DVB Logo
Home
မြန်မာသတင်း
ကျောက်တော်ရှိ စစ်ဘေးရှောင်စခန်းများကို စစ်ကောင်စီက ဖျက်သိမ်းခိုင်းပြီး ဒုက္ခသည်များကို အဓမ္မနေရပ်ပြန်ခိုင်း
DVB
·
March 23, 2023
ကျောက်တော်ရှိ စစ်ဘေးရှောင်စခန်းများကို စစ်ကောင်စီက ဖျက်သိမ်းခိုင်းပြီး ဒုက္ခသည်များကို အဓမ္မနေရပ်ပြန်ခိုင်း
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ မဟာမုနိ စစ်ဘေးရှောင်စခန်း အပါအဝင် စခန်း ၃ ခုကို စစ်ကောင်စီက မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းခိုင်းထားပြီး စစ်ဘေးရှောင်တွေကို အတင်းအဓမ္မ နေရပ်ပြန်ကြဖို့ ဖိအားပေးထားတယ်လို့ စစ်ဘေးရှောင်စခန်း တာဝန်ခံတွေဆီက သိရပါတယ်။

စခန်းတာဝန်ခံတဦးက “မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ဖျက်သိမ်းပေးဖို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတွေ မနေ့က လာပြောသွားတာ။ စခန်းတွေ ဖြိုပြီးတာနဲ့ နေရပ်ပြန်ကြဖို့ အမိန့်ပေးသွားတာ” လို့ ပြောပါတယ်။

ဖျက်သိမ်းပြီး အတင်အဓမ္မ နေရပ်ပြန်ဖို့ ဖိအားပေးခံနေရတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ မဟာမုနိစစ်ဘေးရှောင်စခန်း၊ ရှမ်းရွာစစ်ဘေးရှောင်စခန်းနဲ့ သိမ်ကျောင်းစစ်ဘေးရှောင်စခန်းတို့ ဖြစ်ကြောင်း စစ်ဘေးရှောင်တွေထံက သိရပါတယ်။

“သူတိုကတော့ နေရပ်ပြန်တဲ့ စစ်ဘေးရှောင် အိမ်ထောင်စုကို ငွေကျပ် ၆ သိန်းနဲ့ သုံးလစာ ရိက္ခာထောက်ပံ့ပေးသွားမယ်လို့ ပြောတယ်” လို့ စစ်ဘေးရှောင်တဦးက ​ပြောပါတယ်။

စစ်ဘေးရှောင်အများစုကတော့ နေရပ်ပြန်ချင်ကြပေမဲ့ စစ်ကောင်စီက ရပ်ရွာအနီး စစ်ကျန်လက်နက်နဲ့ မြေမြှုပ်မိုင်းတွေ ရှင်းလင်းမပေးသေးတဲ့အပြင် ကျေးရွာအနီး တပ်စွဲထားတာကြောင့် လွတ်လပ်စွာ သွားလာလုပ်စားခြင်း မပြုနိုင်ဘဲ စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့လာမှာကို စစ်ဘေးရှောင်တွေ စိုးရိမ်နေကြတာပါ။

ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်း ၁၀ ခုကျော်က စစ်ဘေးရှောင်ဦးရေ ၁,၁၇၀ ကျော် နေရပ်ပြန်ဖို့ စာရင်းပေးထားပေမဲ့ လက်ရှိ စစ်ကောင်စီမှာ ဘတ်ဂျက်မရှိသေးတာကြောင့် စစ်ဘေးရှောင် အိမ်ထောင်စု ၆၄၄ စုကို ပထမဆုံး နေရပ်ပြန်ခိုင်းနေတာဖြစ်တယ်လို့ ကျောက်တော်မြို့မှ စစ်ကောင်စီအဖွဲ့ဝင်တဦးက ဆိုပါတယ်။

စစ်ကောင်စီက ဖိအားပေး နေရပ်ပြန်ခိုင်းထားတဲ့ မဟာမုနိ စစ်ဘေးရှောင်စခန်းက အိမ်ထောင်စု ၄၄၃ စုက ၄၂၆ စု နေရပ်ပြန်ကြမှာဖြစ်ပြီး ကျန် ၁၇ စုကတော့ မဖျက်သိမ်းသေးတဲ့ ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှာ နေထိုင်သွားမှာဖြစ်ပါတယ်။

အလားတူ သိမ်ကျောင်းစစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စု ၂၆ စုရှိကာ ၉ စုမှာ နေရပ်ပြန်မှာဖြစ်ပြီး ကျန် ၁၇ စုကတော့ အနီးအနားရှိ သိမ်ပြင်ကျောင်း စစ်ဘေးရှောင်စခန်းမှာ နေထိုင်သွားမှာဖြစ်ပါတယ်။

ရှမ်းရွာစစ်ဘေးရှောင်စခန်းမှာတော့ အိမ်ထောင်စု ၄၃ စုရှိပြီး သူတို့အားလုံး မိမိနေရပ်ကို ပြန်ကြမှာဖြစ်တယ်လို့ စစ်ဘေးရှောင်စခန်း တာဝန်ခံတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီးတွေ ရခိုင်ရှိ စစ်ဘေးရှောင်စခန်းတွေကို သွားရောက်ကာ စစ်ဘေးရှောင်တွေ နေရပ်ပြန်ကြဖို့ ဖိအားပေး တိုက်တွန်းခဲ့ပြီးနောက် မြေပုံ၊ မင်းပြား၊ မြောက်ဦးနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေက စစ်ဘေးရှောင်စခန်းတချို့ကို ပိတ်သိမ်းပြီး စစ်ဘေးရှောင်တွေကို အတင်းအကျပ် နေရပ်ပြန်ပို့နေကြတာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ ၂ဝ၁၈၊ ၂ဝ၁၉၊ ၂ဝ၂ဝ နဲ့ ၂ဝ၂၂ ခုနှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ဦးရေ ၂ သိန်းကျော်အထိ ရှိခဲ့ပြီး လက်ရှိ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင် ၆၀,၀၀၀ ကျော် ရှိနေသေးကြောင်း ထွေအုပ်စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013