DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ရှိ ဘတ်စ်ကားဂိတ်အချို့တွင် လောင်းကစားဝိုင်းလုပ်ပြီး အုပ်စုဖွဲ့ လိမ်လည် လုယက်နေ
DVB
·
March 24, 2023
ရန်ကုန်ရှိ ဘတ်စ်ကားဂိတ်အချို့တွင် လောင်းကစားဝိုင်းလုပ်ပြီး အုပ်စုဖွဲ့ လိမ်လည် လုယက်နေ
Donate to DVB

ရန်ကုန်မြို့ရှိ ကားမှတ်တိုင်တချို့မှာ ခရီးသည်တွေ လိုင်းကားစောင့်နေတဲ့အချိန် ကားမှတ်တိုင်မှာ ဖဲသုံးချပ် လောင်းကစားပြုလုပ်ကာ အုပ်စုဖွဲ့ပြီး ဖုန်း၊ ပိုက်ဆံ၊ လက်ဝတ်ရတနာ စတဲ့ တန်ဖိုးကြီးပစ္စည်းတွေကို လောင်းကစားပုံစံအသုံးပြုပြီး အနုနည်းနဲ့ လုယက်မှုတွေ လုပ်နေကြတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူက ပြောပါတယ်။

ရန်ကုန်မှာ အလုပ်လာလုပ်သူတဦးက “နယ်ကပြန်လာပြီး အောင်မင်္ဂလာအဝေးပြေးမှတ်တိုင်မှာ ကားစောင့်နေတဲ့အချိန် လူ ၁၀ ယောက်လောက် လောင်းကစားဝိုင်းလို လုပ်နေတာကို ကြည့်မိရာကနေတဆင့် ကျနော့်ကို ၈၀,၀၀၀ နိုင်တယ်ဆိုပြီး လာပေးတာ၊ ကျနော်က မယူဘူး ငြင်းလိုက်တယ်။ ဘေးနားကလည်း လူတွေရှိပေမဲ့ မပြောရဲကြဘူး။ နောက်ပြီးတော့ ကျနော့်မှာပါတဲ့ ပိုက်ဆံတသိန်းကို အိတ်ထဲကနေ ယူနေကြတာ၊ ကျနော်က ပြန်လုယူပြီး ကားလာတာနဲ့ ကားပေါ်ပြေးတက်သွားခဲ့တာ ၃၀,၀၀၀ တော့ သူတို့ဆီကျန်နေခဲ့တာ ကြုံခဲ့ရတယ်” လို့ ပြောပါတယ်။

စစ်တပ်အာဏာမသိမ်းခင်ကာလမှာ အခုလို အုပ်စုဖွဲ့ လုယူမှုတွေဟာ အဝေးပြေးကားကွင်း အနီးမှာသာ ရှိတတ်ကြပေမဲ့ စစ်ကောင်စီလက်ထက် တရားဥပဒေစိုးမိုးမှု မရှိတဲ့အချိန်ကစပြီး ရန်ကုန်မြို့တွင်း လူစည်ကားရာ ဘတ်စ်ကားမှတ်တိုင်တွေမှာပါ ဖဲလိမ်ကစားနည်းတွေကို အသုံးပြုပြီး အနုနည်းနဲ့ လုယူမှုတွေ ပေါ်ပေါ်ထင်ထင် လုပ်လာတာဖြစ်တယ်လို့ ရန်ကုန်မြို့နေ ပြည်သူတဦးက ပြောပါတယ်။

မတ် ၂၃ ရက် ညနေပိုင်းက သမိုင်းလမ်းဆုံအကျော်၊ ကုလားကျောင်းမှတ်တိုင်မှာ အဖွဲ့တဖွဲ့က လောင်းကစားဝိုင်းလုပ်ကာ ပိုက်ဆံအတင်းထိုးပေးပီး ဝင်လုံးတာခံခဲ့ရတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ ခရီးသည်တဦးက ပြောပါတယ်။

“သူတို့က လူက ၇ ယောက်လောက်ရှိတယ်၊ ပိုက်ဆံက ၃၆,၀၀၀ ရယ်၊ ကျနော့်လက်ထဲက လက်စွပ်နှစ်ကွင်းကို အတင်းဆွဲချွတ်ယူသွားကြတယ်။ လူကလည်း ရှင်းနေတဲ့အချိန်ဆိုတော့ ဘာမှန်းမသိဘဲ ခံလိုက်ရတယ်။”

အုပ်စုဖွဲ့ လုယက်မှုလုပ်တဲ့အခါ လူအင်အား ၈ ယောက်အထိပါပြီး ဖဲချပ် ၃ ချပ်ကို ကိုင်ထားကာ အလယ်မှာ အနီစပ်ပါတာ တချပ်ထည့်ထားပြီး အဲဒီဖဲ ၃ ချပ်ကို မွှေနှောက်ပြီးတဲ့နောက် အနီစက်ရှိတဲ့ ဖဲချပ်ကို ရွေးနိုင်ရင် ပိုက်ဆံရတယ်ဆိုပြီး သူတို့အဖွဲ့ထဲကလူကပဲ ကားမှတ်တိုင်မှာရပ်နေတဲ့ လူတွေထဲက တဦးဦးကို အငိုက်ဖမ်းကာ အုပ်စုဖွဲ့ လုယက်တာ ဖြစ်ပါတယ်။

မျက်မြင်ကြုံတွေ့ရသူတဦးက “သူတို့အချင်းချင်း ဆော့နေတာကို ကြည့်နေတဲ့ ဘေးကတယောက်ယောက်ကို အငိုက်ဖမ်းပြီး ညီလေးအတွက်ဆော့ပေးလို့ နိုင်တာဆိုပြီး အတင်း ပိုက်ဆံယူ ဘာညာပြောတာ၊ နောက်တခါ ထပ်ဆော့တော့ ရှုံးသွားပြီ၊ ဘယ်လောက်ပေး ဘာညာနဲ့ မရရင် ရတာလုတာ။ သူတို့က အဖွဲ့နဲ့ဆိုတော့ ဘယ်သူ့မှ အကူအညီတောင်းလို့လည်း မရဘူး။ သူတို့အဖွဲ့နဲ့အတူ တက္ကစီသမားပါလာတဲ့အခါ လူကို ကားပေါ်တင်ပြီး မရ ရအောင်လုတာ” လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေကတော့ ခိုးဆိုးလုနှိုက်မှု၊ လိမ်လည်မှု၊ ရာဇဝတ်မှုတွေကို လျော့နည်းအောင်လုပ်ရမယ့်အစား နိုင်ငံတဝန်း မြို့နယ်အသီးသီးမှာ ဒုစရိုက်မှုတွေ၊ မူးယစ်ဆေးဝါးမှုတွေနဲ့ လောင်းကစားဝိုင်းတွေကို ဆက်ကြေးကောက်ပြီး လုပ်ကိုင်ခွင့် ပြုနေတာလည်း ဖြစ်ပါတယ်။

စစ်တပ်ရဲ့ တရားမဝင်အာဏာသိမ်းမှု နောက်ဆက်တွဲအနေနဲ့ လက်ရှိတိုင်းပြည်မှာ နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးကျဆင်းမှု၊ အလုပ်အကိုင် ရှားပါးမှုတွေကြောင့် ငွေကြေးလိမ်လည်မှု၊ ဒုစရိုက်မှုတွေ ဆက်တိုးလာနေပြီး ပြည်သူလူထုဟာ စိတ်ရောလူပါ မလုံခြုံမှုတွေ နေ့စဉ်ကြုံတွေ့နေရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013