မန္တလေးတိုင်း၊ စဥ့်ကူးမြို့ကနေ ငပျဥ်းအင်းကျေးရွာကို ထွက်ခွာလာတဲ့ စစ်ကောင်စီကား ၇ စီးပါ ယာဥ်တန်းကို ဒေသခံကာကွယ်ရေးတပ်တွေက မတ် ၃၀ ရက် မနက်မှာ ပဒေသာမိုင်း ၁၀ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဥဒေါင်းမင်း ပြောက်ကျားတပ်ဖွဲ့ကနေ သိရပါတယ်။
အဲဒီ စစ်ယာဥ်တန်းမှာ စစ်ကောင်စီတပ်အင်အား ၁၅၀ လောက် လိုက်ပါလာကာ စဥ့်ကူးမြို့နယ် ငပျဥ်းအင်းကျေးရွာကို စစ်ကြောင်းထိုးဖို့ ထွက်ခွာလာတာဖြစ်ပြီး ခူလယ်ရွာအဝင် တံတားနားမှာ မိုင်းဆွဲတိုက်ခိုက်လိုက်တာ ဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ဒေသခံက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်က စဥ့်ကူး-ကျောက်မြောင်း လမ်းပိုင်းကို ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်နေပြီး သေနတ်တွေ ရမ်းသန်းပစ်ခတ်နေတယ်လို့ သိရပါတယ်။
“ပြည်သူတွေအနေနဲ့တော့ စဥ့်ကူး-ကျောက်မြောင်းလမ်းကို အသုံးမပြုကြဖို့ ပြောချင်ပါတယ်။ အသုံးပြုတယ်ဆိုရင်လည်း စစ်ကောင်စီယာဥ်တန်းတွေနဲ့ အဝေးဆုံးက သွားလာတာမျိုး၊ ဒေသခံကာကွယ်ရေးတပ်တွေကို အကြောင်းကြားပြီး သွားတာမျိုးတွေ လုပ်ကြဖို့ တိုက်တွန်းပါတယ်” လို့ ဥဒေါင်းမင်းပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ခံ ကိုဒေါင်းမင်းက ဒီဗွီဘီကို ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၈ ရက်ကလည်း ခူလယ်ရွာက ပျူစောထီးတွေနေထိုင်တဲ့ နေရာအဆောက်အဦကို မိုင်းခွဲသတိပေးခဲ့တယ်လို့ ဥဒေါင်းမင်းပြောက်ကျားတပ်က ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ရပ်ကွက် ၃ မှာ မတ် ၃၀ ရက် မွန်းတည့် ၁၂ နာရီလောက်က ကင်းပုန်းဝပ်ဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်က ကြိုစောင့်ပြီး တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးတပ် ခေါင်းဆောင်တွေဆီကနေ သိရပါတယ်။
ကင်းပုန်းဝပ်ဖို့ စစ်ကောင်စီတပ်အင်အား ၃၀ နဲ့ ရပ်ကွက် ၃ ဘက်ကို ထွက်လာတာကို တိုက်ခိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။
“အတွင်းသတင်းပေးချက်အရ ကျနော်တို့ လက်ဦးမှုရယူပြီး ပစ်ခတ်နိုင်ခဲ့တယ်။ စခဘက်ကတော့ ၂ ကောင်သေပြီး ၂ ကောင် ဒဏ်ရာပြင်းထန် ရသွားတယ်။ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်” လို့ ကနီမြို့နယ် ကျောက်လုံးကြီးတပ်မဟာအဖွဲ့ တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီကတော့ ကနီမြို့နယ်ကို ဖုန်းလိုင်းနဲ့ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုတိုက်ပွဲကို ကျောက်လုံးကြီး KLG တပ်မဟာ၊ စစ်ကိုင်းခရိုင် တပ်ရင်း-၂၊ DRPA အဖွဲ့နဲ့ နယ်မြေခံ ပကဖတွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့လည်း သက်ဆိုင်ရာ ခေါင်းဆောင်တွေက ပြောပါတယ်။