Home
မြန်မာသတင်း
အင်းတော်တွင် CDM ဆရာမအပါအဝင် အမျိုးသမီး ၃ ဦးကို ထောင်ဒဏ် တသက်တကျွန်း အမိန့်ချ
DVB
·
April 5, 2023
339354346_2759302220872273_4798219489895688199_n

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့မှ CDM ဆရာမအပါအဝင် အမျိုးသမီး ၃ ဦးကို ဧပြီ ၃ ရက်က အင်းတော် စစ်ခုံရုံးက အကြမ်းဖက်မှုဥပဒေ ပုဒ်မ-၅၀ (ည)၊၅၂-(က) အမှုတွေနဲ့ စွပ်စွဲ အမှုဖွင့်အရေးယူကာ ထောင်ဒဏ် တသက်တကျွန်း ချမှတ်လိုက်တယ်လို့ နီးစပ်တဲ့ဒေသခံတွေထံက သိရပါတယ်။

အသက် ၄၀ ကျော်အရွယ် CDM ဆရာမ ဒေါ်သိန်းလှ၊ အရောင်းအဝယ်လုပ်ငန်းလုပ်တဲ့ဈေးသည် ဒေါ်ခင်ပြည့်ပြည့်ထွန်းနဲ့ ဒေါ်အေးအေးတို့ကို အင်းတော်စစ်ခုံရုံးကနေ  ထောင်ဒဏ် တသက်တကျွန်း အမိန့်ချလိုက်တာလို့ Indaw Revolution-IR အဖွဲ့သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

အဆိုပါ အမျိုးသမီး ၃ ဦးကို မတ်လ ၅ ရက်နေ့က  PDF တွေကို ထောက်ပံ့တယ်လို့ စွပ်စွဲကာ စစ်တပ်က နေအိမ်ထဲဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ကသာထောင်မှာ အကျဉ်းချထားပါတယ်။

ပုဒ်မ ၅၀(ည) ဟာ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတခုခုကို ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာ လုပ်ငန်းများ ပြုလုပ်ပါက တရားစွဲဆိုခံရတဲ့ ပုဒ်မဖြစ်ပြီး ထောင်ဒဏ်တသက်ထိ ချမှတ်နိုင်ပါတယ်။
ပုဒ်မ ၅၂(က) ကတော့ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတခုခုရဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ပေးတာ၊ အကြမ်းဖက်ဆိုင်ရာ လုပ်ငန်းတွေကို တာဝန်ယူ လုပ်ကိုင်ပေးတာတွေ ပြုလုပ်တဲ့အခါ တရားစွဲဆိုနိုင်တဲ့ ပုဒ်မဖြစ်ပြီး ထောင်ဒဏ် ၃ နှစ်ကနေ ၇ နှစ်အထိ ချမှတ်နိုင်ပါတယ်။

အင်းတော်ဒေသမှာ  စစ်ခုံရုံးက ထောင်ဒဏ်တသက်တကျွန်းအမိန့်ချမှတ်ခံရသူ ဖေဖော်ဝါရီ ၂၇ ရက်က အမျိုးသား ၁ ဦး၊ ဧပြီ ၁ ရက်နေ့က အမျိုးသား ၁ ဦးနဲ့ ဧပြီ ၃ ရက်က အမျိုးသမီး ၃ ဦး အားလုံးပေါင်း ၅ ဦးထိရှိလာပြီဖြစ်တယ်လို့ IR အဖွဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024