DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါမြို့နယ်၌ ရဲကင်းစခန်း ၁ ခုကို PDF သိမ်းပိုက်၊ ပခုက္ကူနှင့် ပုလဲမြို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
March 31, 2023
ဂန့်ဂေါမြို့နယ်၌ ရဲကင်းစခန်း ၁ ခုကို PDF သိမ်းပိုက်၊  ပခုက္ကူနှင့် ပုလဲမြို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
Donate to DVB

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန်စံပြကျေးရွာရှိ တိုက်နယ်ရဲကင်းစခန်းတခုကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မတ်လ ၃၁ ရက်‌‌ ဒီနေ့မနက် ၉ နာရီလောက်မှာ စတင်တိုက်ခိုက်ရာ ၁၁ နာရီလောက်မှာ သိမ်းယူနိုင်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တွေထံက သိရပါတယ်။

ရဲကင်းစခန်း သိမ်းခံရပြီးနောက် စစ်ကောင်စီလက်အောက်ခံ နမခစစ်တပ်ကနေ Mi35 နှစ်စီး၊ တိုက်လေယာဉ်တစီးနဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဂန့်ဂေါမြို့နယ် ဗိုလ်မကျည်းအဖွဲ့ခေါင်းဆောင်က “လက်နက်ခဲယမ်းတွေ ကျနော်တို့ ကာကွယ်ရေးတွေဘက်က သိမ်းဆည်းရမိခဲ့တာရှိတယ်။ တိုက်တဲ့အဖွဲ့ကများတော့ ရမိတဲ့ လက်နက်အရေအတွက် စာရင်းမပြုစုရသေးဘူး။ အဲ့စခန်းမှာ ရခ ၇၀ လောက်ပဲ ရှိတယ်ဆိုတာကို သိလို့ ကျနော်တို့အဖွဲ့တွေ အခုလိုဝင်တိုက်ခဲ့တာ။ စခဘက်ကတော့ အကုန်ကျတယ်။ စခန်းကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်” လို့ ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီဘက်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာကြောင့် ဒေသခံတွေ အထိအခိုက်ရှိနိုင်ပေမဲ့ အသေအပျောက်စာရင်း အတိအကျကိုတော့ မသိရသေးပါဘူး။

ထီးလင်းမြို့နယ်မှာလည်း အခု မတ်လအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အကျအဆုံး များစွာရှိခဲ့သလို ပြည်သူ့ကာကွယ်ရေးတွေဘက်ကလည်း အကျအဆုံး ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာတော့ မတ်လ ၃၀ ရက် မနက်ပိုင်းက စစ်ကောင်စီ တပ်သားတွေနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး ၄ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပကဖ ကနေ သိရပါတယ်။

ပခုက္ကူမြို့နယ် အောင်သာ ပျူစောထီးရွာက ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ လိုက်ပါလာတဲ့ကားကို မတ်လ ၃၀ ရက် မနက် ၉ နာရီ ၁၅ မိနစ်လောက်က ကန်တော်ကျေးရွာနားမှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ရှေ့ထွက်ပြောင်း ၂ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ မြိုင်ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် ပခုက္ကူ-ကမ္မကားလမ်းကို လုံခြုံရေး ယူဖို့ထွက်လာတဲ့ အောင်သာရွာက ပျူစောထီးတွေကို မတ်လ ၃၀ ရက် မနက် ၁၁ နာရီ ၂၃ မိနစ်က ကန်တော်ရွာနဲ့ ညောင်ဂျစ်ပင်ရွာကြားမှာ ဒရုန်းနဲ့ ဗုံး ၆ လုံး ဖြုတ်ချပြီး တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ ပျူစောထီး ၄ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ပခုက္ကူပြည်သူ့ဆေးရုံမှာ အရေးပေါ် ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း-၁၊ Black Cobra တပ်ဖွဲ့၊ ပခုက္ကူ သူရိန်တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့က ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ပြောပါတယ်။

ပခုက္ကူမြို့နယ် ကန်တော်ရွာနဲ့ ညောင်ဂျစ်ပင်ရွာကြားမှာ မတ်လ ၂၉ ရက်ကလည်း စစ်ကောင်စီနဲ့ ပျူစောထီးကားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ မြိုင် ပကဖ ကနေ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့မှာတော့ နတ်ကနားပေးနေတဲ့ စစ်ကောင်စီတပ်ကို  မတ်လ ၃၀ ရက် မနက် ၁၁ နာရီခွဲလောက်က မြန်မာ့တော်ဝင်နဂါးတပ်တော်ရဲ့ အထူးကွန်မန်ဒိုရဲဘော်တဦးက အလစ်ဝင်ရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်သား ၃ ဦး ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့  မြန်မာ့တော်ဝင်နဂါးတပ်တော် တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

မြန်မာ့တော်ဝင်နဂါးတပ်တော် ပြန်ကြားရေးတာဝန်ခံ ကိုဖြိုးက “ဒီကောင်တွေ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့က ပုလဲမြို့ထဲက ရွာတော်ယာဉ် နတ်စင်ကို ဖျက်ဆီးပြီး နတ်ရုပ်တုကို ဇောက်ထိုးလုပ်ထားခဲ့တာကို သူတို့အကြီးအကဲက ပြန်တောင်းပန်တဲ့အနေနဲ့ နတ်ပြန်ချော့ နတ်ကနားပေးပွဲ လုပ်နေတာကို ကျနော်တို့ မြန်မာတော်ဝင်နဂါးတပ်တော်ရဲ့ အထူးရဲဘော် ကျားရိုင်းက ၄၀ မမနဲ့ အလစ်ဝင်ရောက် ပစ်ခတ်ခဲ့တာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ စစ်ကိုင်းတိုင်းအတွင်းက မြို့တွေကိုသာ ချုပ်ကိုင်ထားနိုင်ပေမဲ့ ကျေးရွာအများစုကိုတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက စိုမိုးထားနိုင်နေဆဲဖြစ်တယ်လို့ စစ်ကိုင်းတိုင်းအတွင်းက ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေကလည်း စစ်ကောင်စီလွှမ်းမိုးထားတဲ့ မြို့တွေနဲ့ ပျူရွာတွေကို လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တာတွေလည်း ရှိပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013