DVB Logo
Home
Lead Story
နိုင်ငံရေး အယဉ်.. နိုင်ငံရေး အရိုင်း
DVB
·
April 6, 2023
နိုင်ငံရေး အယဉ်.. နိုင်ငံရေး အရိုင်း
Donate to DVB

ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲတွေ ကျင်းပပါတော့မယ်။

လာမယ့် မေလ ၁၄ ရက်နေ့မှာ စတင်ကျင်းပတော့မယ့် ဒီရွေးကောက်ပွဲအတွက် တနင်္လာနေ့ကစပြီး မဲဆွယ်စည်းရုံးမှုတွေ စတင်နေပါပြီ။

ထိုင်းရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ ပါတီပေါင်း ၆၀ က ကိုယ်စားလှယ်လောင်း ၃,၉၉၀ ဟာ မဲဆန္ဒနယ် ၄၀၀ မှာ ဝင်ပြိုင်ကြမယ်လို့ သိရတယ်။

ပါတီအသီးသီးနဲ့ ကိုယ်စားလှယ်လောင်း အသီးသီးက သူ့အစုအဖွဲ့နဲ့သူ ပါတီအလံတွေ၊ ရောင်စုံသင်္ကေတတွေနဲ့ ကိုယ်စားလှယ်လောင်းတွေကို ခြံရံပြီး ဓာတ်ပုံတွေကိုင်ဆောင် မဲဆွယ်နေကြတာ ပွဲတော်တခုလိုပဲ ပျော်စရာကောင်းလှတယ်။ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတခုရဲ့ မြင်ကွင်းပါပဲ။

မြန်မာပြည်မှာလည်း ပြီးခဲ့တဲ့နှစ်တွေတုန်းက ဒီမြင်ကွင်းမျိုး မြင်တွေ့ခဲ့ရဖူးပါတယ်။ နိုင်ငံတွေရဲ့ နိုင်ငံရေးဖြတ်သန်းမှုက တနိုင်ငံနဲ့တနိုင်ငံ မတူပါဘူး။

ဖြစ်ရပ်အချို့မှာ ခပ်ဆင်ဆင်တူသလိုရှိပေမဲ့ တကယ်တန်းကျတော့ မတူပါဘူး။ ထိုင်းဟာ ဘုရင်စနစ်ကို အခြေတည်ထားတဲ့ ဒီမိုကရေစီနိုင်ငံဆိုပေမဲ့ ဒီမိုကရေစီစစ်စစ်တော့လည်း မဟုတ်ပြန်ဘူး။

လက်ရှိ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက အာဏာသိမ်း စစ်ဗိုလ်ချုပ်တဦးပါ။ ၂၀၁၄ ခုနှစ် မေလမှာ ရင်လပ် ဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရအဖွဲ့ကို ဖယ်ရှားပြီး အာဏာရယူခဲ့သူပါ။

ဗိုလ်ချုပ်ကြီး ပရာယွတ်ရဲ့ ထိုင်းစစ်အာဏာသိမ်းမှုကို သွေးထွက်သံယိုမဲ့ (bloodless coup) လို့ ရေးကြတယ်။ အာဏာသိမ်းလိုက်တယ်ဆိုပေမဲ့ အာဏာသိမ်းတယ်လို့ မထင်ရအောင် နောက်တနေ့မနက်မှာ ဈေးရောင်းသူရောင်း၊ အလုပ်သွားသူသွား ပုံမှန်နေ့တနေ့လို အေးအေးဆေးဆေး ဖြစ်နေလို့ပါ။ သွေးထွက်သံယိုမှု ကြီးကြီးမားမား မဖြစ်ခဲ့သလို လပေါင်းအတန်ကြာ တခြိမ်းခြိမ်းဖြစ်နေတဲ့ ဘန်ကောက်မြို့လယ်က ဆန္ဒပြပွဲတွေလည်း ငြိမ်သက်သွားပါတယ်။

ဘန်ကောက်ဆန္ဒပြပွဲဆိုလို့ အမှတ်ရစရာတွေ အများကြီး ရှိနေခဲ့တယ်။ ၂၀၁၄ ဇန်နဝါရီမှာ ဘန်ကောက်ကို အလုပ်ကိစ္စတခုနဲ့ရောက်တော့ ဘန်ကောက်မြို့လယ်မှာ ဆန္ဒပြပွဲတွေ တခြိမ်းခြိမ်းဖြစ်နေချိန်ပေါ့။ မြို့လယ်မှာကို သပိတ်စခန်းတွေ အခိုင်အမာဖွင့်ပြီး ရက်တွေ လတွေ အတန်ကြာအေင် ရှပ်ဝါ-ရှပ်နီ ဆန္ဒပြသူတွေ ဆန္ဒပြနေကြတယ်။

