DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားအရက်၊ ဘီယာနှင့် ဆေးလိပ် အခွန် ၈၀ ရာခိုင်နှုန်းအထိ စစ်ကောင်စီ ကောက်ခံမည်
DVB
·
April 4, 2023
နိုင်ငံခြားအရက်၊ ဘီယာနှင့် ဆေးလိပ် အခွန် ၈၀ ရာခိုင်နှုန်းအထိ စစ်ကောင်စီ ကောက်ခံမည်
Donate to DVB

ပြည်ပကနေတင်သွင်းတဲ့ အရက်၊ ဘီယာနဲ့ ဆေးရွက်ကြီး၊ ဆေးပြင်းလိပ် ကုန်စည်တွေအပေါ် တန်ဖိုးရဲ့ ၆၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ အခွန်စည်းကြပ်ကောက်ခံသွားမယ့် အခွန်အကောက် ဥပဒေသစ်ကို  စစ်ကောင်စီက ပြဋ္ဌာန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ လွှတ်တော်က ဥပဒေပြဋ္ဌာန်းတာမဟုတ်ဘဲ စစ်ခေါင်းဆောင်ရဲ့အမိန့်နဲ့ ဥပဒေ အမျိုးမျိုးကို စိတ်ကြိုက်ထင်သလို ပြဋ္ဌာန်းနေတာမှာ “၂၀၂၃ ခုနှစ်  ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ” ကိုလည်း မတ်လ ၃၀ ရက်စွဲနဲ့ စစ်ခေါင်းဆောင်က အတည်ပြုပြဋ္ဌာန်းလိုက်တာပါ။

ဒီဥပဒေသစ်အရ ဆေးရွက်ကြီးနဲ့ ဗာဂျီးနီးယားပေါင်းတင်ပြီးဆေး ကုန်စည်တွေကို တန်ဖိုးရဲ့ ၆၀ ရာခိုင်နှုန်းအခွန်စည်းကြပ်ဖို့ သတ်မှတ်ထားတဲ့အပြင် ဆေးပြင်းလိပ်၊ ဆေးတံသောက်ဆေးနဲ့ ကွမ်းစားဆေး  ကုန်စည်တွေကိုတော့ တန်ဖိုးရဲ့ ၈၀ ရာခိုင်နှုန်း အထိ အမြင့်ဆုံး သတ်မှတ်ထားပြီး အခွန်စည်းကြပ်သွားမှာ ဖြစ်ပါတယ်။

အလားတူ အရက်နဲ့ ဘီယာ ကုန်စည်အပေါ် အခွန်စည်းကြပ်မှုနှုန်းက ပြည်ပကနေ တင်သွင်းတဲ့ မည်သည့် ဘီယာ အမျိုးအစားကိုမဆို ကုန်စည် တန်ဖိုးရဲ့ ၆၀ ရာခိုင်နှုန်း သတ်မှတ်ထားပြီး အရက် ကုန်စည်ကတော့ ၁ လီတာကို ၁၉၈၅၁ ကျပ်နဲ့အထက်ရှိပါက တန်ဖိုးရဲ့ ၆၀ ရာခိုင်နှုန်း အခွန်ပေးဆောင်ရမှာပါ။

စစ်ကောင်စီအနေနဲ့ ပြည်ပကနေ တင်သွင်းနေရတဲ့ အရက်၊ဘီယာ နဲ့ ဆေးရွက်ကြီး၊ဆေးပြင်းလိပ် ကုန်စည်တွေအပေါ် အခွန်နှုန်းထားတွေ မြှင့်တင်ထားတာဟာ နိုင်ငံခြားငွေ စီးထွက်မှုကို လျော့နည်းစေလိုတဲ့ ရည်ရွက်ချက် အပြင် စစ်တပ်နဲ့ နီးစပ်တဲ့ အဖျော်ယမကာလုပ်ငန်းစုတွေက ထုတ်လုပ်တဲ့ အရက်၊ ဘီယာတွေကို ပြည်တွင်းဈေးကွက်မှာ ဈေးကွက်ဝေစု ကြီးထွားလာအောင် ရည်ရွယ်ပြီး လုပ်ဆောင်တာလည်း ဖြစ်နိုင်တယ်လို့ အခွန်နဲ့ဘဏ္ဍာငွေကြေးဆိုင်ရာ လေ့လာသူတွေက ထောက်ပြပြောပါတယ်။

