DVB Logo
Home
မြန်မာသတင်း
ဝင်ငွေရလမ်းတင်ပြနိုင်ခြင်းမရှိသည့်ငွေများအပေါ် အခွန်စည်းကြပ်ကောက်ခံမှု ဖြေလျှော့
DVB
·
April 5, 2023
ဝင်ငွေရလမ်းတင်ပြနိုင်ခြင်းမရှိသည့်ငွေများအပေါ် အခွန်စည်းကြပ်ကောက်ခံမှု ဖြေလျှော့
Donate to DVB

ဝင်ငွေရလမ်းတင်ပြနိုင်ခြင်းမရှိတဲ့ (စည်းကြပ်မှုမှကင်းလွတ်နေ)တဲ့ ဝင်ငွေတွေအပေါ် စစ်ကောင်စီ က အခွန်စည်းကြပ်မှုနှုန်းထားတွေ ဖြေလျှော့ပေးထားတာ တွေ့ရတယ်လို့ ငွေကြေးဆိုင်ရာလေ့လာသူတွေက ပြောပါတယ်။

စစ်ကောင်စီက မတ်လ ၃၀ ရက်စွဲနဲ့ ပြဋ္ဌာန်းလိုက်တဲ့ ၂၀၂၃ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပါ ဝင်ငွေခွန် ဥပဒေ ပုဒ်မ ၆ နှင့် ၆(က) တို့အရ သက်သာခွင့်တွေ နုတ်ပယ်ခြင်းမပြုဘဲ စည်းကြပ်မှုမှ ကင်းလွတ်နေတဲ့ ဝင်ငွေ အပေါ် ၃၀ ရာခိုင်နှုန်းနဲ့ ဝင်ငွေခွန် စည်းကြပ်သွားဖို့ရှိနေတာပါ။ 

ဒါပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နှောင့်နှေးသွားတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည်တိုးတက်မှုရှိလာစေဖို့ အားပေးမြှင့်တင်တဲ့ ရည်ရွယ်ချက်နဲ့ ဘယ်သူမဆို အခြေပစ္စည်းတရပ်ရပ်ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနဲ့ လုပ်ငန်းသစ် တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံ တိုးချဲ့ဆောင်ရွက်ခြင်းတို့အတွက် အသုံးပြုတဲ့ ဝင်ငွေမှ ဝင်ငွေရလမ်း တင်ပြနိုင်တဲ့ ဝင်ငွေရှိပါက ယင်းဝင်ငွေကို နုတ်ပယ်ပြီး ကျန်စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ ဝင်ငွေအပေါ်တွင်သာ စည်းကြပ်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဝင်ငွေရလမ်း တင်ပြနိုင်ခြင်း မရှိ(စည်းကြပ်မှုမှ ကင်းလွတ်နေ)တဲ့ ဝင်ငွေကိုလည်း အခွင့်အလမ်းတွေ ပေးထားပြီး အခွန်စည်းကြပ်မှု နှုန်းထားတွေ ဖြေလျှော့ပေးထားတဲ့အကြောင်း ငွေကြေးဆိုင်ရာလေ့လာသူတွေက ထောက်ပြထားပါတယ်။

