DVB Logo
Home
မြန်မာသတင်း
မင်းတပ်မြို့နယ်၌ စစ်ဘေးရှောင်ကူညီနေသည့် ဘုန်းကြီး ၁ ပါးကို အဓမ္မလူဝတ်လဲပြီး စစ်တပ်က ဖမ်းဆီး
DVB
·
April 1, 2023
မင်းတပ်မြို့နယ်၌ စစ်ဘေးရှောင်ကူညီနေသည့် ဘုန်းကြီး ၁ ပါးကို အဓမ္မလူဝတ်လဲပြီး စစ်တပ်က  ဖမ်းဆီး
Donate to DVB

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ မတ် ၂၉ ရက်နေ့က   စံကျေးရွာနဲ့ ဒေးကျေးရွာအနီးက စစ်ဘေးရှောင်စခန်းကို ဦးဆောင်ကူညီနေတဲ့ သက်တော် ၄၀ ဝန်းကျင်ရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီး တပါးကို စစ်ကောင်စီတပ်က  အတင်းအကျပ်လူဝတ်လဲပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

စံကျေးရွာဘုန်းတော်ကြီးနဲ့အတူ စစ်ရှောင်စခန်းကို ဦးဆောင်ကူညီနေသူတွေကိုလည်း ဖမ်းဆီးသွားတယ်လို့ သိရပါတယ် အဖမ်းခံရသူ အရေအတွက်နဲ့ ဘယ်မှာ ထိန်းသိမ်းခံနေရတယ်ဆိုတာကိုတော့ လတ်တလာ မသိရသေးပါဘူး။

စံကျေးရွာအနီး စစ်ဘေးရှောင်စခန်းကို ဖွင့်လှစ်ထားတာ ၂ နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး အိမ်ထောင်စု ၁၀၀ ကျော် လူဦးရေစုစုပေါင်း ၄၀၀ ကျော် ၅၀၀ နီးပါး ခိုလှုံနေတဲ့စခန်းဖြစ်ပါတယ်။

အဲ့ဒီနောက် မတ် ၃၀ ရက်က မင်းတပ်မြို့နယ်နဲ့ ဆောနယ်နိမိတ်အကြားလမ်းပိုင်းမှာ ယောဒေသကာကွယ်ရေးပူးပေါင်းတပ်ရဲ့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများခဲ့လို့  ရဟတ်ယာဉ်နဲ့ပစ်ကူပေးခဲ့ပြီး စံကျေးရွာအနီး စစ်ရှောင်စခန်းတခုလုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

မင်းတပ်ပအဖ ပြောခွင့်ရှိသူ ယောမန်က “စစ်ဘေးရှောင်စခန်းတခုလုံးကို ညနေ ၆ နာရီလောက်မှာ မီးရှို့လိုက်တယ်။ စစ်ဘေးရှောင်တဲ့သူ အယောက် ၅၀၀ ဝန်းကျင်လောက်နေတယ် အဲ့ဒီမှာ။ အကုန်လုံးကတော့ ဒုက္ခရောက်ကြတာပေါ့။ အဲ့ဒီမှာနေတာ ၂ နှစ်လောက်ရှိပြီ။ မင်းတပ်မြို့ပေါ်မှာ ပစ်ကြခတ်ကြဆိုတော့ အဲ့ဒီမှာလည်း စံကျေးရွာရဲ့ ဗုဒ္ဓဘာသာဘုန်းကြီးကိုလည်း အတင်းလူ ဝတ်လဲပြီးတော့မှ ဖမ်းခေါ်သွားတယ်။ ပြီးတော့ စစ်ဘေးရှောင်အမျိုးသမီး သူ့ကိုလည်း ဖမ်းခေါ်သွားတယ်။ ၂၉ ရက်နေ့မှာ ဖမ်းပြီးမှခေါ်သွားတယ်။ အဲ့ဒီနေ့မှာပဲ တခြားစစ်ကြောင်း တကြောင်းက ပန်းဇံဘက်က ဒေးဘက်ကနေဝင်လာတယ်။ ၃၀ ရက်နေ့မှာ တိုက်ပွဲဖြစ်တယ်။ ညနေပိုင်းမှာတော့ မီးရှို့လိုက်တယ်ပေါ့နော်" လို့ ပြောပါတယ်။

စစ်ကားအစီး ၈၀ ပါတဲ့ စစ်ကောင်စီထောက်ပို့ယာဉ်တန်းဟာ မြေပြင်ကနေရိက္ခာထောက်ပို့ဖို့အတွက်  ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်-မတူပီဗျူဟာ ကျောက်ထုအမြောက်တပ်ထဲကို  ပခုက္ကူဘက်ကနေ  မတ် ၁၃ ရက်နေ့မှာ ဝင်ရောက်ခဲ့ပါတယ်။

ပြီးတဲ့တဲ့ သီတင်း ၂ ပတ်လောက်က မင်းတပ်-မတူပီမှာ စစ်ကောင်စီက ဗျူဟာမှူး အပြောင်းအလဲပြီးလုပ်ခဲ့ပြီး အသစ်ရောက်လာတဲ့ ဗျူဟာမှူးက အရင်လူထက်ပိုဆိုးတဲ့ ခြိမ်းခြောက်ထိုးစစ်ဆင် ဖမ်းဆီးနေတယ်လို့ မင်းတပ် ပအဖ တာဝန်ရှိသူ ယောမန်က ပြောပါတယ်။

