီကလည်း ဘာမှ လုပ်မပေးနိုင်ပါဘူး” လို့ အစ္စလာမ်ဘာသာဝင် ဒေသခံတယောက်က ပြောပါတယ်။

အဲ့ဒီသုသာန်ဟာ ဟိုးအရင်ကတည်းက အစ္စလာမ်ဘာသာ၀င်တယောက်က ကိုယ်ပိုင်၀ယ်ပြီးလှူ ထားတာလို့ ကြို့ပင်ကောက်မြို့ခံတယောက်က ပြောပါတယ်။

“အရင် NLD အစိုးရလက်ထက်ကတည်းက သိမ်းဖို့ လုပ်နေရင်း အငြင်းပွားလာခဲ့ရင်းနဲ့  အာဏာသိမ်းလိုက်တော့၊ အာဏာသိမ်းပြီး နှစ်လ လောက်ကြာတော့ အစိုးရပိုင်မြေ မကျူးကျော်ရဆိုပြီး ဆိုင်းဘုတ်အနီကြီး ကပ်ထားလိုက်တော့တာပဲ။ သူတို့အကြောင်းပြချက်က မှန်တန်းဘက်မှာ သုသာန်အသစ်နေရာပေးထားပြီးသားဖြစ်တယ်၊ အဲ့ဒီမှာ မြောက်ဘက်မှာ တရုတ်သုသာန်၊ တောင်ဘက်မှာ အစ္စလာမ်သုသာန် ဆိုပြီးပေးထားတယ်။ အခုနေရာက ၁၉၉၂-၉၃ လောက်ကတည်းက  ပိတ်သိမ်းထားပြီးသားအဟောင်း၊ အဲ့ဒါကို ဒီနေ့တော့ အစ္စလာမ်ဘာသ ဝင်တွေကို တယောက်ကိုမှအသိပေးအကြောင်းကြားခြင်းမရှိဘဲ လုပ်လိုက်တာ။”

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်မြို့က အစ္စလာမ်အဖွဲ့ကြီး ၅ ဖွဲ့က အစ္စလာမ်သာသနာရေးကောင်စီ တာဝန်ရှိသူကို ဒီဗွီဘီက ဖုန်းနဲ့ဆက်သွယ်မေးမြန်းရမှာတော့ အခုထိ သူမသိသေးကြောင်း၊ သိရရင် ပြန်ပြောပြပါမယ်လို့ ဖြေကြားခဲ့ပါတယ်။

အဲ့ဒီ သုသာန်အဟောင်းက ပြည်-ရန်ကုန်လမ်းပေါ်မှာတည်ရှိပြီး ပေါင်းတည်မြို့ကနေ နတ်တလင်းမြို့အ၀င်၊ နတ်တလင်းမြို့ဆိုင်ဘုတ်အနီး လမ်းရဲ့ ညာဘက်ခြမ်း ဓာတ်ဆီဆိုင်တွေအနီးမှာ တည်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013