DVB Logo
Home
Lead Story
စစ်ခွေးရူးတို့ ရောဂါရင့်ချိန်
DVB
·
April 1, 2023
စစ်ခွေးရူးတို့ ရောဂါရင့်ချိန်
Donate to DVB

နွေဦးကာလသို့ရောက်ချေပြီ။

လက်ပံတို့လည်း ပွင့်ကြပြီ။

ခွေးတွေလည်း ရူးကြပြီ။

မြန်မာ့ဆိုရိုးစကားအရ လက်ပံပွင့်ချိန် ခွေးရူးချိန်လည်း ရှိသည်မဟုတ်ပါလား။

ဒီတခါ ခွေး‌တွေကတော့ ရိုးရိုးခွေးမဟုတ်။ ခေတ်အဆက်ဆက် နှစ်ပေါင်းများစွာကြာ တိုင်းပြည်ကို ဖိစီးနှိပ်စက်နေသော စစ်ခွေးတို့ဖြစ်ကြသည်။ လွန်ခဲ့သော ၂ နှစ် ဒီလိုလက်ပံပွင့်ချိန်လောက်မှ စတင်ကာ စစ်ခွေးရူးတို့ ခွေးရူးပြန်တော့သည်။ လူ့တိုင်းပြည်က လူထုရွေးကောက်ထားသော အစိုးရမှန်းမသိ။ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်မသိ။ အကြမ်းပတမ်းနည်းဖြင့် ဖြုတ်ချကာ ခွေးရူးတို့၏ အာဏာရူးရောဂါ ထခဲ့ကြသည်။ ဒါတင်မက။ လက်ပံပွင့်တို့ စတင်ဖူးပွင့်ရာ နွေဦးကာလရောက်ချိန် ဖေဖော်ဝါရီလကုန်ပိုင်းလောက်မှ စတင်ကာ အကြမ်းမဖက် ယဉ်ကျေးသည့် ပြည်သူများကို အကြမ်းဖက်နည်းများသုံးကာ ပစ်ခတ်၊ သတ်ဖြတ်မှုများ စတင်လုပ်ဆောင်ခဲ့ကြသည်။ ထို့နောက်ပိုင်းမှာ စစ်ခွေးတို့၏ ခွေးရူးရောဂါမှာ ပိုမိုဆိုးရွားလာသည်။ အကြမ်းဖက် သတ်ဖြတ်မှုများ တိုး၍လုပ်ဆောင်ခဲ့ကြသည်။

ဒီတော့ ပြည်သူတွေ စဉ်းစားလာကြရသည်။ ဒီအတိုင်း အကိုက်ခံရင်တော့မဖြစ်။ ရှောင်နေရင်လည်း မရ။ မိမိကိုယ်ကို ကာကွယ်မှဖြစ်တော့မည်။ ပိုဆိုးလာသော ခွေးရူးခွေးမိုက် စစ်ခွေးတွေကို ရှင်းလင်းပစ်ရတော့မည်ဆိုသည့် နည်းလမ်းကိုသာ ရွေးချယ်ဆုံးဖြတ်လိုက်ကြတော့သည်။ စစ်ခွေးရူးတို့ဘက်ကလည်း နဂိုကတည်းက အရိုင်းအစိုင်း အကြမ်းဖက်နည်းကိုသာ အားကိုးရာဖြစ်သောကြောင့် ယင်းသို့ မိမိကိုယ့်ကိုယ်ကိုယ် ကာကွယ်ခုခံကြသော ပြည်သူများကို တိုး၍ နှိပ်စက်သည်။ ရက်စက်သည်။ အကြမ်းဖက်ပြသည်။

ရွာတွေဆိုလည်း ရွာတွေမို့။ နေအိမ်၊ စပါးကျီ၊ လယ်ယာ၊ စပါး မီးရှို့သည်။ ကျွဲ၊ နွား၊ ဝက် အကုန်မီးရှို့သည်။ နောက်ဆုံး လူတွေကိုလည်းမီးရှို့သည်။ စစ်ခွေးရူးတို့မှာ အသိဉာဏ်မရှိ။ ငါတို့ကို ထမင်းကျွေးတဲ့ ပြည်သူပါလားဆိုပြီး မသိ။ အသိဉာဏ်မရှိမှတော့ ကျေးဇူးတရား ဆိုတာလည်း ဘယ်မသိတော့။ စောင့်ထိန်းရမယ့် ကျင့်ဝတ်ဆိုတာကိုလည်း နားမလည်။ သက်ကြီးရွယ်အိုတွေကိုလည်း မီးရှို့သတ်ဖြတ်သည်။ ကလေးတွေကိုလည်း ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သည်။ မိန်းမတွေကိုလည်း မုဒိမ်းကျင့်ကာ သတ်ဖြတ်သည်။ ယင်းသို့ ကျင့်ဝတ်မဲ့ လုပ်ရပ်များကို အောက်တန်းကျသော စစ်ခွေးရူးတို့ လုပ်ကြသည်။ ရက်ရက်စက်စက် လုပ်သည်။ မြိန်ရေရှက်ရေ လုပ်သည်။ အားရပါးရ ကျူးလွန်သည်။

