DVB Logo
Home
မြန်မာသတင်း
ရေး-သံဖြူဇရပ်ကားလမ်းတွင် စစ်ကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရ၊ ချောင်းကူးတံတား ဖျက်ဆီးခံရ
DVB
·
March 22, 2023
ရေး-သံဖြူဇရပ်ကားလမ်းတွင် စစ်ကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရ၊  ချောင်းကူးတံတား ဖျက်ဆီးခံရ
Donate to DVB

မွန်ပြည်နယ်၊ ရေး-သံဖြူဇရပ်ကားလမ်းရှိ သံဖြူဇရပ်မြို့နယ် ဝဲခမိနဲ့ ပျော်သာယာရွာကြားမှာ ရေးမြို့ကနေ သံဖြူဇရပ်ကိုလာတဲ့ စစ်ကောင်စီယာဥ်နှစ်စီးကို မတ် ၂၀ ရက် မွန်းလွဲ ၂ နာရီက ပျံလွှားအထူးတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပျံလွှားအထူးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဲဒီစစ်ကားနှစ်စီးဟာ ရေး-သံဖြူဇရပ် ကားလမ်းမတလျှောက်မှာ ကြိုတင်ကင်းပုန်းဝပ်လာတဲ့ ကားတွေဖြစ်ပြီး လောလောဆယ် ထိခိုက်သေဆုံးတာတွေ မသိရသေးဘဲ အသေအပျောက်များတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းဆွဲမတိုက်ခိုက်ခင် တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ဝဲခမိ အသံလွှင့်ကုန်းမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို 79 နှစ်လုံးနဲ့ ထပ်မံပစ်ခတ် တိုက်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလို မိုင်းဆွဲတိုက်ခိုက်အပြီးမှာ စစ်ကောင်စီ သံဖြူဇရပ် ဝဲခမိလေ့ကျင့်ရေးတပ်ဘက်က လက်နက်ကြီး ၁၀ ချက်မက ပစ်ခတ်သလို လမ်းကင်းသမားတွေကလည်း လက်နက်ငယ်တွေပါ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ရေး-သံဖြူဇရပ် ကားလမ်းမှာ တိုက်ခိုက်ခံရအပြီး ဘေးပတ်ဝန်းကျင် ရွာတွေဘက်ကို စစ်အင်အားထပ်ဖြည့်နေသလို ရေး-သံဖြူဇရပ် ကားလမ်းမှာ ကားတွေ နာရီအတော်ကြာ ပိတ်မိနေခဲ့တယ်လို့ သိရပါတယ်။

အခုဖြစ်စဥ်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးတွေ ရှိနိုင်ပေမဲ့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာပဲ ကျောင်းရွာကျေးရွာနဲ့ အိုင်ရှည်ကျေးရွာကို ဆက်သွယ်သွားလာနေတဲ့ ယာယီတံတား ဖျက်ဆီးခံရတဲ့အတွက် ဒေသခံတွေ သွားလာရေး အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီတံတားကနေ ရွာပေါင်း ၈ ရွာထက်မနည်း အဓိက ခြံထွက်ပစ္စည်းတွေ သယ်ယူရသလို စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးတွေကအစ အရေးအကြောင်းဆို မှီခိုသွားရတဲ့ တံတားဖြစ်တာကြောင့် အခုလို တံတားကို ဖျက်ဆီးမှတော့ ဘယ်လိုလုပ်ပြီး သွားရမှာလဲ” လို့ ဒေသခံတယောက်က ပြောပါတယ်။

ဒါ့အပြင် ကျုံလောင်းရွာဟောင်းဘက် ရေးတံတားကြီးကနေ သွားရပေမဲ့ ခရီးကဝေးသလို စစ်တပ်က လုံခြုံရေး အစစ်အဆေးကြမ်းတဲ့အတွက် သွားလို့ အဆင်မပြေဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၁၅ ရက်က အရပ်သားကားတစီးကို ရေးဘီလူးအဖွဲ့က ပစ်ခတ်ခဲ့သလို စစ်ကောင်စီတပ်နဲ့ ထပ်မံပစ်ခတ်တိုက်ပွဲဖြစ်ပြီးတဲ့နောက် ကျောင်းရွာကျေးရွာနဲ့ စုံပဒေါက်ကျေးရွာလမ်းကိုပါ စစ်ကောင်စီတပ်က ပိတ်ဆို့ထားသလို ကျောင်းရွာနဲ့ အိုင်ရှည် ကျေးရွာချင်းဆက် ချောင်းကူးတံတားကိုလည်း ဖျက်ဆီးလိုက်တယ်လို့ ဆိုပါတယ်။

ကျောင်းရွာ-အိုင်ရှည် ချောင်းကူးယာယီတံတားကို ဖြတ်သန်းသွားလာမရတဲ့အတွက် ကျောင်းရွာကျေးရွာအုပ်စုအတွင်းက ကမ်းနီ၊ ဖလံချောင်းဝ၊ ကိုင်းတော အိုင်ရှည်၊ ရစ်ချောင်းအပေါ် ရစ်ချောင်းအောက်၊ ဓမ္မပါလ၊ ကျုံလောင်းရွာဟောင်း စတဲ့ ကျေးရွာ ၁၀ ရွာထက်မနည်း သွားလာရေး အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။

ရေးမြို့နယ်ထဲက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ဖြတ်သန်းသွားလာမှု မပြုနိုင်အောင် စစ်ကောင်စီတပ်က အခုလို လမ်းပိတ်တာ၊ တံတားဖျက်ဆီးတာကို လုပ်ဆောင်တာ ဖြစ်တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

ကျောင်းရွာ-အိုင်ရှည်ရွာ ချောင်းကူးယာယီတံတားဟာ မိုးတွင်းကာလမှာ သွားလာခြင်းမရှိဘဲ ပွင့်လင်းရာသီကာလမှာ အဓိကသွားလာကြပြီး ကိုယ့်အားကိုယ်ကိုး ဒေသခံတွေ တည်ဆောက်ထားတဲ့ ယာယီချောင်းကူးတံတားတခုလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013