DVB Logo
Home
မြန်မာသတင်း
ဝေါမြို့နယ်၊ ညောင်ခါးရှည်ဂိတ်တွင် ကားများ ရာချီပိတ်သဖြင့် ခရီးသွားများ အခက်ကြုံ
DVB
·
March 23, 2023
ဝေါမြို့နယ်၊ ညောင်ခါးရှည်ဂိတ်တွင် ကားများ ရာချီပိတ်သဖြင့် ခရီးသွားများ အခက်ကြုံ
1 / 2
Donate to DVB

ပဲခူးတိုင်း၊ ဝေါမြို့နယ်မှာရှိတဲ့ ညောင်ခါးရှည် စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ ကုန်တင်ကားနဲ့ ခရီးသည်တင်ကားတွေသာမက အိမ်စီးကားတွေကိုပါ X-Ray စက်နဲ့ လုံခြုံရေးတင်းကျပ် စစ်ဆေးနေတာကြောင့်  မတ်လ ၂၀ ရက်ကစလို့ ကားတွေ ရာနဲ့ချီ ပိတ်မိပြီး ခရီးသည်တွေအခက်ကြုံနေရပါတယ်။

ပုံမှန်အားဖြင့် အချိန် ၄ နာရီကျော်သာ ကြာမြင့်တဲ့ ရန်ကုန်-မော်လမြိုင် ခရီးဟာ အခုလို စစ်ဆေးမှုတွေကြောင့် သွားလာရတာ အချိန် ၁ ရက်နီးပါးလောက် ကြာပြီး ကုန်ကားတွေဆိုရင် ၂ ရက်၊ တညလောက် စောင့်ရတယ်လို့ ပုံမှန် သွားနေကျ ကားသမားတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်အတွင်း ရန်ကုန်-မော်လမြိုင် သွားခဲ့တဲ့ ကားသမားတစ်ယောက်က အချိန် ၁၃ နာရီကြာအောင် ညောင်ခါးရှည် ဂိတ်မှာ တန်းစီစောင့်ခဲ့ရတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

"လွန်ခဲ့တဲ့ နှစ်ရက်က တော်တော် ပိတ်တယ်။ မနက် ၇ နာရီက စစီတာ။ ည ၈ နာရီမှ စစ်တောင်း တံတားကို ရောက်တယ်။ ၁၃ နာရီ စီရတာပေါ့။ ဘာကြောင့် ပိတ်ရလဲဆိုတော့ သူတို့ လမ်းရှင်းတာ ဘယ်လိုဖြစ်လဲဆိုတော့ နည်းနည်း လိုအပ်ချက်ရှိတာပေါ့။ အရင်တုန်းက ရှင်းတဲ့ပုံစံနဲ့ နည်းနည်း ကွာသွားတယ်။ ကားကြီးတွေကို ၂ တန်း ပေးလိုက်တယ်။ ကားသေးတွေကလည်း ဟိုဘက်က ကျော်လာ၊ ဒီဘက်ကားသေး ကျော်လာဆို ခေါင်းချင်းဆိုင်သွားတယ်။ သူတို့ မရှင်းဘူး။ ၁ နာရီ၊ ၂ နာရီလောက် ကြာတော့မှ ထရှင်းတယ်။ ပြီးတော့ ပြန်ထိုင်တယ် အဲ့လိုတွေ ဖြစ်ကုန်တာပေါ့။"

ကိုယ်တိုင်ကြုံခဲ့တဲ့ ကားသမားတစ်ဦးကလည်း "အဓိကက သူတို့ ယာဉ်ကြောကို သေချာ မရှင်းပေးတာ။ စစ်တဲ့ဂိတ်မှာ ကားမရှိဘူး။ အလယ်မှာ ဗိုက်မှာ ကားတွေကျပ်ပြီး  တခြမ်းကို ငါးစီး ငါးစီး ငါးထပ် ဖြစ်သွားတာ။ ရန်ကုန်က လာတဲ့ ကားတွေ မော်လမြိုင်သွားလို့ မရ၊ မော်လမြိုင်က ကားတွေ ရန်ကုန် သွားလို့ မရ ဖြစ်ကုန်တာ။ ခေါင်းချင်းတွေ ဆိုင်ကုန်တာ။ အနည်းဆုံး ၅ မိုင်ကနေ ၈ မိုင်ကြား ပိတ်တာ။ Ambulance တောင် ဖြတ်လို့ မရဘူး။ သွားစရာလမ်း မရှိတော့တာ"လို့ ဒီဗွီဘီကို ပြောပါတယ်။