“ပြည်ပက သွင်းတဲ့ အရက်၊ ဘီယာနဲ့ ဆေးရွက်ကြီးတွေအပေါ် အခွန်စည်းကြပ်မှုနှုန်းတွေ မြှင့်ထားလိုက်တော့ ဈေးကြီးသွားတဲ့အတွက် တော်ရုံတန်ရုံ မသောက်ဖြစ်တော့ဘူးပေါ့နော်။ ဒါက ကောင်းတဲ့ဖက်က စဉ်းစားကြည့်တာပါ။ ဒါပေမဲ့ မကောင်းတာက ဈေးကွက်ထဲမှာ အတုတွေ ဝင်လာမှာကို စိုးရိမ်ရတယ်။ ဘာလို့လဲဆိုတော့ အရင်ကလည်း စစ်အုပ်ချုပ်ရေးအောက်မှာ မှောင်ခိုဈေးကွက်က အလျှိုလျှိုပေါ်လာတာ အားလုံးအသိပဲလေ။ အဲ့တော့ မှောင်ခိုဈေးကွက်က ဝင်လာတဲ့ဟာတွေက အရည်အသွေးမကောင်းဘူး၊ ဈေးနှုန်းကလည်း မှောင်ခိုကနေ သွင်းတာဖြစ်လို့ ဈေးကြီးတယ်။ ဆိုတော့ နောက်ဆုံးမှာ နစ်နာသူက စားသုံးသူပဲမဟုတ်လား။”

ဒါ့အပြင် အာဏာသိမ်း စစ်ကောင်စီက ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေဟာ လွှတ်တော်ရဲ့ အခန်းကဏ္ဍ မပါဘဲ မိမိစိတ်ကြိုက် ရေးဆွဲထားတဲ့ ဥပဒေတွေသာ ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

“အခု အခြေအနေက လွှတ်တော်မရှိတဲ့အတွက် သူတို့သဘော ဖြစ်နေတာပေါ့နော်။ ဖြစ်သင့်တာကတော့ ဒီလိုမျိုး ပြည်ထောင်စုအခွန်အကောက်ဥပဒေ ထုတ်တော့မယ်ဆိုရင် သက်ဆိုင်ရာ stakeholder တွေနဲ့အတူ နိုင်ငံရေးပါတီဝင်တွေ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ စုဖွဲ့ထားတဲ့ အသင်းအဖွဲ့က သူတွေ လက်မှတ်ရ ပြည်သူ့စာရင်းစစ်တွေ တွေ့ဆုံပြီး လွှတ်တော်ထဲမှာ အခွန်နှုန်းကို ဘယ်လောက် ထားသင့်တယ်ဆိုပြီး အပြန်အလှန်ဆွေးနွေးပြီးမှ လုပ်ကြတာလေ။ ဘာလို့လဲဆိုတော့ ကုန်စည်နဲ့ အခွန်ထမ်း ပြည်သူတွေကို ဝန်ထုပ်ဝန်ပိုး မဖြစ်ရလေအောင် အခွန်စည်းကြပ်မှုကို သတ်မှတ်ရတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွက် အခွန်အရပ်ရပ် ကောက်ခံရရှိမှု ပမာဏဟာ ကျပ် ၄၇၄၅ ဒသမ ၇၃ ဘီလီယံ ရရှိခဲ့တဲ့အကြောင်း စစ်ကောင်စီ လက်အောက်ခံ ပြည်တွင်းအခွန်များဦးစီးဌာန (IRD)က ထုတ်ဝေတဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013