“အကြောင်းအမျိုးမျိုးကြောင့် စည်းကြပ်မှုက ကင်းလွတ်နေတဲ့ ငွေတွေက နိုင်ငံတိုင်းမှာ ရှိစမြဲပါ။ ဒီငွေတွေကို ဘာမျှမသုံးဘဲ ဒီအတိုင်း ထားလိုက်လို့ ရှိရင် ဘာမျှ အကျိုးမရှိဘူးလေ။ အဲ့ဒါကြောင့် အစိုးရတွေက ဒီငွေတွေကို အိပ်မနေအောင် နည်းလမ်းရှာပြီး လမ်းဖွင့် ပေးကြရတယ်။ အခုလည်း စစ်ကောင်စီက ဒီသဘောကို လိုက်လုပ်တာပါဘဲ။ ဒါပေမဲ့ သူတို့ စည်းကြပ်တဲ့ အခွန်နှုန်းထားတွေက တော်တော်လေး ဖြေလျှော့ပေးထားတာ တွေ့ရတယ်။ ဘာလို့လဲဆိုတော့ NLD အစိုးရ လက်ထက်မှာလည်း စည်းကြပ်မှုက ကင်းလွတ်နေတဲ့ ငွေတွေကို အခုလိုဘဲ နည်းလမ်းရှာပြီး လမ်းဖွင့်ပေးခဲ့တာပဲ။ ဒါပေမဲ့ NLD အစိုးရလက်ထက်မှာ သတ်မှတ်တဲ့ စည်းကြပ်မှုနှုန်းက ၁ ကျပ် ကနေ သိန်း ၃၀၀၀ အထိကို ဆယ်ရာခိုင်နှုန်း သတ်မှတ်ထားတယ်။ စစ်ကောင်စီ ကတော့ ၁ ကျပ် ကနေ သိန်း ၃၀၀၀ အထိကို သုံးရာခိုင်နှုန်းထားတယ်။ အဲ့တော့ အဆ သုံးဆကျော် ကွာတယ်။ သဘောကဗျာ။ အရင်က သတ်မှတ်ထားတဲ့နှုန်းအရဆိုရင် ဆယ်ရာခိုင်နှုန်း ဆောင်ရတယ်။ အခုတော့ သုံးရာခိုင်နှုန်း အခွန်စည်းကြပ်မှု ခံလိုက်ရင် အိုကေသွားပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အန်အယ်လ်ဒီအစိုးရလက်ထက်ပြဋ္ဌာန်းခဲ့တဲ့  ၂၀၂၀ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ မှာ နိုင်ငံသားမည်သူမဆို အခြေပစ္စည်း တရပ်ရပ်ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနဲ့လုပ်ငန်းအသစ် တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံ တိုးချဲ့ဆောင်ရွက်ခြင်းတို့အတွက် အသုံးပြုတဲ့ဝင်ငွေမှ ဝင်ငွေရလမ်း တင်ပြနိုင်တဲ့ ဝင်ငွေရှိပါက ယင်းဝင်ငွေအား နုတ်ပယ်ပြီး ကျန်စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ်မှာလည်းကောင်း၊ ဝင်ငွေရလမ်း တင်ပြနိုင်ခြင်း မရှိပါက အသုံးပြုတဲ့ ဝင်ငွေအပေါ်မှာ ၁ ကျပ်ကနေ ကျပ် သိန်း ၁,၀၀၀ အထိကို ၆ ရာခိုင်နှုန်း၊ ကျပ် သိန်း ၁,၀၀၀ မှ  ၃,၀၀၀ အထိကို ၁၀ ရာခိုင်နှုန်း သတ်မှတ်ထားပြီး သိန်း ၃,၀၀၀ မှ ၃၀,၀၀၀ အထိကို ၂၀ ရာခိုင်နှုန်း၊ ကျပ် သိန်း ၃၀,၀၀၀ အထက်ကိုတော့ ၃၀ ရာခိုင်နှုန်း အခွန်စည်းကြပ်ဖို့ သတ်မှတ်ပြဋ္ဌာန်းခဲ့ပါတယ်။

လက်ရှိ အာဏာသိမ်းစစ်ကောင်စီ လက်ထက်မှာတော့ စည်းကြပ်မှုက ကင်းလွတ်နေတဲ့ ဝင်ငွေတွေ အပေါ် ၁ ကျပ်ကနေ သိန်း ၃,၀၀၀ အထိကို ၃ ရာခိုင်နှုန်း၊ ကျပ် သိန်း ၃,၀၀၀ မှ ၆,၀၀၀ အထိကို ၅ ရာခိုင်နှုန်း၊ ကျပ် သိန်း ၆,၀၀၀ မှ ၁၀,၀၀၀ အထိကို ၁၀ ရာခိုင်နှုန်း၊ ကျပ် သိန်း ၁၀,၀၀၀ မှ ၃၀,၀၀၀ အထိကို ၁၅ ရာခိုင်နှုန်း၊ ကျပ် သိန်း ၃၀,၀၀၀ နဲ့အထက်ကိုတော့ ၃၀ ရာခိုင်နှုန်း အခွန်စည်းကြပ်ဖို့ ပြင်ဆင်ပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013