မြို့ပေါ်မှာလည်း ထိုနည်းလည်းကောင်း။ ဖမ်းသည်။ အိမ်ချိပ်ပိတ်သည်။ စစ်ခွေးတို့၏ အလိုကျ ဖန်တီးထားသော သို့မဟုတ် စစ်ခွေးတို့လောက်သာ အသိဉာဏ်ရှိသော ရုပ်သေး တရားသူကြီး ဆိုသူများဖြင့် ပြည်သူများကို စီရင်သည်။ ‌သားတကွဲ၊ မယားတကွဲဖြစ်အောင် လုပ်သည်။ ရက်စက်မှုအပေါင်း သရဖူဆောင်းကြသည့် စစ်ခွေးရူးများပင်ဖြစ်သည်။

*   *   *

ယခုအခါ ‌နွေကာလသို့ ရောက်ပါပြီ။

ရွက်ဟောင်းတွေကြွေသည့် အထဲမှာမှ လက်ပံတို့ကတော့ ပွင့်ကြပြီ။ မြန်မာဆိုရိုးစကားအရ ခွေးတို့လည်း ရူးကြပြီ။ ယင်းတို့အထဲ နဂိုကတည်းက အရူးထနေသော စစ်ခွေးရူးတို့မှာ အရူးဒီဂရီ ပိုတိုး၍ အရူးရောဂါ ရင့်သန်လာကြပြီဖြစ်သည်။ ခွေးရူးကာလ ရောက်နေကြောင်း၊ စစ်ခွေးတို့၏ လုပ်ရပ်များက သက်သေပြနေသည်။

စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ် တို့တွင် အစုအပြုံလိုက်သတ်ဖြတ်မှု၊ ဗုံးကြဲမှု၊ မီးရှို့ဖျက်ဆီးမှုများက ယခုရက်ပိုင်းအတွင်း နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပွားနေသည်။ စစ်ခွေးရူးတို့မှာ နေရာတခုတည်းတွင်မဟုတ်။ မြေပြန့်တွင်လည်း ရှိသည်။ တောင်တန်းဒေသတွင်လည်း ရှိသည်။ ထိုနေရာဒေသရှိ ပြည်သူများအားလုံးကို ကိုက်ဖြတ်နေသည်။ ကိုက်သတ်ဖို့ ကြိုးစားနေကြသည်။ စစ်ခွေးရူးတို့ ထုံးစံအတိုင်း ဗမာလော၊ ချင်းလော၊ ကရင်လော ဆိုပြီး သူတို့မသိ။ ခရစ်ယာန်၊ ဗုဒ္ဓ၊ မွတ်စလင်ဆိုကာ သူတို့မခွဲခြား။ မည်သည့်လူမျိုး ဘာသာဖြစ်ဖြစ် ကိုက်သတ်ဖို့သာ သူတို့သိသည်။ သူတို့လို ခွေးရူးမဖြစ်ရကောင်းလားဆိုပြီး သတ်ဖြတ်သည်။

ခွေးရူးတို့၏ ခွေးရူးရောဂါ ရင့်သန်နေပြီဖြစ်ကြောင်း ပြသနေသည့် သက်သေများလည်း ဖြစ်ပေသည်။

ဗိုလ်ချုပ်တို့လက်ထက်က ငရဲခွေးကြီးလွတ်နေတာက တကောင်တည်း။ ယခုခေတ်မှာတော့ စစ်ခွေးရူးတို့မှာ မြန်မာပြည် နေရာအနှံ့တွင် ဖြစ်နေပြီ။ စစ်ခွေးအားလုံးကလည်း ရောဂါမှာ ကု၍မရတော့လောက်အောင် ကျွမ်းနေပြီ။ လူကို လူလိုတန်ဖိုးထားရမည့် တိုင်းပြည်ကို ခွေးဇာတ်ခင်းအောင် စစ်ခွေးရူးတို့က ကြိုးပမ်းနေကြပြီ။

နွေဦးသို့ရောက်ရှိလာပြီ။

လက်ပံတို့ ပွင့်ကြကုန်ပြီ။

တိုင်းပြည်ကို ခွေးဇာတ်ခင်းဖို့ စစ်ခွေးရူးတို့ ကြိုးပမ်းနေကြတာ ၂ နှစ်ကျော်လာပြီ။

သူတို့၏ ခွေးရူးရောဂါမှာ ကြာလေ ရင့်လေ ဖြစ်နေပြီ။

မြန်မာပြည်အနှံ့ ခွေးရူးတွေ ပျံ့နှံ့ကုန်နေကြပြီ။

မြန်မာပြည်အနှံ့ ခွေးရူးတွေ ဆိုးရွားသောင်းကျန်းကုန်နေကြပြီ။

ပြည်သူတွေအပေါ် အကြမ်းဖက်လာတာ အရှိန်မြင့်နေပြီဖြစ်သည်။

ဒီလို လူ့အဖွဲ့အစည်းအတွက်၊ အများအတွက်၊ တိုင်းပြည်အတွက် ဒုက္ခပေးကာ အသက်သေအောင် ရူးမိုက်နေသော ခွေးရူးများကို သင် ဘာလုပ်မည်လဲ။

တင်ဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013