DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတွင် ၄ ရက်ဆက် တိုက်ပွဲများဖြစ်၊ မီးတောက်ကြားက ဝမ်းတထွာအတွက် ရိက္ခာစုဘူး ကမ်ပိန်းပြုလုပ်
DVB
·
April 5, 2023
တနင်္သာရီတွင် ၄ ရက်ဆက် တိုက်ပွဲများဖြစ်၊ မီးတောက်ကြားက ဝမ်းတထွာအတွက် ရိက္ခာစုဘူး ကမ်ပိန်းပြုလုပ်
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မြိတ်-မောတောင် လမ်းပိုင်းတလျှောက်မှာ ပြီးခဲ့တဲ့ ၄ ရက်တာအတွင်း တိုက်ပွဲ ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ဝ ကျော် သေဆုံးခဲ့တယ်လို့ KTLA-Tcjf-Tanintharyi သတင်းနဲ့ပြန်ကြား‌ရေး တာဝန်ခံဆီက‌နေ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၃၁ ရက် မနက် ၉ နာရီကစပြီး ချောင်းနှစ်ပေါက်ကျေးရွာအနီး မြစ်ကူးတံတားမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်‌ရေးတပ်ကြား နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သလို အဆိုပါနေ့ မွန်းလွဲ ၁ နာရီလောက်မှာလည်း ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

ဧပြီ ၁ ရက် မနက် ၁ဝ နာရီမှာလည်း အထက်ကွမ်းသီးတောရွာနဲ့ သဲဖြူရွာကြားမှာ စစ်ကောင်စီတပ်ကို မိုင်းဆွဲခဲ့ပြီးနောက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၅ ဦးကျော် သေဆုံးသလို ဧပြီ ၂ ရက် နေ့လယ် ၃ နာရီမှာလည်း တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အများအပြား သေဆုံးတယ်လို့လည်း ဆိုပါတယ်။

“သူတို့က ကားလမ်းမကြီးအတိုင်း ကထိန်လှည့်သလို လာတာ၊ ပြီးတော့ ကျ‌နော်တို့ဘက်က စခတွေရဲ့ လှုပ်ရှားသွားလာတာတွေ အများစုကို သတင်းရထားတော့ လက်ဦးမှု ယူလိုက်တာပါ။ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ကျနော်တို့က မခံချင်စိတ်၊ နာကြည်းစိတ်နဲ့ တော်လှန်တာကြောင့်ပါ။ စခတွေဘက်က အမိန့်အရသာ လုပ်နေကြတာ၊ ဒီကောင်တွေမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ ပျက်ယွင်းနေပြီ။ အဲဒါ သူတို့ရဲ့အားနည်းချက်ပဲ။ အခုလည်း သူတို့ အဝိုင်းခံထားရတဲ့ အနေအထား ဖြစ်နေပြီ” လို့ KTLA-Tcjf-Tanintharyi သတင်းနဲ့ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

ဧပြီ ၃ ရက် ညနေပိုင်းမှာလည်း သဲဖြူရွာအဝင် တောင်ကုန်းအနီးမှာ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီး ဆွဲမိုင်း‌တွေနဲ့ စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်မှုများပြားတယ်လို့ သိရပါတယ်။

အထက်ပါ ထိတွေ့မှုဖြစ်စဥ်အားလုံးမှာ တော်လှန်ရေးအဖွဲ့တွေက ကြိုတင်ပြင်ဆင် စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က အယောက် ၃၀ ထက်မနည်း သေနိုင်ပြီး ထိခိုက်သူ အများအပြား ရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ထုံခါးမှ မောတောင်လမ်းတလျှောက် တက်လာတဲ့ အင်အား ၁၅၀ ခန့်ရှိ စစ်ကောင်စီတပ်ကို KTLA၊ KNU၊ တောင်ပိုင်းသူရဲကောင်းများတပ်ဖွဲ့ (ပကဖ)၊ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ (ပကဖ) တို့က ပူးတွဲစောင့်ကြိုတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တနင်္သာရီမှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲပြင်းထန်နေတဲ့အတွက် မြိတ်-ဘုတ်ပြင်း လမ်းပိုင်းတလျှောက် ဖြတ်သန်းခွင့် ပိတ်ပင်ထားတယ်လို့လည်း သိရပါတယ်။

တိုက်ပွဲတွေကြောင့် သိန်းကျေးရွာအုပ်စု၊ ချောင်းနှစ်ပေါက်ကျေးရွာက စစ်ရှောင်များ နေရပ် မပြန်ရဲကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မတ် ၁၉ ရက်က စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားချိန်ကစပြီး ရွာသားတွေ နီးစပ်ရာကို ထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။