ထိုင်းနိုင်ငံရေးဖြစ်စဉ်ကို ပြောရင် ရှပ်ဝါ-ရှပ်နီ ဆန္ဒပြလူအုပ်စုကြီးအကြောင်း မပါမဖြစ် ပြောဖို့လိုတယ်။ မှတ်မိကြဦးမယ်ဆိုရင် ၂၀၀၆ စစ်အာဏာသိမ်းမှုနဲ့အတူ သက်ဆင်အစိုးရ ပြုတ်ကျသွားချိန်ကစလို့ ထိုင်းနိုင်ငံရေးဟာ မတည်မငြိမ်ဖြစ်လာခဲ့တာ ၂၀၁၄ နောက်ထပ် စစ်အာဏာသိမ်းမှု ဖြစ်စဉ်အထိပါပဲ။

ဒီအတောအတွင်း ရှပ်နီ - ရှပ်ဝါ ဆန္ဒပြပွဲကြီးတွေက ဘန်ကောက်နဲ့တကွ မြို့ကြီးတွေမှာ တောက်လျှောက် ဖြစ်နေခဲ့တယ်။ အထူးသဖြင့် ဘန်ကောက်မြို့တော်မှာပါ။ စစ်အာဏာသိမ်းမှုကြောင့် အာဏာလက်လွတ်သွားတဲ့ သက်ဆင်ဟာ ပြည်ပမှာ တိမ်းရှောင်နေခဲ့ရတယ်။ သက်ဆင်ဟာ စီးပွားရေးလုပ်ငန်းရှင်ကြီးတဦးဖြစ်ပြီး သူ့လက်ထက်မှာ ဆင်းရဲသားလယ်သမားတွေရဲ့ ဘဝကို မြှင့်တင်ပေးနိုင်ခဲ့သလို တိုင်းပြည်ဖွံ့ဖြိုးရေးတွေ အများအပြား လုပ်နိုင်ခဲ့တယ်။ အထူးသဖြင့် ထိုင်းမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းက ဆင်းရဲသား လယ်သမားတွေရဲ့ ထောက်ခံမှုကို ရရှိထားတယ်။

ဒါပေမဲ့ သက်ဆင်ဟာ ကိုယ်ကျိုးရှာပြီး အကျင့်ပျက်ခြစားမှုတွေ ပြုလုပ်တယ်၊ နိုင်ငံဘဏ္ဍာကို ခိုးယူတယ်၊ အာဏာကို အလွဲသုံးစားပြုလုပ်တယ်ဆိုပြီး People Alliance of Democracy (PAD) က သက်ဆင်ဖြုတ်ချရေး လူထုလှုပ်ရှားမှုတွေ ပြုလုပ်လာတယ်။ သူတို့တွေအားလုံး ရှပ်အင်္ကျီအဝါကို ဝတ်ဆင်ကြတယ်။ ရှပ်ဝါဆန္ဒပြသူတွေရဲ့ ဆန္ဒပြပွဲနဲ့အတူ ထိုင်းစစ်တပ်က အာဏာသိမ်းပြီး သက်ဆင် ရာထူးက ဖယ်ရှားခံရတယ်။

ထုံးစံအတိုင်း အာဏာသိမ်းပြီးရင် အာဏာသိမ်းအဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်၊ လွှတ်တော်ကိုဖျက်၊ ခေါင်းစဉ်တခုနဲ့ အာဏာထိန်း၊ ရွေးကောက်ပွဲအသစ် ကျင်းပပေးမယ် ကတိပြု။ ထိုင်းကတော့ ကတိအတိုင်း ရွေးကောက်ပွဲ ကျင်းပပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲမှာ အနိုင်ရလာတဲ့ပါတီက သက်ဆင်ဩဇာလွှမ်းမိုးတဲ့ပါတီပဲ ဖြစ်နေတော့ ရှပ်ဝါတွေ တစခန်းထ။ တက်လာတဲ့အစိုးရကို ဆန္ဒပြ။

