
ယူကရိန်းအရှေ့ပိုင်း ကရာမာတော့စ်ခ်မြို့မှာ ရုရှားဘက်က ပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်းဗုံးတလုံးဟာ ခရီးသည်တင် ဘတ်စ်ကား ၂ စီးကို ထိမှန်ခဲ့တာကြောင့် အောက်တိုဘာ ၈ ရက်က အနည်းဆုံး လူအယောက် ၃၀ သေဆုံးကာ ၁၈ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီနောက် ရုရှားဟာ ရထားတွေ၊ ဘတ်စ်ကားတွေကနေ တံတားတွေ၊ ဆိပ်ကမ်းတွေ၊ ဓာတ်ဆီဆိုင်တွေနဲ့ ကုန်တင်သင်္ဘောတွေအထိ ပစ်မှတ်ထားပြီး ယူကရိန်းရဲ့ သယ်ယူပို့ဆောင်ရေး ယန္တရား ရပ်တန့်သွားအောင် တိုက်ခိုက်မှုတွေကို အရှိန်မြှင့်နေပါတယ်။
အခင်းဖြစ်ပွားရာဒေသရဲ့ အုပ်ချုပ်ရေးမှူးဖြစ်သူ ဗာဒင်မ် ဖီလက်ရှ်ကင် ကတော့ “ရုရှားဟာ အရပ်သားတွေကို တမင်တကာ ပစ်မှတ်ထားပြီး တိုက်ခိုက်နေတယ်” လို့ တယ်လီဂရမ်ပေါ်မှာ ရေးသားထားပါတယ်။
အခုလိုမျိုး “တကြိမ်တည်းတိုက်ခိုက်ရုံနဲ့ အားလုံး သေဆုံးစေနိုင်တာကြောင့် သူတို့အတွက် ခရီးသည်အပြည့် တင်ဆောင်လာတဲ့ ဘတ်စ်ကားတစီးဟာ ဆွဲဆောင်မှုရှိတဲ့ပစ်မှတ် ဖြစ်ပါတယ်” လို့လည်း ဖြည့်စွက်ပြောပါတယ်။
၂၀၂၂ ခုနှစ်တုန်းက ရုရှားရဲ့ အလုံးစုံကျူးကျော်မှု စတင်ပြီးနောက်ပိုင်း ယူကရိန်း ကောင်းကင်ယံမှာ အရပ်ဘက်လေယာဉ်တွေ ပျံသန်းနိုင်ခြင်း မရှိတော့ဘဲ ရထားတွေ၊ ဘတ်စ်ကားတွေနဲ့ ကုန်တင်ကားတွေကိုသာ အဓိကမှီခိုနေရတာ ဖြစ်ပါတယ်။
ဒါကြောင့် ယူကရိန်းဘက်က တင်ပို့နေတဲ့ ကုန်စည်ပမာဏရဲ့ သုံးပုံနှစ်ပုံနီးပါးကို ရထားတွေနဲ့သာ သယ်ယူနေတာဖြစ်ပြီး အဲဒီထဲမှာ သံမဏိပြားတွေ၊ ကောက်ပဲသီးနှံတွေနဲ့ ဟင်းသီးဟင်းရွက်ဆီတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ ရုရှားရဲ့ မျိုးဆက်သစ် ဒရုန်းတွေက ရွေ့လျားနေတဲ့ ရထားတွေနဲ့ ကားတွေကိုပါ ထိမှန်အောင် တိုက်ခိုက်နိုင်လာပြီ ဖြစ်ပါတယ်။
အရင်လိုမျိုး နှေးကွေးတဲ့ မောင်းသူမဲ့လေယာဉ်တွေ မဟုတ်တဲ့အတွက် အီလက်ထရောနစ် နည်းလမ်းအရ လိုင်းဖြတ်တောက်တာမျိုးနဲ့ ကြားဖြတ်ပစ်ချတာမျိုးတွေ အလွယ်တကူ လုပ်ဆောင်နိုင်ခြင်း မရှိတော့ပါဘူး။
အဲဒီ ဒရုန်းအသစ်တွေမှာ ဂျက်အင်ဂျင် တပ်ဆင်ထားပြီး ပိုမိုလေးလံတဲ့ ဗုံးတွေကို တင်ဆောင်နိုင်တဲ့အပြင် အဝေးကနေ လူကိုယ်တိုင် ထိန်းချုပ်မောင်းနှင်ရတာမျိုးပဲ ဖြစ်ပါတယ်။
ရုရှားဒရုန်းတစီးချင်းစီကနေ အချက်ပြ ဆက်သွယ်မှုတွေကို လက်ခံပြီး ပြန်ထုတ်လွှင့်ပေးနိုင်တာကြောင့် ကြားခံဆက်သွယ်ရေးကိရိယာလိုမျိုး ကြိုးမဲ့ကွန်ရက်စနစ်နဲ့ပါ ချိတ်ဆက်နိုင်ပါတယ်။
၂၀၂၆ ခုနှစ်ရဲ့ ပထမ ၈ လတာအတွင်း အရပ်သား အယောက် ၁၅,၂၈၀ အထိ သေဆုံး၊ ဒဏ်ရာရခဲ့တဲ့ အလျောက် ပြီးခဲ့တဲ့နှစ် ကာလတူထက် ၅၅ ရာခိုင်နှုန်း ပိုပြီးများပြားလာတဲ့အကြောင်း ကုလသမဂ္ဂ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။











