DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ၏ မူဝါဒအမျိုးမျိုးကြောင့် မူဆယ်နယ်စပ်ကုန်သွယ်မှု ကျဆင်း
DVB
·
March 30, 2023
စစ်ကောင်စီ၏ မူဝါဒအမျိုးမျိုးကြောင့် မူဆယ်နယ်စပ်ကုန်သွယ်မှု ကျဆင်း
Donate to DVB

စစ်ကောင်စီရဲ့ မူဝါဒ အပြောင်းအလဲတွေကြောင့် မူဆယ်နယ်စပ်ကုန်သွယ်ရေးမှာ ပို့ကုန် သွင်းကုန် ကုန်သွယ်မှုဟာ အရင်အခြေအနေနဲ့ နှိုင်းယှဉ်ရင် သုံးပုံနှစ်ပုံလောက် ကျဆင်းသွားတာ တွေ့ရတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ကုန်သွယ်ရေးဦးစီးဌာနက ပို့ကုန်လုပ်ငန်းရှင်တွေကို ပို့ကုန်ရငွေနဲ့ စပ်လျဉ်းပြီး ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်ရည်ညွှန်းနှုန်းနဲ့ မဖြစ်မနေ လဲပေးရမယ်လို့ ကန့်သတ်လိုက်တာကြောင့် ဈေးကွက်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ ငွေလဲနှုန်းနဲ့ယှဉ်ရင် ခြားနားချက်ကများတဲ့အတွက် ကုန်သည်တွေဟာ အရှုံးနဲ့ ရင်ဆိုင်နေရပါတယ်။

ဒါကြောင့်ပဲ မူဆယ်နယ်စပ်ကုန်သွယ်ရေးမှာ မြန်မာ့ဆန်နဲ့ ဆန်ကွဲ တင်ပို့မှုဟာ မရှိသလောက်နီးနီး ဖြစ်နေတယ်လို့ မူဆယ်အခြေစိုက် ကုန်သည်တွေက ပြောဆိုထားပါတယ်။

“မတ်လ ၁ ရက်နေ့က စပြီးတော့ ငွေကြေးမူဝါဒကို ပြောင်းလဲကျင့်သုံးလိုက်တယ်။ ငွေကြေးမူဝါဒ ပြောင်းလဲမှုဆိုတာက အများသိတဲ့အတိုင်းပဲ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်နှုန်းနဲ့ လဲပေးရမယ်။ ကျန်တဲ့ ၃၅ ရာခိုင်နှုန်းကို ဈေးကွက်ပေါက်ဈေးနဲ့ နိုင်ငံခြားငွေရောင်းဝယ်ခွင့် (AD) လိုင်စင်ရ ဘဏ်တွေမှာ ရောင်းချနိုင်တယ်ပေါ့။ ဆိုတော့ အဲ့ဒီ့လို ပြင်ဆင်လိုက်တဲ့အချိန်ကစပြီး မူဆယ်နယ်စပ်ကုန်သွယ်ရေးမှာ ဆန်နဲ့ ဆန်ကွဲ တင်ပို့မှုက လုံးဝ ရပ်တန့်လုနီးပါး ဖြစ်သွားခဲ့တယ်။ မတ်လ ၁ ရက်နေ့ကနေ ဒီကနေ့ မတ်လ ၃၀ ရက်နေ့အထိဆိုရင် မူဆယ် နယ်စပ်စခန်းကို ဆန်နဲ့ ဆန်ကွဲ ဝင်ရောက်မှုက အရင်က တနေ့ကို အစီး ၃၀ နဲ့ ၄၀ ဝင်ရောက်မှုရှိနေတဲ့ အခြေအနေက အခုဆိုရင် တနေ့ကို ၁ စီးနဲ့ ၂ စီးလောက်ပဲ ဝင်ရောက်မှုရှိတော့တယ်။ တချို့နေ့တွေဆိုရင် ၁ စီးမှမဝင်တဲ့နေ့တွေလည်း ရှိတယ်။ ဒါကြောင့် ဆန်နဲ့ ဆန်ကွဲ တင်ပို့မှုက ဒီ ရက်ပေါင်း ၃၀ အတွင်းမှာ လုံးဝ ရပ်တန့်လုနီးပါး ဖြစ်သွားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အလားတူ သွင်းကုန်ပစ္စည်း တင်သွင်းမှုမှာလည်း စစ်ကောင်စီက နိုင်ငံခြားငွေစီးထွက်မှုကို လျှော့ချဖို့အတွက် သွင်းကုန်တွေအပေါ် တင်းကျပ်မှုတွေ ချမှတ်ထားတာကြောင့် သွင်းကုန်လုပ်ငန်းရှင်တွေဟာ ခက်ခဲကျပ်တည်းမှုနဲ့ ရင်ဆိုင်နေရပါတယ်။

