DVB Logo
Home
မြန်မာသတင်း
ကျိုက်ထီးရိုးတောင်တွင် မြေမြှုပ်မိုင်းနင်းမိပြီး အထမ်းသမား ၁ ဦး သေဆုံး
DVB
·
March 23, 2023
ကျိုက်ထီးရိုးတောင်တွင် မြေမြှုပ်မိုင်းနင်းမိပြီး အထမ်းသမား ၁ ဦး သေဆုံး
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်တန်း၊ မြစိမ်းတောင်အနီးမှာ တောထဲ ဟင်းရှာသွားတဲ့ အရပ်သား အထမ်းသမားတစ်ဦး မြေမြှုပ်မိုင်းနင်းမိတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဒီဗွီဘီကို ပြောပါတယ်။

ကျိုက်ထီးရိုးဒေသခံ အသက် ၂၅ နှစ်အရွယ် ကိုခင်မောင်ထွေးဟာ ပြီးခဲ့တဲ့ မတ် ၂၁ ရက်နေ့ နေ့လယ်ပိုင်းက မြစိမ်းတောင်အနီး ပတ်ဝန်းကျင်မှာ မိသားစု စားဝတ်နေရေးအတွက် ပိန္နဲနဲ့ ဒူးရင်းသီးတွေ ရှာဖွေဖို့ ထွက်သွားခဲ့တာပါ။  

အဲဒီနောက် ကိုခင်မောင်ထွေး ပြန်မရောက်လာတာကြောင့် မတ် ၂၂ ရက်နေ့ ညနေပိုင်းက လိုက်လံရှာဖွေစဉ် မြေမြှုပ်မိုင်းထိပြီး သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တာပါ။

မြေမြှုပ်မိုင်း နင်းမိတာကြောင့် ကိုခင်မောင်ထွေးဟာ ညာဘက်ခြေချင်းဝတ် ပြတ်လုနီးပါး ဒဏ်ရာရရှိပြီး သွေးထွက်လွန်ကာ သေဆုံးခဲ့ပါတယ်။

ကိုခင်မောင်ထွေးဟာ ကျိုက်ထီးရိုးတောင်ပေါ်မှာ အထမ်းသမားအဖြစ် လုပ်ကိုင်သူဖြစ်ပြီး ကလေးငယ် ၂ ဦးနဲ့ ဇနီး ကျန်ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

သေဆုံးသွားတဲ့ ကိုခင်မောင်ထွေးရဲ့ ရုပ်အလောင်းကို ဒေသခံတွေ အပါအဝင် လူမှုကယ်ဆယ်ရေးအဖွဲ့ အကူအညီနဲ့ ကင်းမွန်ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ကျိုက်ထီးရိုးတောင်တန်း ပတ်ဝန်းကျင်ဟာ စစ်ကောင်စီတပ်အပြင် ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေလည်း စစ်ရေးလှုပ်ရှားတာတွေ ရှိနေတာပါ။

ပြီးခဲ့တဲ့နှစ် မတ် ၈ ရက်နေ့ကလည်း ကျိုက်ထီးရိုးတောင်အနီး တောထဲဟင်းရှာသွားတဲ့ အသက် ၁၄ နှစ်အရွယ် လူငယ် တစ်ဦး မြေမြှုပ်မိုင်းမိခဲ့တာကြောင့် ပြင်းထန်ဒဏ်ရာရရှိထားခဲ့ပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် တကျော့ပြန် မြေမြှုပ်မိုင်း ပေါက်ကွဲမှုတွေကြောင့် အရပ်သား ၅ ဦးထက်မနည်း သေဆုံးထားသလို ဒဏ်ရာရသူ ၁၀ ဦးနီးပါးအထိ ရှိလာခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013