ဒေသခံတဦးက “ဒီနေ့အထိ  စစ်ရှောင်အားလုံး ရွာထဲ ပြန်မဝင်လာရဲကြသေးဘူး။ မဖြစ်မနေ လူတွေလောက်ပဲ အနည်းအကျဥ်း ပြန်လာတာပဲရှိတယ်။ ပြန်လာတယ်ဆိုတာက တချို့ အိမ်မှာကျန်နေတဲ့ အရေးကြီးပစ္စည်းတွေ ပြန်လာယူတာတို့၊ နွား၊ ဝက်၊ ကျွဲတွေ နေရာရွှေ့တာတို့အတွက်ပါ” လို့ ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “စစ်ရှောင်တွေအတွက် လောလောဆယ်မှာတော့ အဆင်ပြေနေပါသေးတယ်။ ဆေးဝါးလည်း အခက်အခဲ မရှိသေးပါဘူး။ တိုက်ပွဲ ရက်ရှည် ဖြစ်လာရင်တော့ အကူအညီတွေ လိုအပ်လာပါလိမ့်မယ်” လို့ ပြောပါတယ်။

မတ်လနောက်ဆုံးပတ် တိုက်ပွဲအတွင်း စစ်တပ်က လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တဲ့အပြင် ရွာထဲက နေအိမ် ၃ လုံးကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

လတ်တလော မြိတ်-မောတောင်လမ်းပိုင်းတလျှောက် စစ်ရေးတင်းမာနေတာကြောင့် ခရီသွားတွေ သတိနဲ့ သွားလာဖို့နဲ့  ခရီးမထွက်ကြဖို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ကနေ မေတ္တာရပ်ခံထားပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်မြို့နယ်၊ ရေဖြူမြို့နယ်၊ လောင်းလုံးမြို့နယ်နဲ့ သရက်ချောင်းမြို့နယ် စတဲ့ ၄ မြို့နယ်က စစ်ဘေးရှောင် ပြည်သူတွေအတွက် ဂိမှာန်ထောက်ပို့ကော်မတီက ဦးဆောင်ပြီး “မီးတောက်ကြားက ဝမ်းတထွာအတွက် ရိက္ခာစုဘူး” အမည်နဲ့ ကမ်ပိန်းတခု ပြုလုပ်နေပါတယ်။

အဲဒီလှုပ်ရှားမှုဟာ စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းထိုးမှုတွေနဲ့ နေအိမ်တွေ မီးရှို့ပြီး ဖိနှိပ်မှုတွေကြောင့် နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် ပြည်သူတွေအတွက် ရည်ရွယ်ပြုလုပ်တာ ဖြစ်ပါတယ်။

ကမ်ပိန်းကို မတ်လ ၂၈ ရက်က စတင်ပြီး ဧပြီ ၂၆ ရက်အထိ ရက် ၃၀ ကာလအတွင်း ဆန်အိတ် ၁၀၀ အတွက် ငွေကျပ် သိန်းငါးဆယ် ရန်ပုံငွေရှာဖွေနိုင်ဖို့ စီစဉ်ထားပါတယ်။

ကမ်ပိန်းမှာ ပါဝင်လိုသူတွေအနေနဲ့ ဆန်တအိတ် ငါးသောင်ကျပ်နှုန်းနဲ့ ပါဝင်နိုင်သလို မိမိတတ်နိုင်သရွေ့လည်း ပါဝင်နိုင်ပြီး ဂိမှာန်ထောက်ပို့ကော်မတီ တရားဝင် လူမှုကွန်ရက် စာမျက်နှာကနေ တိုက်ရိုက်ဆက်သွယ်ကာ ထောက်ပံ့နိုင်တယ်လို့ ကော်မတီကနေ သိရပါတယ်။

ဆန်အိတ် ၁၀၀ ကမ်ပိန်း စတင်ပြီး ရက်သတ္တပတ်အကြာမှာတော့ အလှူငွေ ၁၃ သိန်းကျော် ရရှိထားပြီး ကမ်ပိန်းရဲ့ ၂၆ ဒသမ ၇ ရာခိုင်နှုန်းအထိ အောင်မြင်နေပြီ ဖြစ်ပါတယ်။

ဂိမှာန်ထောက်ပို့ကော်မတီဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ စစ်ဘေးရှောင်ပြည်သူ၊ တော်လှန်ရေးတပ်ဖွဲ့၊ ပညာရေးအင်အားစု၊ နိုင်ငံရေးအကျဉ်းသားမိသားစုတွေကို ထောက်ပံ့နိုင်ဖို့ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဒီနေ့အထိ ထောက်ပို့လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေပါတယ်။

ပြီးခဲ့တဲ့မတ်လက ထားဝယ်ဒေသ၊ ရေဖြူမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တွေမှာ စစ်ရေးအခြေအနေ ငြိမ်သက်နေပြီး ထားဝယ်မြို့နယ်မှာ စစ်ဘေးရှောင်ဦးရေ ၃၀၀ ကျော်ရှိကာ လောင်းလုံးမြို့နယ်မှာတော့ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်ပြီး လက်နက်ကြီး ပစ်ခတ်တာနဲ့ နေအိမ်မီးရှို့တာတွေ လုပ်ဆောင်ခဲ့တာကြောင့် စစ်ဘေးရှောင်ဦးရေ ၁၀,၀၀၀ ခန့်ရှိတယ်လို့ ဒေါနတနင်္သာရီအဖွဲ့ရဲ့ မတ်လအတွက် တနင်္သာရီဒေသ စစ်ရှောင်အခြေအနေ ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013