DVB Logo
Home
မြန်မာသတင်း
မူလတန်းဆရာ အတတ်ပညာ သင်တန်းသားများ စစ်ကောင်စီ ခေါ်ယူ
DVB
·
April 2, 2023
မူလတန်းဆရာ အတတ်ပညာ သင်တန်းသားများ စစ်ကောင်စီ ခေါ်ယူ
Donate to DVB

၂၀၂၃ ဇွန်လ ၁ ရက်မှာ စတင်ဖွင့်လှစ်မယ့်  လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်းကို စတင်ခေါ်ယူနေပြီဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

စစ်တပ်အာဏာသိမ်းပြီးနောက် အကြမ်းမဖက်တဲ့လှုပ်ရှားမှု CDM မှာ ပညာရေးဌာနက ဆရာဆရာမတွေ အင်အားအပြည့်နဲ့ ပါဝင်တော်လှန်ခဲ့ကြတာဖြစ်ပါတယ်။

ဒါကြောင့်စစ်ကောင်စီရဲ့ ပညာရေးဌာနက အတတ်သင် သင်တန်းတွေခေါ်ယူပြီး ပညာ​ရေးဝန်ထမ်းအင်အား ထပ်မံဖြည့်တင်းနေတာလည်း ဖြစ်ပါတယ်။

ဆရာသစ်တွေထဲမှာ ​အရည်အချင်းပြည့်မီတဲ့သူတွေရှိသလို အရည်အချင်းမပြည့်တဲ့ ဆရာဆရာမတွေရော ရောထွေးပါဝင်လာမှာဆိုတော့ စစ်ကောင်စီလက်အောက်ခံ ပညာရေးစနစ်အခြေအနေက ဆက်လက်ဆိုးရွာနေဦးမယ်လို့ မုံရွာမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂတာဝန်ရှိသူက ပြောပါတယ်။

“အာဏာသိမ်းစကဆိုရင် ပညာရေးဌာနရဲ့ ၈၅ ရာခိုင်နှုန်းလောက် ပါဝင်တော်လှန်ခဲ့ကြပြီးတော့ အချိန်ကာလအတိုင်းအတာအရ လက်ရှိအချိန်မှာတော့ ၇၀ -၈၀ ရာခိုင်နှုန်းလောက်အထိ  70% နဲ့ လျော့ကျသွားမယ်ထင်ပါတယ်။ အတိအကျတော့ ပြောဖို့ကတော့ ခက်ပါတယ်။ စစ်ကောင်စီရဲ့ဘယ်ဌာနစာမေးပွဲတွေမှာမဆို ဝင်ဖြေကြလည်း စစ်ကောင်စီရဲ့ အကြမ်းဖက် ဆိုးယုတ်မှုတွေက အကုန်လုံးအပေါ် လွှမ်းမိုးသက်ရောက်လာမှာဖြစ်ပြီး လိပ်ပြာလုံလုံနဲ့သာ ဖြေကြပါ။”

စစ်အာဏာရှင်တွေဟာ ကျောင်းသားလူငယ်တွေကို ပညာတတ်အောင် သင်တာမျိုးမဟုတ်ဘဲ သူတို့ပေးချင်တဲ့ ဝါဒဖြန့် မက်ဆေ့ချ်တွေ၊ အကြောင်းအရာတွေကို ကလေးတွေကိုသင်ပေးဖို့ ပညာရေးမှာ အသုံးချခဲ့ကြတာဖြစ်တယ်လို့ ပညာရေးကဏ္ဍကို လေ့လာစောင့်ကြည့်နေသူတဦးက ပြောပါတယ်။

“စစ်အာဏာရှင်လက်အောက်မှာနေရတဲ့ ဘယ်တိုင်းပြည်မဆို တော်လှန်တဲ့သူကို မုန်းရမယ်ဆိုတဲ့ ဝါဒဖြန့်မှုတွေကို ပညာရေးမှာ အသုံးချတာချည်းပဲ။ ပညာရေးက နောင်လာမယ့်မျိုးဆက်တွေကို ထိန်းချုပ်တဲ့အခါ အရမ်းအရေးကြီးတယ်။ ဆရာဆရာမတွေကတဆင့် အနာဂတ်လူငယ်တွေအပေါ် စစ်တပ်ကသူတို့လိုချင်တဲ့စနစ်ကို ပုံသွင်းနိုင်တဲ့အရာဖြစ်နေတယ်။ ဒါတွေကို သိတဲ့နားလည်တဲ့ ဆရာဆရာမတွေက CDM လုပ်ကြတယ်။ အခုချိန်မှာ အခွင့်အရေးတရပ်အနေနဲ့ အတွေးအခေါ်မရှိတဲ့သူတွေ၊ ခိုင်းတာကိုပဲ လုပ်မယ့်သူတွေ စစ်ကောင်စီလက်အောက်မှာ လာတက်ကြ​တယ်။”

အာဏာဖီဆန် CDM လှုပ်ရှားမှုမှာပါဝင်နေကြတဲ့ ဆရာ၊ ဆရာမတွေကို ၂၀၂၂ ခုနှစ် ဇွန်လ ၇ ရက်နေ့က နောက် ဆုံးထားပြီး လုပ်ငန်းခွင်ပြန်ဝင်ဖို့ စစ်ကောင်စီက ဖိတ် ခေါ်ခဲ့ရာ ဆရာ၊ ဆရာမ ၂၉၆၀ ဦး ပြန်လည်ဆက်သွယ်ခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့ပါတယ်။  

၂၀၂၂ ခုနှစ်မှာ အကြောင်းအမျိုးမျိုးဖြင့် လုပ်ငန်းခွင်ပြန်ဝင်သွားခဲ့တဲ့ CDM ဆရာ၊ ဆရာမတွေရှိခဲ့ပြီး မတရားဖမ်းဆီးထောင်ချခံထားရတဲ့ ပညာရေးဝန်ထမ်းတွေ ရှိတဲ့အပြင် စစ်အာဏာရှင်ကို ဒီနေ့အထိ CDM လှုပ်ရှားမှုမှာ ပါဝင်ရင်း  ဆက်လက်ဆန္ဒပြနေတဲ့ ဆရာဆရာမတွေလည်း အများအပြား ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013