"ဗျူဟာအခင်းအကျင်းက အခုက မင်းတပ်မှာနေခဲ့တဲ့ ကာနယ်ကြီးကပြောင်းသွားတယ်။ ပြီးခဲ့တဲ့ ၂ ပတ်လောက်ကပဲ။ အသစ်ရောက်လာတဲ့ကာနယ်ကတော့ စစ်ဦးဘီလူးပေါ့လေ။ သူကလုပ် ပြချင်တဲ့ပုံစံနဲ့ တူပါတယ်။ ကျေးရွာတွေကို ခြိမ်းခြောက်တာ။ ဟိုအရင်တုန်းက စစ်ကြောင်းထိုးတာထက် ပိုပြီးမှ ပိုလုပ်တာပေါ့လေ။ ဒီ ၁ ပတ် ၂ ပတ်အတွင်းမှာပဲ စစ်ဦးဘီလူးပုံစံ သူတို့က လုပ်တာပေါ့လေ။ လွန်လွန်ကျူးကျူးတွေ ဖမ်းဆီးခြိမ်းခြောက်တာတွေ ဖြစ်လာတာပေါ့။ တိုက်ပွဲတွေ ခပ်စိပ်စပ်ဖြစ်လာတာပေါ့။"

ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးဗျူဟာဘက်ကိုတော့ မတ်လဒုတိယအပတ်ကစပြီး စစ်ကိုင်းတိုင်း ကလေးမြို့ဘက်ကနေ တင့်ကား ၂ စီးအပါအဝင် စစ်ကားအစီး ၃၀ ဝင်ရောက်ခဲ့ပါတယ်။

မတ် ၂၃ ရက်မှာ ကလေးမြို့ပေါ်က အရပ်သားကုန်တင်ကား အစီး ၁၀၀ ဝန်းကျင်ကို စစ်ကောင်စီက ချောဆွဲထားပြီး ထောက်ပို့လုပ်ငန်းတွေဆက်လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ နယ်မြေစိုးမိုး ရေးအတွက် စစ်ကောင်စီက လေကြောင်းပစ်ကူတွေအသုံးပြုပြီး သူတို့ရဲ့ထောက်ပို့လမ်းကြောင်းတွေ ဝင်လို့ရအောင် လုပ်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး CNF တာဝန်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

"နယ်မြေစိုးမိုးရေးအတွက်ဆိုပြီးတော့ မြေပြင်ကနေ အဲ့ဒီလိုလုပ်တာတွေ၊ ပြောချင်တာကတော့ တိုက်လေယာဉ်ကတော့ ထောက်ပို့ယာဉ်တွေကတော့ အမြဲတမ်းလာတယ်။ လေယာဉ်ကတော့ ရိက္ခာ ဘယ်လောက်မှ သယ်လာမှာမဟုတ်ဘူး။ အဲ့ဒါကြောင့် မြေပြင်ကနေ မဖြစ်ဖြစ်အောင် သူတို့ အဲ့ဒီရိက္ခာတွေကို  ဖြည့်ဆည်းလာတယ်လို့ အဲ့ဒီလိုပဲမြင်ပါတယ်။"

မတ် ၃၀ ရက် မနက် ၁၀ နာရီခွဲဝန်းကျင်မှာ ထန်တလန်မြို့နယ် ခွာဖိုးကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ် ၂ စင်း၊ MI 35 ရဟတ်ယာဉ် ၁ စင်းတို့နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၂ ယောက်အပါအဝင် အရပ်သားပြည်သူ ၈ ယောက်ကျဆုံးခဲ့ပြီး ပြည်သူ ၂၀ ဝန်းကျင် ဒဏ်ရာရရှိခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ချင်းပြည်နယ် မြို့နယ် ၇ မြို့နယ်အပါအဝင် တိုင်းနဲ့ပြည်နယ် ၈ ခုက ၃၇ မြို့နယ်ကို စစ်ကောင်စီက  စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာခဲ့ပါတယ်။ 

မြို့နယ် ၉ မြို့နယ်ရှိတဲ့ ချင်းပြည်နယ်မှာ မင်းတပ်မြို့နယ်ကို ၂၀၂၁ ခုနှစ်ကတည်းက စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာခဲ့တာကြောင့် ပလက်ဝမြို့နယ်ကလွဲပြီး ချင်းပြည်နယ်ရဲ့  မြို့နယ် ၉ ခုမှာ ၈ ခုဟာ စစ်အုပ်ချုပ်ရေးကြေညာခံထားရပါတယ်။ 

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ ချင်းပြည်နယ် နယ်စပ်တနေရာမှာ  မီဇိုရမ်ပြည်နယ်သား ၃ ယောက် အသတ်ခံရပြီးနောက် မတ် ၂၉ ရက်ကစပြီး နှစ်နိုင်ငံနယ်စပ် အဝင်အထွက်လမ်းကြောင်းတချို့ကို မီဇိုရမ်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းတွေက အကန့်သတ်မရှိ ပိတ်ထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013