DVB Logo
Home
မြန်မာသတင်း
ချင်းအဆိုတော်များ သီဆိုသည့် “We are the world” ပြန်ဆိုတေး ကြည့်ရှုသူ ၂ သန်းရှိလာ
DVB
·
March 17, 2023
ချင်းအဆိုတော်များ သီဆိုသည့် “We are the world” ပြန်ဆိုတေး ကြည့်ရှုသူ ၂ သန်းရှိလာ
Donate to DVB

ချင်းနဲ့ မီဇိုအဆိုတော်တွေ ပြန်လည်ဆန်းသစ်သီဆိုခဲ့တဲ့ “We are the world” သီချင်းဟာ နှစ်သက်အားပေးမှုတွေ တခဲနက်ရရှိခဲ့သလို တလအတွင်း ကြည့်ရှုသူ ၂ သန်းပြည့်သွားတဲ့အထိ အောင်မြင်ခဲ့ပါတယ်။

ကြည့်ရှုသူ ၂ သန်းပြည့် အထိမ်းအမှတ် အစီအစဉ်ကို ဒီနေ့ မတ်လ ၁၇ ရက်မှာ အွန်လိုင်းကနေ တိုက်ရိုက်လိုက်ဖ်လွှင့်ပြုလုပ်ခဲ့ပြီး ပါဝင်သီဆိုခဲ့တဲ့ အဆိုတော်တွေကလည်း အမှတ်တရ စကားတွေ ပြောကြားခဲ့ပါတယ်။

“ဒီသီချင်းလေးကြောင့်ပဲ နိုင်ငံအသီးသီးမှာ ကျနော်တို့မြန်မာပြည်ရဲ့ အခြေအနေကို မသိသေးကြတဲ့သူတွေလည်း အများကြီးသိသွားတယ်ပေါ့နော်။ ဒါက ဒီသီချင်းရဲ့ အကောင်းဆုံးသော ရလဒ်တခုဖြစ်တယ်လို့ ကျနော်မြင်ပါတယ်” လို့ ဒီသီချင်းမှာ ပါဝင်သီဆိုခဲ့သူတယောက်ဖြစ်တဲ့ ဒေးဗစ်လိုင်က ပြောပါတယ်။

အဆိုတော် ဒေးဗစ်လိုင်ဟာ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံဘက်ကို တိမ်းရှောင်ခဲ့ရတဲ့ ချင်းလူမျိုး အဆိုတော်တယောက်ဖြစ်ပြီး နွေဦးတော်လှန်ရေးအတွက် တေးသီချင်းတွေကိုလည်း သီဆိုဖန်တီးခဲ့သူ ဖြစ်ပါတယ်။

ဒီသီချင်းမှာ ပါဝင်သီဆိုခဲ့သူ နောက်ထပ်အဆိုရှင်တယောက်ဖြစ်တဲ့ Jenevy Sui ကလည်း “အထူးသဖြင့် ကျမတို့နိုင်ငံမှာ ဝမ်းနည်းပူဆွေးရတဲ့ ကာလက ၂ နှစ်ကျော်ပြီပေါ့နော်။ ကျမကိုယ်တိုင်လည်း ဒီသီချင်းမှာ ပါဝင်သီဆိုခြင်းအားဖြင့် အများကြီး အားဖြစ်မိတယ်။ ဒီသီချင်းကို နားထောင်သူတွေအားလုံးလည်း ခွန်အားရမယ်။ ကျမတို့ နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်လည်း ပိုရှိလာမယ်။ ကျမတို့အားလုံး အတူတကွ စည်းစည်းလုံးလုံးနဲ့ ရပ်တည်နေတယ် ဆိုတာလည်း သိစေချင်တာပေါ့နော်။ ဒီလိုအရာက မျှော်လင့်ထားတာထက် ပိုအောင်မြင်တဲ့အတွက် ဂုဏ်ယူသလို အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။

We are the world ပြန်ဆိုတေးကို မြန်မာမှာ ဘာတွေဖြစ်ပျက်နေသလဲဆိုတာ ကမ္ဘာက သိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဖန်တီးခဲ့တာဖြစ်ပြီး လာမယ့်ဖန်တီးမှုအသစ်တွေကိုလည်း ဆက်လက်အားပေးကြဖို့ သီချင်းစီစဉ်သူ အဖွဲ့ဝင်တယောက်ဖြစ်တဲ့ Dadeo Cer က တိုက်တွန်းပါတယ်။

“အကုန်လုံးက တကယ့်ကို လှိုက်လှိုက်လှဲလှဲနဲ့ ဒီသီချင်းရဲ့ အနှစ်သာရ အပြည့်အဝကို တလုံးချင်းစီ ခံစားပြီး နားထောင်ကြတယ် ဆိုတာကို မြင်ရတယ်ပေါ့နော်။ မြန်မာပြည်အတွက် သီချင်းအားဖြင့် ဒီလိုလုပ်ဆောင်တာက ဘယ်လောက်တောင်မှ ကောင်းလဲပေါ့နော်။ စည်းလုံးခြင်းအတွက်ရော၊ ဒီသီချင်းဖြင့်လည်း မြန်မာ့အရေး ပိုသိရှိလာစေတယ်။ ကြည့်တဲ့ ပရိသတ်က အများကြီး အထောက်အကူပြုလို့ဆိုတာလည်း ပြောချင်တယ်။ အရမ်းကျေးဇူးတင်ပါတယ်။ နောက်ထပ် Project တွေလည်း လုပ်ဖို့ရှိတယ်။ အဲ့ဒါကိုလည်း အားပေးကြပါဦး။”

ကမ္ဘာကျော်အဆိုတော်တွေဖြစ်တဲ့ မိုင်ကယ်ဂျက်ဆင်နဲ့ လိုင်ရွန်နယ်ရစ်ချီတို့ အာဖရိကအငတ်ဘေး ကယ်ဆယ်ရေးရန်ပုံငွေရရှိဖို့ ရေးစပ်သီဆိုခဲ့တဲ့ ဒီသီချင်းကို ချင်းနဲ့ မီဇိုအဆိုတော်တွေက ပြန်လည်ဆန်းသစ်သီဆိုပြီး မြန်မာ့အရေး မီးမောင်းထိုး ပြသခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဒီသီချင်းကနေ ရရှိလာတဲ့ အကျိုးအမြတ် ငွေကြေးတွေကိုလည်း မြန်မာနိုင်ငံက ဒုက္ခရောက်နေသူတွေဆီကို ပံ့ပိုးသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013