ထိုင်းနိုင်ငံရေးရဲ့ အမှတ်ရစရာဖြစ်စဉ်တွေက ၂၀၀၈၊ ၂၀၀၉ မှာ ဖြစ်ခဲ့တယ်။ ဘုရင်နဲ့ စစ်တပ်ကို ထောက်ခံတဲ့ ဆန္ဒပြ ရှပ်ဝါလူအုပ်ကြီးဟာ သုဝဏ္ဏဘူမိနဲ့ ဒွန်မောင်းလေဆိပ်ထဲအထိ ဝင်ရောက်ပြီး အစိုးရကို ဆန္ဒပြခဲ့တဲ့ဖြစ်စဉ်ကို မှတ်မိနေသေးတယ်။ ရှပ်ဝါတွေရဲ့ ဆန္ဒပြပွဲဖိအားကြောင့် ဆာမက်အစိုးရပြုတ်ကျပြီး ဒီမိုကရက်တစ်ပါတီက အဘီဆစ် ယာယီဝန်ကြီးချုပ် ဖြစ်လာတယ်။ အဘီဆစ် တက်လာတော့ သက်ဆင်ကိုထောက်ခံတဲ့ ရှပ်နီတွေက တစခန်းထလာကြတယ်။ ဘန်ကောက်မြို့လယ်မှာ သပိတ်စခန်းတွေဖွင့်ပြီး အပြိုင်ဆန္ဒပြကြတော့ စစ်တပ်က ဝင်ရှင်းတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်။ မြို့လယ်က ဆီရမ် ပါရာဂွန်တို့ စင်ထရယ်ဝေါလ်တို့နားမှာ ဖြစ်တယ်။ ကုန်တိုက်တခု မီးလောင်သွားတယ်။ လူသေမှု တခု နှစ်ခု ရှိတယ်။ ထုံးစံအတိုင်း နောက်ထပ် ရွေးကောက်ပွဲတခု ရောက်လာတယ်။ ၂၀၁၁။ ဒီရွေးကောက်ပွဲမှာလည်း သက်ဆင်ညီမ ရင်လပ်ရှင်နာဝါထရာ နိုင်တယ်။ ပထမဆုံး ထိုင်းအမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာတယ်။ ရင်လပ် အစိုးရအဖွဲ့ဖြစ်လာတော့ အတိုက်အခံတွေက ဒါလည်း သက်ဆင်ကိုယ်ပွားပဲဆိုပြီး ဆန့်ကျင်တယ်။ ရှပ်ဝါတွေ တစခန်း ပြန်ထလာတယ်။ နောက်တော့ ရင်လပ် ရာထူးက ဖယ်ရှားခံရတယ်။ ထိုင်းနိုင်ငံရေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက အရေးပါတယ်။ ရင်လပ် ဖယ်ရှားခံရပြီး နောက်ငါးနှစ် နိုင်ငံရေးမလုပ်ရ။ အဓိကပါတီတွေကိုလည်း ဖျက်သိမ်းတယ်။ ရင်လပ် ဖယ်ရှားခံရတော့ ဘန်ကောက်မြို့လယ်မှာ ရှပ်နီတွေ တစခန်းထလာတယ်။ နောက်ထပ် ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်နေတဲ့ကြားမှာ ရှပ်ဝါ-ရှပ်နီ ဆန္ဒပြပွဲတွေဟာ တခြိမ်းခြိမ်းနဲ့ စည်ကားနေတယ်။

၂၀၁၄ နှစ်ဆန်း ဘန်ကောက်ရောက်တော့ ဘန်ကောက်မြို့ထဲမှာ ဆန္ဒပြပွဲတွေ တခြိမ်းခြိမ်းဖြစ်နေတယ်။ ထူးခြားတာက သူတို့ ဆန္ဒပြပွဲတွေက စတိတ်စင်အကြီးကြီးတွေ ဆောက်၊ ဆောင်းဘောက်အကြီးကြီးတွေတပ်ပြီး သီချင်းဆိုကြ၊ ကြွေးကြော်ကြနဲ့ ပျော်စရာကြီး။ ဘန်ကောက်မှာ ဆန္ဒပြပွဲတွေ ဖြစ်နေတယ်လို့သာ ဆိုတယ်။ မြို့ထဲမှာ အစည်ကားမပျက်ဘူး။ ဆန္ဒပြသူတွေက ပြ။ ကိုယ့်အလုပ် ကိုယ်လုပ်သူက လုပ်။

ထိုင်းနိုင်ငံရေးဖြစ်စဉ်က အဲဒီလိုပါ။ အပြိုင် ဆန္ဒပြပွဲတွေ ရက်ရှည်လာတော့ ၂၀၁၄ မေလမှာ အခု ဝန်ကြီးချုပ် (ဟိုတုန်းကဗိုလ်ချုပ်ကြီး) က အာဏာသိမ်းလိုက်တယ်။ ရှပ်နီ ရှပ်ဝါ ခေါင်းဆောင်တွေကို ဖမ်းလိုက်တယ်။ သွေးထွက်သံယိုမရှိ။ ပစ်ခတ်လူစုခွဲမှု ကြီးကြီးမားမား မရှိ။ နောက်တနေ့မနက် စစ်တပ် သံချပ်ကာယာဉ်တွေ ရပ်ထားတဲ့ကြားမှာ လူတွေ အသွားအလာမပျက်။ ဈေးရောင်းမပျက်။

