DVB Logo
Home
မြန်မာသတင်း
ရေစကြိုနှင့် မြိုင်မြို့တို့တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ စစ်တပ်မီးရှို့သဖြင့် ကင်ပွန်းခြုံရွာ အိမ်ခြေ ၁၀၀ ကျော်ဆုံးရှုံး
DVB
·
March 30, 2023
ရေစကြိုနှင့် မြိုင်မြို့တို့တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ စစ်တပ်မီးရှို့သဖြင့် ကင်ပွန်းခြုံရွာ အိမ်ခြေ ၁၀၀ ကျော်ဆုံးရှုံး
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့မှာ မတ်လ ၂၉ ရက် မနက်ပိုင်းက စစ်ကောင်စီရဲ့ အထိုင်စခန်းတခု တိုက်ခိုက်ခံရပြီး ရဲအရာရှိတယောက် သေဆုံးကာ ရဲတယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြင်းခြံ Black Tiger တပ်ဖွဲ့ - MBT ကနေ သိရပါတယ်။

ရေစကြိုမြို့ ကပ်ကျော်ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ အထိုင်စခန်းကို မတ် ၂၉ ရက် မနက် ၁၁ နာရီလောက်မှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာလို့ MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ ရဲအရာရှိတယောက်သေဆုံးပြီး ရဲ ၁ ယောက် အပြင်းအထန် ဒဏ်ရာရရှိကာ ရေစကြို ပြည်သူ့ဆေးရုံမှာ အရေးပေါ် ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း-၁၂၊ တပ်ခွဲ-၄ မီးတောက်တပ်ခွဲနဲ့အတူ တိုက်ခိုက်ခဲ့တာဖြစ်ပြီး သိမ်းဆည်းခံခဲ့ရတဲ့ MBT ရဲ့ အမှတ်-၂ စစ်ဆင်ရေးစခန်းအတွက် ဒုတိယအကြိမ် သွေးကြွေးဆပ်တဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

ရေစကြိုမြို့နယ်မှာ မတ် ၂၄ ရက်နဲ့ ၂၆ ရက်နေ့တွေမှာလည်း ရေစကြိုမြို့မရဲစခန်းနဲ့ စစ်ကောင်စီအထိုင်စခန်းတခု တိုက်ခိုက်ခံရပြီး ၂ ယောက်သေဆုံးကာ ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြင်းခြံ Black Tiger တပ်ဖွဲ့ကနေ သိရပါတယ်။

အလားတူ မကွေးတိုင်း မြိုင်မြို့မှာလည်း မတ် ၂၉ ရက် မနက်က စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တခု တိုက်ခိုက်ခံရပြီး ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိကာ စစ်ကောင်စီဘက်က ရမ်းကားပစ်ခတ်လို့ ပြည်သူ ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ပကဖ ကနေ သိရပါတယ်။

မြိုင်မြို့ စိမ်းစိုရုံးရှေ့မှာ ပြည်သူတွေကို စစ်ဆေးကာ ငွေညှစ်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေကို မတ် ၂၉ ရက် မနက် ၁၀ နာရီလောက်မှာ ဗိုလ်လင်းမြွေ ဦးဆောင်တဲ့ နံ့သာမြိုင်အဖွဲ့နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ မြိုင်ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၂ ယောက်ကို ထိရောက်စွာ ပစ်ခတ်နိုင်ပြီး မျက်စိရှေ့တင် လဲကျသွားတာတွေ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်သလို အထက ၂ ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ တပ်ကူရောက်လာလို့ ပူးပေါင်းတပ်ဖွဲ့က ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။

အထိနာသွားတဲ့ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်တဲ့အတွက် ထန်ပူးတောကျေးရွာမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူ ၁ ယောက် လက်မောင်းမှာ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကင်ပွန်းခြုံရွာမှာတော့ မတ် ၂၈ ရက် မနက်က စစ်ကောင်စီစစ်ကြောင်း မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၁၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စလင်းမြို့နယ်၊ ကင်ပွန်းခြုံကျေးရွာနားကို မတ် ၂၈ ရက် မနက် ၇ နာရီလောက်မှာ စစ်ကောင်စီဘက်က အင်အား ၂၀၀ လောက်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် PDF တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့ ကင်ပွန်းခြုံရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီနောက် မနက် ၉ နာရီလောက်မှာ စစ်ကောင်စီစစ်ကြောင်းက ကင်ပွန်းခြုံရွာထဲကို ဝင်ရောက်ပြီး ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၁၃၈ အိမ်ရှိတဲ့အနက် ၁၅ အိမ်ပဲ ကျန်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတယ်လို့ PDF-စလင်းက သတိပေးတဲ့အတွက် ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လေဖြတ်နေတဲ့ ဘိုးဘွားတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကိုတော့ PDF ရဲဘော်တွေက ဘေးကင်းရာကို ပို့ဆောင်ခဲ့ကြတယ်လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့လို့ လူဦးရေ ၅၀၀ လောက် မီးဘေးသင့်ခဲ့ကာ လက်ရှိအခြေနေမှာ PDF တပ်ဖွဲ့တွေက စားဝတ်နေရေး စီစဥ်ပေးထားပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အာဏာကို သိမ်းပိုက်ပြီးနောက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ မကွေးတိုင်အတွင်းက ကျေးရွာတွေကို စစ်ကြောင်ထိုးပြီး မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေပေါင်း ၉,၀၁၉ လုံး မီးလောင်ဆုံးရှုံးခဲ့ကာ တနိုင်ငံလုံးအတိုင်းတာနဲ့ အိမ်ခြေပေါင်း ၆၀,၄၅၉ အိမ်ကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ Data For Myanmar က မတ်လ ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013