သွင်းကုန်လုပ်ငန်းရှင်တဦးက “ကုန်သည်ဆိုတာက ဈေးကွက်အတွက် လိုအပ်တာကိုပဲ သွင်းကြတာလေ။ မလိုအပ်တဲ့ပစ္စည်းကို အလုပ်ရှုပ်ခံပြီး ဘယ်သူမှမသွင်းဘူး။ ဟုတ်တယ်မလား။ အဲ့ဒါကို ဟိုဟာမသွင်းနဲ့၊ ဒီဟာမသွင်းနဲ့ လုပ်ရအောင် ကျနော်တို့ဆီမှာ အကုန်ထုတ်နိုင်လို့လား။ မထုတ်နိုင်တဲ့ အခြေအနေမှာတော့ ဈေးကွက်မှာ မပြတ်လပ်အောင် သွင်းဖို့လိုတာပေါ့။ ဟုတ်တယ်မလား။ ကိုယ့်ဆီမှာလဲ မထုတ်နိုင်၊ တင်သွင်းခွင့်လည်း မပေးဘူးဆိုရင် ဘယ်သူနစ်နာမလဲ။ စားသုံးသူပဲ နစ်နာမှာပေါ့။ ပိုဆိုးတာက မှောင်ခိုစနစ် ပေါ်လာပြီးတော့ ဈေးနှုန်းကလည်း ကြီးသေး၊ အရည်အသွေးကလည်း မမီ။ အဲ့ဒီလို ပြဿနာတွေ မပေါ်ပေါ်အောင် တမင်လုပ်နေတာလားလို့ တခါတခါ တွေးမိတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်တပ်က အာဏာမသိမ်းမီကာလက အခြေအနေတွေနဲ့ နှိုင်းယှဉ်ရင် မူဆယ်နယ်စပ် ကုန်သွယ်ရေးမှာ ပို့ကုန်သွင်းကုန် ပမာဏဟာ အရင်ကထက် ၇၀ ရာခိုင်နှုန်းကျော် ကျဆင်းမှု ရှိတယ်လို့ မူဆယ်အခြေစိုက် ကုန်သည်တွေက ဆိုပါတယ်။

“ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က အခြေအနေကိုတော့ ဘယ်လိုမှမမီသေးဘူး။ အခု တနေ့ကို ကုန်ကားစီးရေ ၂၀၀ ကျော်သွားတယ် ဆိုတာက ကြံကားတွေက အများစုပါ။ ဒါကလည်း ကြံရာသီ ဖြစ်နေတာကြောင့်လေ။ ကြံရာသီကလည်း မကြာမီ ပြီးဆုံးတော့မှာနော်။ ပြီးတော့ ဖရဲ၊ သခွား ကုန်ကားတွေကလည်း ၄ လပိုင်း သင်္ကြန်ကာလပြီးသွားပြီဆိုရင် သူတို့လည်း နည်းသွားပြီ။ ဆိုတော့ လက်ရှိ အများဆုံးသွားနေတဲ့ ပို့ကုန်ပစ္စည်းတွေက ရာသီပေါ်တွေပေါ့နော်။ ကျန်တာကတော့ ပဲမျိုးစုံ၊ ရေထွက်ပစ္စည်းတင်တဲ့ ကုန်ကားတွေပါ။ အရင်ကတော့ ဘာပဲပြောပြော နေ့စဉ် ပို့ကုန်တင်ပို့တဲ့ ကုန်ကားအစီးရေက ၄၀၀ ကျော် သွားတယ်။ အလားတူပဲ သွင်းကုန်ကားအစီးရေကလည်း ၄၀၀ ကျော် ပြန်ထွက်တာ တွေ့ရတယ်။ အဲ့တော့ တနေ့ကို ကုန်ကားစီးရေ ၈၀၀ နဲ့ ၁,၀၀၀ ကြား အဝင်အထွက် ရှိနေတာပါ။ အခုအခြေအနေကတော့ ပို့ကုန်ရော သွင်းကုန်ရော ကုန်ကားအစီးရေက ၂၀၀ ကျော်ပဲရှိတယ်။ ဒါကြောင့် စစ်တပ်က အာဏာမသိမ်းမီ အခြေအနေနဲ့ယှဉ်ရင် အများကြီး လျှော့ကျမှုရှိတာ တွေ့ရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိမူဆယ်နယ်စပ်ကုန်သွယ်ရေးမှာ မြန်မာဘက်က နေ့စဉ် ကုန်ကားစီးရေ ၂၀၀ ကျော် တင်ပို့မှုရှိတဲ့အထဲက ကြံ၊ ဖရဲ၊ သခွား ရာသီပေါ်သီးနှံတွေက အများဆုံးဖြစ်ပြီး ပဲမျိုးစုံ၊ နှမ်း၊ ဆီထွက်သီးနှံ၊ ရေထွက်ပစ္စည်းတွေကို တင်ပို့မှု ရှိနေတာပါ။

တရုတ်ပြည်ဘက်က ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတွေ၊ စက်မှုပစ္စည်းတွေ၊ ဆေးဝါးတွေ၊ အိမ်သုံးပစ္စည်းတွေနဲ့ စားကုန်သောက်ကုန်ပစ္စည်းတွေ တင်သွင်းတဲ့ ကုန်ကားအစီးရေ ၃၀ ကျော် ပြန်လည်ဝင်ရောက်မှု ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013