ထိုင်းနိုင်ငံရေးကိုကြည့်ရင် သဘောထားမတူတဲ့ လူအုပ်စုနှစ်စု (ရှပ်ဝါ-ရှပ်နီ) ဒီနေ့အထိ ရှိနေတယ်။ အာဏာကို အသာစီးယူထားတာက ဘုရင်နဲ့ စစ်တပ်အသိုက်အဝန်းပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို စိတ်တိုင်းကျပြင်တယ်။ ရွေးကောက်ပွဲစနစ်ကို စိတ်တိုင်းကျပြင်တယ်။ ဘယ်အချိန် ရွေးကောက်ပွဲလုပ်လုပ် ဘုရင့်ကို နာခံတဲ့ စစ်တပ်နဲ့ အသိုင်းအဝိုင်းကပဲ အသာစီးရအောင်၊ အစိုးရဖွဲ့နိုင်အောင် လုပ်ထားတယ်။

ခု ရွေးကောက်ပွဲလည်း တကယ်တမ်း လွတ်လွတ်လပ်လပ် ပြိုင်လို့ရတာ အောက်လွှတ်တော် အမတ်နေရာ ၄၀၀ ပဲရှိတယ်။ အတိုက်အခံတွေက ဒီ အမတ်နေရာ ၄၀၀ မှာ ဝင်ပြိုင်ပြီး နေရာ ၃၇၆ နိုင်မှ အစိုးရဖွဲ့လို့ရမယ်။ ဖြစ်နိုင်ခြေ အင်မတန်နည်းတယ်။ ဒီနှစ်ရွေးကောက်ပွဲက နေရာ ၄၀၀ အတွက် နိုင်သူ အကုန်ယူစနစ်ထားပြီး နေရာ ၁၀၀ အတွက် ပါတီအချိုးကျစနစ် ပြင်ထားတယ်။ လူတကိုယ် မဲနှစ်မဲ ပေးရမယ်။ တမဲက ကိုယ်စားလှယ်လောင်း။ တမဲက ပါတီ။ ၂၀၁၉ ရွေးကောက်ပွဲတုန်းကတော့ (၃၅၀-၁၅၀) အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးတယ်။

ထိုင်းအောက်လွှတ်တော် အမတ်နေရာ ၅၀၀ အတွက်ပဲ ပါတီတွေက ယှဉ်ပြိုင်ခွင့်ရှိတယ်။ အထက်လွှတ်တော် အမတ်နေရာ ၂၅၀ ကတော့ ထိုင်းစစ်ကောင်စီလို့ ဆိုရမယ့် NCPO က စိတ်ကြိုက်ခန့်ထားသူတွေ။ လွှတ်တော်နှစ်ရပ်ပေါင်း အမတ်နေရာ ၇၅၀ မှာ (၃၇၆) နေရာရမှ အတိုက်အခံတွေက အစိုးရဖွဲ့နိုင်မယ်။ ဖြစ်နိုင်ချေနည်းပေမဲ့ ထိုင်းအတိုက်အခံပါတီတွေ ခု မဲဆွယ်စည်းရုံးနေကြပါပြီ။

ဒီအထဲမှာ ပေါ်ပြူလာအဖြစ်ဆုံးက ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့သမီး ပေထုံတန် ရှင်နာဝါထရာ ဦးဆောင်တဲ့ ဖွေ့ထိုင်း (Pheu Thai) ပါတီပဲ။ လက်ရှိဝန်ကြီးချုပ် ပရာယွတ်ကလည်း TNP ပါတီကနေ ကိုယ်စားလှယ်လောင်း စာရင်းပေးထားတယ်။

ထိုင်းရွေးကောက်ပွဲကနေ ဘယ်လိုရလဒ် ထွက်ပေါ်လာမယ်ဆိုတာ မမှန်းဆနိုင်သေးပေမဲ့ သေချာသလောက်ရှိတာက ဘုရင်နဲ့ စစ်တပ်ကျောထောက်နောက်ခံပြု လက်ရှိအာဏာရပါတီ ကပဲ အစိုးရအဖွဲ့ကို ဆက်ဦးဆောင်သွားဖို့ ရှိနေတယ်။

နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံ နိုင်ငံရေးဖြတ်သန်းမှု၊ နိုင်ငံရေးဖြစ်စဉ်တွေဟာ တူသယောင်ယောင်နဲ့ မတူကြသလို နိုင်ငံသားတွေရဲ့ တုံ့ပြန်ပုံတွေကလည်း အနုအရင့် ကွာခြားနေတာကို သတိပြုမိပါတယ်။

CWM

ref: Bangkok Post, Thai general election 2023.

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013