အခုလို ညောင်ခါးရှည် စစ်ဆေးရေး ဂိတ်မှာ အချိန်ကြန့်ကြာတာတွေကြောင့် ပြည်သူတွေအနေနဲ့ သွားလာရေး ဒုက္ခရောက်ပြီး စားသောက်ရေးနဲ့ ကျန်းမာရေး ကိစ္စတွေမှာလည်း အခက်အခဲတွေ ဖြစ်ရတယ်လို့ ကိုယ်တိုင် ကြုံရသူတွေက ပြောပါတယ်။

ခရီးသွားပြည်သူတစ်ဦးက "အခက်အခဲ ကြုံတွေ့ရတာ အများကြီးပေါ့။ နေပူထဲမှာ သွားတော့ ဒုက္ခရောက်တယ်။ ကလေးတွေ ပါတဲ့သူတွေဆို ကလေးတွေ အန်တယ်။ မူးတယ်။ မိန်းကလေးတွေဆို ကျန်းမာရေး ကိစ္စ အဆင်မပြေဘူး။ ကျန်းမာရေး ကိစ္စ သွားချင်ရင် ဆိုင်ကယ်တက်စီခ အသွားအပြန် ၁၀၀၀၀၊ ၁၂၀၀၀ ပေးရတယ်။ ရေသန့်ဘူးတွေ ရမလားလို့ နာရီဝက် ၄၅ မိနစ်လောက် သွားဝယ်ရတယ်။ အဓိက Express စီးတဲ့ ခရီးသည်တွေ အရမ်း ဒုက္ခရောက်တယ်။ ကားသေးတွေဆို ကျော်တက်လို့ ရသေးတယ်။ Express ခရီးသည်တွေဆို ၂ ရက်လောက်က ညလုံးပေါက် ဖြစ်သွားတယ်။ Express မောင်းသမားတွေ တော်တော် ဒုက္ခရောက်သွားတယ်"လို့  ပြောပါတယ်။

ညောင်ခါးရှည်ဂိတ်ကို ဖြတ်ကာ ကုန်စည်ပို့ဆောင်နေတဲ့ ကုန်တင်ကားတွေလည်း အရင်က တပတ်ကို ၃၊ ၄ ခေါက် မောင်းနှင်နိုင်ပေမယ့် အခုတော့ ၁ ခေါက်၊ ၂ ခေါက်လောက်ပဲ မောင်းနိုင်တော့တယ်လို့ ကားသမားတွေက ပြောပါတယ်။ အချိန်ကြာကြာ စောင့်ဆိုင်းရတာကြောင့် ဆီဖိုး အနိမ့်ဆုံး ၁ သိန်းကနေ ၁ သိန်းခွဲလောက်အထိ ကုန်ကျတာတွေ ရှိတယ်လို့ ကုန်တင် ကားသမားတွေဆီက သိရပါတယ်။

ဒါ့အပြင် အချိန်ကြာကြာ အထားမခံတဲ့ ကုန်ပစ္စည်းတွေဆိုရင် လမ်းမှာ ပုပ်သိုးတာမျိုး၊ အချိန်မီ မရောက်နိုင်တာမျိုးတွေ ကြုံရပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ညောင်ခါးရှည်ဂိတ်မှာ ဆီတင်ကားတွေ အချိန်ကြာ ပိတ်မိတာကြောင့် မော်လမြိုင်မြို့တွင်း စက်သုံးဆီ ပြတ်လပ်တဲ့ အခြေအနေတွေလည်း ကြုံခဲ့ရပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013