DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီလက်အောက်ခံ ကော်မရှင်ထံ မှတ်ပုံပြန်တင်သည့် နိုင်ငံရေးပါတီ ၃၈ ပါတီရှိလာ
DVB
·
March 23, 2023
စစ်ကောင်စီလက်အောက်ခံ ကော်မရှင်ထံ မှတ်ပုံပြန်တင်သည့် နိုင်ငံရေးပါတီ ၃၈ ပါတီရှိလာ
Donate to DVB

မတ်လ ၂၈ ရက်နေ့နောက်ဆုံးထားပြီး နိုင်ငံရေးပါတီတွေအနေနဲ့ ပြန်လည်မှတ်ပုံတင်ခွင့်ပြုမယ်လို့ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က အသိပေးထားပြီးတော့ လက်ရှိ  မှတ်ပုံတင် ပြန်လည်လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၃၈ ပါတီရှိလာပြီလို့ စစ်ကောင်စီက မတ်လ ၂၃ ရက် ဒီကနေ့ထုတ် သတင်းစာတွေမှာ သတင်းထုတ်ပြန်ပါတယ်။

မှတ်ပုံတင် ပြန်လည်လျှောက်ထားတဲ့ ပါတီ ၃၈ ပါတီထဲမှာ ပြည်ထောင်စုတဝန်းလုံး စည်းရုံးမယ့်ပါတီ ၉ ပါတီ၊ တိုင်းဒေသကြီး (သို့) ပြည်နယ်တခုမှာ စည်းရုံးမယ်ဆိုတဲ့ ပါတီ ၂၉ ပါတီ ဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် အချက်လက်တွေအရ သိရပါတယ်။

မတ်လ ၂၂ ရက်မှာ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီနဲ့ စစ်ကောင်စီအဖွဲ့ဝင် ဦးခင်မောင်ဆွေဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီတို့ မှတ်ပုံတင်ပြန်လျှောက်ခဲ့ပါတယ်။

မတ်လ ၂၁ ရက်မှာ လူ့ဘောင်သစ်ပါတီ (NSP)၊ မတ်လ ၂၀ ရက်မှာ ကချင်အမျိုးသားကွန်ဂရက်ပါတီ၊  ရခိုင်အမျိုးသားပါတီ (ANP) နဲ့ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ၊ မတ်လ ၁၇ ရက်နေ့မှာ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ ပြည်သူ့အလုပ်သမားပါတီတို့ ပါတီမှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ခဲ့ပါတယ်။

လာမယ့် အထွေထွေရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းကိုစည်းရုံးမယ့် ပါတီအနေနဲ့ ဝင်ယှဥ်ပြိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး ပါတီဥက္ကဋ္ဌကလည်း ပါတီထဲမှာ စည်းရုံးနေတာတွေရှိတယ်လို့ ရန်ကုန်မြို့က လူ့ဘောင်သစ်ပါတီ(NSP) ဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၅ အရ  စစ်အာဏာမသိမ်းခင်က မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ အခု ရက်ပေါင်း ၆၀ အတွင်း ပြန်လည် မှတ်ပုံပြန်မတင်ဘူးဆိုရင် ပါတီအဖြစ်ကနေ အလိုအလျာက် ပျက်ပြယ်မယ်ဆိုပြီး စစ်ကောင်စီက ရေးဆွဲပြဋ္ဌာန်းထားတာပါ။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) အပါအဝင် ပါတီတချို့ကတော့ ပါတီပြန်မှတ်ပုံတင်ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီတို့ကတော့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို အသိမှတ်မပြုသလို ပါတီကို မှတ်ပုံတင် ပြန်လျှောက်မှာ မဟုတ်ဘူးလို့လည်း ပြောထားပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ပါတီကလည်း အာဏာသိမ်း စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ထပ်မံကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲသစ်ကို လုံးဝ အသိအမှတ်မပြုတဲ့အကြောင်းနဲ့ နည်းမျိုးစုံနဲ့ ဆန့်ကျင်သွားမယ်လို့ သဘောထားကြေညာချက် ထုတ်ပြန်ထားပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေနဲ့ တရားမဝင်စစ်ကောင်စီကိုရော  သူတို့ခန့်အပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ကို လက်မခံ အသိအမှတ်မပြုဘူးလို့လည်း   ကြေညာထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013