DVB Logo
Home
မြန်မာသတင်း
NUG ထိန်းချုပ်နယ်မြေတွင် လုပ်ငန်းများဆောင်ရွက်လိုပါက ကြိုတင်အကြောင်းကြား‌ရန် ပြည်တွင်း ပြည်ပအဖွဲ့အစည်းများကို အသိပေး
DVB
·
March 18, 2023
NUG ထိန်းချုပ်နယ်မြေတွင် လုပ်ငန်းများဆောင်ရွက်လိုပါက  ကြိုတင်အကြောင်းကြား‌ရန် ပြည်တွင်း ပြည်ပအဖွဲ့အစည်းများကို အသိပေး
Donate to DVB

ပြည်တွင်းအစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်နယ်မြေတွေအတွင်း စစ်တမ်းကောက်ယူတာ၊ ဖြတ်သန်းသွားလာတာတွေနဲ့ စီမံကိန်းလုပ်ငန်းတွေ ဆောင်ရွက်တာတွေအတွက်  သက်ဆိုင်ရာဝန်ကြီးဌာနတွေဆီ ကြိုတင်အသိပေးအကြောင်းကြား‌ပြီးမှသာ ဆောင်ရွက်သွားဖို့ အသိပေးထားပါတယ်။

မတ် ၁၇ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ NUG အစိုးရရဲ့ နယ်မြေဖြတ်သန်းသွားလာခွင့် အမိန့်ကြေညာစာမှာ ခုလိုဖော်ပြလိုက်တာဖြစ်ပြီး ပြည်သူ့နွေဦးတော်လှန်ရေး ၂ နှစ် ပြည့်လာတဲ့ အချိန်မှာ ပြည်သူ့ဦးဆောင်မှု၊ တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ပွဲဝင်မှုတို့ရဲ့ အသီးအပွင့်အဖြစ် NUG အစိုးရရဲ့ စိုးမိုးထိန်းချုပ်နယ်မြေတွေ ရရှိလာခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

NUG အစိုးရရဲ့ စိုးမိုးထိန်းချုပ်နယ်မြေတွေဟာ ဘယ်နေရာ ဘယ်မြို့နယ်တွေကို ပြောတာလဲဆိုတာကိုတော့ တိတိကျကျဖော်ပြထားတာ မရှိပါဘူး။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီရဲ့ လူမဆန်စွာ ရက်စက်ကြမ်းကြုတ်ယုတ်မာ မီးရှို့ သတ်ဖြတ်မှုတွေကြောင့် ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်များစွာ ဆုံးရှုံးနစ်နာနေရတဲ့အတွက် မြန်မာပြည်သူလူထုဟာ လူသားချင်းစာနာကူညီမှုတွေ များစွာလိုအပ်နေတယ်လို့ NUG အစိုးရက ပြောပါတယ်။

ဒါကြောင့်မို့ ဒုက္ခရောက်နေကြရတဲ့ ပြည်သူလူထုရဲ့ နစ်နာဆုံးရှုံးမှုတွေကို NUG အစိုးရအနေနဲ့ အတတ်နိုင်ဆုံး လူသားစာနာမှုအကူအညီတွေ ဆောင်ရွက်ပေးနေပြီး နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့လည်း NUG အစိုးရနဲ့ လက်တွဲပြီးတော့ ဝိုင်းဝန်ကူညီပေးကြဖို့လည်း တိုက်တွန်းထားတာပါ။

ခုလိုနယ်မြေဖြတ်သန်းသွားလာခွင့် အမိန့်ကြေညာစာထုတ်ပြန်တာကတော့ အမှန်စင်စစ် အကူအညီလိုအပ်နေတဲ့ ပြည်သူလူထုဆီ လူသားချင်းစာနာကူညီပေးမှုတွေ ထိထိရောက်ရောက် ပံ့ပိုးနိုင်ဖို့၊ ပေါင်းစပ်ညှိနှိုင်းမှုတွေ ဆောင်ရွက်နိုင်ဖို့နဲ့ တော်လှန်ရေးကာလဖြစ်တဲ့အတွက် လုံခြုံရေးဝန်ဆောင်မှုတွေ ပံ့ပိုးပေးနိုင်ဖို့စတာတွေကြောင့်ဖြစ်တယ်လို့ NUG အစိုးရက ပြောထားပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013